Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, March 19, 2015

သံဃာများအား သွေးခွဲရန်အတွက် လုပ်ဆောင်နေကြောင်း ရွှေဝါရောင် ဦးဆောင်သံဃာတော်များ မိန့်ကြား

သံဃာများအား သွေးခွဲရန်အတွက် လုပ်ဆောင်နေကြောင်း ရွှေဝါရောင် ဦးဆောင်သံဃာတော်များ မိန့်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်တပ်အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲ လာပြီ ဖြစ်သော်လည်း လက်ရှိအချိန်တွင် အစိုးရ အနေဖြင့် သံဃာ အချင်းချင်း စည်းလုံးညီညွတ်မှု အား သွေးခွဲရန် ကြိုးစားနေပြီး သံဃာတော်များအား အကြည်ညို ပျက်စေရန် လုပ်ဆောင်လျက် ရှိကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင် သံဃာတော် အဖြစ် ပါဝင်ခဲ့သူ ဦးထာဝရက စက်တင်ဘာလ ၁၀ ရက်နေ့က မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

သံဃာတော်များအား သွေးခွဲသည် ဆိုခြင်းမှာ မဟာသန္တိသုခ ကျောင်းတော် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃာတော်များအား ဖမ်းဆီး အရေးယူခြင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများနှင့် သံဃာတော်များအကြား အမြင်မတူမှုများ ဖြစ်ပေါ်ခဲ့ခြင်းတို့ပေါ် အခြေခံ၍ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

““ဦးဇင်းတို့ ပြည်သူတွေက သံဃာတော်များကို အကြည်ညိုပျက်အောင် အစိုးရဟာ အမျိုးမျိုး လုပ်ဆောင် ဖန်တီးပြီး ဦးဇင်းတို့ရဲ့ စည်းလုံး ညီညွတ်မှုကို သွေးခွဲပစ်ဖို့ ကြိုးစားနေကြပါပြီ။ စစ်အစိုးရရဲ့ လူတစ်စု အာဏာ တည်မြဲရေး အတွက် သံဃာတော်တွေ၊ ပြည်သူတွေ နိုင်ငံရေးအသိ သိရှိနိုးကြား လှုပ်ရှားမှု မပြုနိုင်အောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်မယ့် အဆင်အပြင်တွေ တွေ့နေရပြီမို့ သတိပေးပါရစေ””ဟု နော်ဝေနိုင်ငံတွင် သီတင်းသုံးနေသူ ဆရာတော် ဦးထာဝရက မြန်မာသံတော်ဆင့်သို့ မိန့်သည်။

ဆရာတော် ဦးထာဝရမှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ဦးဆောင် ပါဝင်ခဲ့မှုဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရရာမှ ယခုအခါ နော်ဝေနိုင်ငံ၌ သီတင်းသုံး နေရခြင်း ဖြစ်သည်။ လက်ရှိတွင် ဦးသိန်းစိန် အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက် ရှိသည်မှာ မှန်ကန်သော်လည်း အချို့သော အစိတ် အပိုင်းများ တွင်မူ ဆိုးသည့်ဘက်သို့ ရောက်ရှိ နေကြောင်းလည်း ရွှေဝါရောင် ဦးဆောင် သံဃာတော် တစ်ပါးဖြစ်သည့် မောင်းတီးဆရာတော် ဦးသဒ္ဓမ္မက ယခုကဲ့သို့ မိန့်သည်။

““နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင်အနေနဲ့ ပြောရမယ်ဆိုရင် တချို့ အစိတ်အပိုင်းတွေတော့ ပြောင်းလာခဲ့တယ်။ ကြိုဆိုစရာ၊ လက်ခံစရာ ကောင်းပေမယ့် တချို့အစိတ်အပိုင်းက ပြောင်းလဲဖို့ အားနည်းခဲ့ပြီးတော့ အဆိုးဘက် ကို ဦးတည်သွားတဲ့ အပိုင်းတွေလည်း တွေ့ရတယ်လို့ ပြောရမှာပေါ့။ စစ်အစိုးရကနေ အရပ်ဘက် အစိုးရကို ပြောင်းလာတယ်။ သမ္မတကြီး ဦးသိန်းစိန် ပြုပြင်ပြောင်းလဲမှု၊ ကောင်းရာ ကောင်းကြောင်း ပြုပြင်ပြောင်းလဲမှု တို့က ရာခိုင်နှုန်း နည်းပြီးတော့ သန္တိသုခလိုမျိုး မဖြစ်သင့်တဲ့ ကိစ္စတွေပေါ့နော်။ ဘာသာအတွက်ရော၊ သာသနာ အတွက်ရော၊ ဗုဒ္ဓဘာသာ ပုံရိပ်အနေနဲ့ကော ထိခိုက် နစ်နာအောင် လုပ်တဲ့ လုပ်ရပ်မျိုးတွေဆိုရင် တော်တော်လေး အကျည်းတန်တယ်ပေါ့”” ဟု မောင်းတီး ဆရာတော် ဦးသဒ္ဓမ္မက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းအကြမ်းဖက် နှိမ်နင်းမှုအား သတင်းရယူခဲ့သူ ဂျပန်သတင်းထောက် ခန်ဂျီနာ ဂအိမှာလည်း စစ်တပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ထို့ပြင် သံဃာ့အရေးအခင်းအား အကြမ်းဖက် ဖြိုခွင်းမှုကြောင့် အချို့သော သံဃာတော်များမှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် သံဃာတော်များလည်း ရှိသည်။

““ရွှေဝါရောင် တော်လှန်ရေးက ဦးဇင်းတို့ သံဃာတွေဟာ မြန်မာပြည်မှာ နိုင်ငံရေးလုပ်ရင် ဘ၀ဆုံးကြ ရတာပါပဲ။ ထောင်ထဲမှာ သံဃာတွေ ဆေးထိုးခံရပြီး အပြင်ရောက် ပြန်တော့လည်း ဒုက္ခတွေ များပါတယ်။ ခက်ခဲတဲ့ဘ၀ကို ဦးဇင်းတို့ ဖြတ်သန်းပြီး မိသားစုဘ၀ ဆိုတာလည်း မရှိကြတဲ့ သံဃာတွေဟာ လမ်းဘေး ရောက်သွားတာ စိတ်မကောင်းပါဘူး။ ဒီအတွက် ရွှေဝါရောင် သံဃာတွေကို တတ်နိုင်သလောက် ကူညီပေးကြ ပါ”” ဟုလည်း စစ်အစိုးရ၏ ဖမ်းဆီးမခံရရန်အတွက် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသူ ဦးထာဝရက မြန်မာသံတော်ဆင့်သို့ မိန့်သည်။

ဝိုင်းမော်

မေ့လျော့ခံ ရွှေဝါရောင်နှင့် လူထုအောင်ပွဲအစစ်ဆီသို့ – အောင်ထွန်းလင်း

မေ့လျော့ခံ ရွှေဝါရောင်နှင့် လူထုအောင်ပွဲအစစ်ဆီသို့ – အောင်ထွန်းလင်း
သံဃာတော်တွေကို ဖြိုခွင်းဖို့အတွက် စွမ်းအားရှင်တွေ စုဆောင်းပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀အတွေ့အကြုံ
ဘာလိုလိုနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်ခဲ့တာ အခုဆိုရင် ၇ နှစ် သက်တမ်းကို ရောက်လို့လာပါပြီ။ ဒါပေမဲ့လည်း အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေရဲ့ တောင်းဆိုချက် တွေကတော့ ဒီကနေ့ အချိန်အထိ မေ့ပျောက် ခံထားရဆဲပါ။ ထို့အတူ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ သံဃာ့ခေါင်းဆောင် တွေဟာလည်း ပြည်ပကို ထွက်သူထွက်၊ လူထွက်သူထွက်နဲ့ ပြုတ်ပြုတ်ပြုန်းမတတ် ဖြစ်နေပါပြီ။ ကျန်ရှိနေသေးတဲ့ သံဃာတော် တွေကတော့ တတ်နိုင်သမျှ စွမ်းအားနဲ့ အခုအချိန်အထိ ရွှေဝါရောင် သံဃာတော်များ တောင်းဆိုချက်ကို စွဲကိုင်လို့ အစိုးရကို တောင်းဆိုနေကြဆဲပါ။ ဒါပေမဲ့လည်း အခုအချိန်အထိလည်း စစ်တပ်ယူနီ ဖောင်းချွတ် အရပ်သား အစိုးရကတော့ မသိသလို နေရင်းနဲ့သာ သမိုင်းကိုဖျောက်မယ့် အနေအထားမှာပဲ ရှိပါသေးတယ်။
မြန်မာနိုင်ငံမှာ သံဃာတွေ အုန်းအုန်းကျွက်ကျွက် ပါဝင်တဲ့ အရေးတော်ပုံဟေ့ ဆိုရင် ၁၉၈၈ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးပါ။ အထူးသဖြင့် သံဃာတော်တွေ ဦးဆောင်တယ်လို့ ပြောလို့ရတဲ့ အရေးတော်ပုံဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုပါ။ ပြည်သူတွေရဲ့ အထွေထွေ ကျပ်တည်းမှု၊ စစ်အစိုးရက ပခုက္ကူမှာ သံဃာတော်ကို ဓာတ်တိုင်မှာ ကြိုးချည် ရိုက်ခဲ့တဲ့ ကိစ္စတွေကနေ အကြောင်းပြုလို့ ဖြစ်ခဲ့တဲ့ အရေးတော်ပုံ လှုပ်ရှားမှုပါ။
ပြည်သူတွေအတွက် မေတ္တာပို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြတဲ့ သံဃာတော်တွေကို စက်တင်ဘာ ၂၆ ရက်မှာ ရန်ကုန်မြို့ရဲ့ အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်မှာ စစ်အစိုးရ တပ်တွေက အကြမ်းဖက် ဖြိုခွင်းမှု စတင်ခဲ့တာပါ။ ဒါတင်လား မဟုတ်ပါဘူး။ အဲဒီမှာ ဖြိုခွင်းခံရလို့ အရပ်ရပ်ကို ပျံ့နှံ့သွားပြီး ဆက်လက်ချီတက် မေတ္တာပို့ အမျှဝေကြတဲ့ သံဃာတော်တွေကို နေရာအနှံ့မှာလည်း အလားတူ အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ အနှံ့အပြားမှာ အခုလိုမျိုး ချီတက် လမ်းလျှောက် မေတ္တာပို့ အမျှဝေကြတဲ့ သံဃာတော်တွေကို နေ့ခင်း နေ့လယ်တွေမှာ အကြမ်းဖက် ဖြိုခွင်းခဲ့တာ မဟုတ်ပါဘူး။ ညပိုင်းတွေမှာလည်း လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့တဲ့ သံဃာတွေရဲ့ ကျောင်းတွေကို ၀င်စီးနင်း၊ ရိုက်နှက်ဖမ်းဆီး တာတွေကို လည်း တောက်လျှောက်ဆိုသလို လုပ်ခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ သံဃာတော်တွေကို နှစ်ရှည်ထောင် ဒဏ်ချ၊ ကျောင်းတိုက်တွေကို ချိပ်ပိတ်နဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုဟာ စစ်တပ်ရဲ့ သေနတ်ပြောင်းဝ အောက်မှာ အားပျော့ခဲ့ရတယ်။ ဖမ်းဆီးမခံရတဲ့ သံဃာတော် တချို့ဟာလည်း စစ်အစိုးရရဲ့ ဖိနှိပ်မှုကိုရတဲ့အားနဲ့ ဆက်လက် တွန်းလှန်မယ် ဆိုတဲ့စိတ်နဲ့ နယ်စပ်တွေကို ရှောင်ပုန်း၊ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံရင်း ရတဲ့နည်းနဲ့ ဆက်လုပ်ခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်အစိုးရ အာဏာပိုင်တွေ ဘက်က ၀ိနည်းနဲ့ မညီကြောင်း၊ သံဃာတုများသာ ဖြစ်ကြောင်း သတင်းမျိုးစုံ လွှင့်ခဲ့သလို လူမသိ သူမသိ နှိမ်နင်း ခဲ့မှုတွေကိုလည်း စဉ်ဆက်မပြတ် ဆိုသလို လုပ်ခဲ့ပါတယ်။ ဒါတင်လား မဟုတ်ပါဘူး။ သံဃာတော်တွေကို ဖြိုခွင်းဖို့အတွက် တစ်ရက် ဘယ်လောက်ဆိုပြီး ခေါ်ယူခဲ့တဲ့ စွမ်းအားရှင်တွေ စုဆောင်းပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာတွေ အများကြီးပါ။ ဒါပေမဲ့လည်း အခုလိုမျိုး သံဃာ့ အရေးအခင်း ဖြိုခွင်းခံရမှု ၇ နှစ်ပြည့်တဲ့ အချိန်အထိတော့ အစိုးရက မတုန်မလှုပ်နဲ့ တောင်းပန်တာမျိုး မရှိ၊ ဥပေက္ခာပြုထားဆဲပါ။
ပြည်ပမှာ ခိုလှုံနေရတဲ့ သံဃာတော်တွေနဲ့ ပတ်သက်လို့ စိတ်မကောင်းစွာဘဲ ကြားလိုက်ရတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ ၇ နှစ်ပြည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင် သံဃာတော် အဖြစ် ပါဝင်ခဲ့တဲ့ ဆရာတော် ဦးထာဝရ မိန့်ကြားလိုက်တဲ့ စကားတစ်ခွန်းပါ။
““စစ်အုပ်စုရဲ့အကြမ်းဖက် နှိမ်နင်းလိုက်လို့ ဟိုတစ်စု ဒီတစ်စု နယ်စပ် ဒေသဘက် ထွက်ပြေးကြရာ အစိုးရကို ပြန်တိုက်မယ်ဆိုပြီး ဦဇင်း ပြည်ပ ထွက်ပြေးခဲ့တာပါပဲ၊ တကယ်တော့ ဦးဇင်းရဲ့နိုင်ငံရေးဟာ အခုတော့ သေနေ ပါပြီ။ အဲဒါကြောင့် လူငယ်မျိုးဆက်တွေကို သတိပေးချင်တာကတော့ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း လုပ်ကိုင်တာထက် လူထုတစ်ရပ်လုံးက လေးစား ချစ်ခင်တဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု အောက်မှာ အားလုံးပါဝင်ပြီး ၀ိုင်းဝန်းပြီးတော့ လုပ်ကြရမှာပါ။ ကိုယ်ကျရာ နေရာကနေ တက်ညီလက်ညီနဲ့ ၀ိုင်းပြီး လုပ်မယ်ဆိုရင် တကယ့်လူထု အောင်ပွဲအစစ် ကို မြင်ကြရမှာပါ””လို့ ဆရာတော် ဦးထာဝရက မိန့်ကြား ခဲ့တာပါ။ ဦးထာဝရဆိုတာ သံဃာ့အရေးအခင်း အတွင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ ကိုယ်စားလှယ်အဖွဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ပါဝင်လှုပ်ရှားခဲ့တဲ့ သံဃာ့ခေါင်းဆောင် ရဟန်းတော် တစ်ပါးပါ။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ စစ်အစိုးရရဲ့ဖမ်းဆီးမှုကို ရှောင်ရှား ရင်းနဲ့ နော်ဝေနိုင်ငံမှာ သီတင်းသုံး နေရတဲ့ ဦးဆောင်သံဃာတော်ပါ။
ပြည်ပမှာ သံဃာတော်တွေ ရပ်တည်ရတဲ့ အနေအထားနဲ့ လုပ်ပိုင်ခွင့်ရတဲ့ အတိုင်းအတာ တစ်ခုအရသာ နိုင်ငံ့ အတွက် ဟောပြော နိုင်ပေမယ့်လည်း ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ကာလကလို ပြည်သူနဲ့ အနီးကပ် ထိတွေ့မှု နည်းပါး လာတာ၊ ကိုယ်ပြောပြချင်တဲ့ သတင်းစကားကို ဖြန့်ဝေနိုင်မှု အားနည်းလာတာ၊ သံဃာထု အချင်းချင်း အဆက်အသွယ် ပြတ်တောက်မှု များပြားလာခြင်းက စစ်အစိုးရကို ပြန်လည် တွန်းလှန်နိုင်ဖို့ အားနည်းခဲ့ရတဲ့ သဘောပါပဲ။
မည်သို့ပင်ဖြစ်စေ သံဃာ့ အရေးအခင်းကြီးကို အကြမ်းဖက်ဖြိုခွင်း ခံခဲ့ရတာ ၇ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ထိုနည်းတူ လက်ပံတောင်းတောင် လယ်တီသိမ်ကျောင်း ဖယ်ရှား မပေးရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တာဟာလည်း အခုဆိုရင် ၂ နှစ်နီးပါး ရှိနေပါပြီ။ ဒီအပြုအမူတွေ အပေါ်မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက တရားဝင် ၀န်ချတောင်းပန်တာ ဆိုလို့ အခုအချိန်အထိ မရှိသေးပါဘူး။
လွန်ခဲ့တဲ့ ၇ နှစ် ကာလက ပြည်သူတွေရဲ့ အထွေထွေ ကျပ်တည်းမှုက အခုအချိန် အထိလည်း ရှိနေဆဲပါ။ စားရမဲ့၊ သောက်ရမဲ့ ဘ၀တွေမို့ လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ မွေးကင်းစကလေး ငယ်တွေ၊ ကျောင်းနေအရွယ်မှာ စာသင်ခန်းကို စွန့်လို့ နွားနဲ့ဖက်ရုန်း နေရတဲ့ကလေးသူငယ်တွေ၊ မိဘ လက်ငုတ်ရင်း လယ်လေးနဲ့ အသက်ဆက် နေရတဲ့ ဘ၀တွေကို စီမံကိန်း အကြောင်းပြ သိမ်းယူတာကို မကျေနပ်လို့ ဆန္ဒပြမိတာကြောင့် ယောက်ျား သား တွေမှန်သမျှ ထောင်နန်းစံရပြီး ကလေးတွေနဲ့ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးငယ်တွေ ရှိနေဆဲပါ။ ဒါတင်လား မဟုတ်ပါဘူး။
အရပ်သား အစိုးရသာ ပြောင်းလာပါတယ်။ အထွေထွေ ကျပ်တည်းမှုအပြင် အထွေထွေ ဖိနှိပ်မှု တွေကလည်း ရှိနေဆဲပါ။ လယ်သိမ်းလို့ ဆန္ဒပြလို့ ထောင်ချ၊ မြေသိမ်းဆန္ဒပြလို့ တရားစွဲ၊ လယ်မြေသိမ်းတာကို ကူညီလို့ တရားစွဲ အမှုဆင်၊ လယ်သိမ်းလို့ ပြန်ဝိုင်း သေနတ်နဲ့ပစ် စတဲ့စတဲ့ ဖိ နှိပ်မှုတွေက အများကြီးပါ။ နယ်မြေဒေသ တွေသာ ကွာခြားပေမယ့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကို နေရာအနှံ့ ဆက်လုပ် နေဆဲပါပဲ။
ဆရာတော် ဦးထာဝရ မိန့်ခဲ့သလို ကျွန်တော်တို့တွေ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ လုပ်နေရင်ဖြင့် ဖိနှိပ်မှုတွေက ရပ်တန့်မှာ မဟုတ်သလို ပြည်သူတွေရဲ့ ချွတ်ခြုံကျ ဘ၀တွေလည်း ဒုံရင်း အတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ တိုးတက်တယ်လို့ အစိုးရက ပြောနေပေမယ့်လည်း လက်တစ်ဆုပ်စာ လူတန်းစား က ကြွယ်ဝရင်း ကြွယ်ဝ နေပေမယ့်လည်း ပြည်သူတွေကတော့ ထမင်းတစ်နပ်အတွက် အမောဖောက် နေရဆဲပါ။ ဒါကြောင့် အနယ်နယ် အရပ်ရပ်၊ အတန်းအစား ပေါင်းစုံက ဖိနှိပ်ခံ ပြည်သူတွေအနေနဲ့ ဘုရား သားတော် သံဃာတော်များ သွေးမြေကျ ကူညီဖေးမခဲ့ပေမယ့် ၇ နှစ်တိုင် မေ့ဖျောက် ခံထားရတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို နှလုံးမူလို့ မိမိတို့ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေနဲ့အညီ အထွေထွေ ကျပ်တည်းမှု၊ အထွေထွေ ဖိနှိပ်မှုတွေကို ဖယ်ရှား နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
မြန်မာသံတော်ဆင့်သတင်းဌာန

ကျနော့်အမျိုးသမီးမသိအောင်ဆန္ဒခိုးပြရတဲ့အကြောင်းအရင်းကတော့

ကျနော့်အမျိုးသမီးမသိအောင်ဆန္ဒခိုးပြရတဲ့အကြောင်းအရင်းကတော့

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်က သူနဲ့ကျနော် သမီးရည်းစားဖြစ်ခါစအချိန်လောက်ကပေါ့သူက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က Don Bosco Computer Institute မှာကျောင်းတတ်နေချိန်ကျောင်းဆင်းကျောင်းတတ်ကျနော်အမြဲအကြိုအပို့လုပ်ပေးရပါတယ်။

(သူကလုပ်ခိုင်းတာမဟုတ်ဘူး စိတ်မချလို့) သူအဆောင်ကနေ ကျောင်းကို ဘတ်(စ်) ၂ နာရီလောက်စီးရပါတယ်။တရက်ပေါ့ နယူးဒေလီက မြန်မာသံရုံးကိုဆန္ဒပြဖို့ကျနော်တို့ကျောင်းသားတွေစလုပ်တယ်။အကြောင်းအရာကတော့ဒေါ်အောင်ဆန်းစုကြည်ကို
ယပ်တော့ကိစ္စနဲ့နေအိမ်အကျယ်ချုပ်၁၈လပြန်ချလို့တော်တော်လေးဒေါသချောင်းချောင်းထွက်နေတဲ့အချိန်ပေါ့။

ချစ်သူဆီက ခွင့်ပြုမိန့်တောင်းတယ်။ သူကမသွားစေချင်ဘူး… ဒါက မြန်မာပြည်မဟုတ်ဘူးဘာမှမဖြစ်ဘူး…
ဆန္ဒပြပြီးထွက်ပြေးရင်လွတ်တယ်.. မြန်မာသံရုံးမှာ ပထမဆုံးပြတာမဟုတ်ဘူး ခဏခဏပြဘူးတယ်။ ဘာမှစိတ်မပူနဲ့ဆိုပြီး အမျိုးမျိုးစည်းရုံးရတာပေါ့။ ညနေကျောင်းကိုလာကြိုမယ်စောင့်နေလို့ပြောတော့မှ မတတ်သာလို့ ခွင့်ပြုလိုက်တယ်။
ဒီကငနဲ့သားတွေကလည်း ထွက်နေ့တဲ့ဒေါသတွေကို သံရုံးမှာ အမုန်းပေါက်ကွဲလိုက်ကြတာပေါ့။
သံရုံးမျက်နှာစာတခုလုံးစုတ်ပျက်သက်သွားတာပဲ။ သံရုံးရှေ့က Myanmar Embassy ဆိုတာတောင် ချမ်းသာမပေးဘူး။
နယူးဒေလီက သံရုံးဧရိယာက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာပါ။
ကျနော်တို့တွေအကုန်အဖမ်းခံရတယ်။ ညနေကျောင်းဆင်းချိန် ချစ်သူမောင်ကြီးလာအကြိုစောင့်နေရှာတဲ့ သူ့ခမျာ… သောကတွေရောက်လို့ပေါ့… အဖမ်းခံရတယ်လို့သိတော့ တော်တော်စိတ်ပူပြီး ဒေါသတွေကျနော်ကို ထွက်နေပါတော့တယ်။ သူအတန်တန်တားတဲ့ အထဲက သူစကားနားမထောင်လို့ အခုလိုဖြစ်တာ.. ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဖုန်းနဲ့ ဆူပါတယ်။ အချုပ်ခန်းထဲမှာ ဖုန်းခိုးဆက်နေတဲ့အချိန်ဆိုတော့ လွယ်လွယ်နဲ့ ကတိပေးလိုက်ပါတယ် နောက်ဆန္ဒမပြတော့ပါဘူး…( စိတ်ထဲကတော့ မြန်မာသံရုံးမှာပေါ့ )။
နောက်ဆုံးတော့ အိန္ဒိယတရားရုံးမှာ ကျနော်တို့ရှေ့နေ အလျောက်ကောင်းပါတယ်။ မြန်မာအစိုးရဘယ်လို ယုတ်မာတာ သူတို့ရဲ့ခေါင်းဆောင်ကို မတရားလုပ်လို့ သူတို့သံရုံးမှာ လူငယ်တွေပီပီ စိတ်လွတ်သွားကြတာပါ။ သူတို့တွေဟာ အိန္ဒိယရဲ့ ဥပဒေကို ချိုးဖေါက်ဖို့ လုပ်ခဲ့တာမဟုတ်ဘူး.. စသဖြင့်ပေါ့… နယူးဒေလီကတရားရုံးမှာ အင်္ဂလိပ်လို့ပြောတာဗျာ… ရှေ့နေတွေရော တရားသူကြီးတွေရော သတင်းထောက်တွေရော မိုက်သလားမမေးနဲ့…. နားထောင်လို့ကောင်းပါ့။
ကျနော်တို့အတွက်ရှေ့နေကို မဇ္ဈိမက ကိုစိုးမြင့်ကရှာပေးတယ်။ အာမခံနဲ့သက်သေကတော့ NCGUB က ဝန်ကြီးဒေါက်တာတင့်ဆွေပေါ့. သူလည်း တရားသူကြီးကို အင်္ဂလိပ်လိုပဲ မြန်မာအကြောင်းရှင်းပြခဲ့တာပေါ့။ ဆန္ဒပြတဲ့ ၂၅ ယောက်ကို တယောက်ကို ရူပီး (၂၀၀၀) စီဒဏ်ရိုက်ပြီးပြန်လွှတ်လိုက်တယ်။

အဲဒိတုန်းက အချုပ်ခန်းထဲမှာ အမှတ်တရပေါ့…
ပျင်းလို့ဖဲရိုက်ဖို့ ဖဲထုတ်မှာလိုက်တော့ အခု အော်စီမှာရောက်နေတဲ့ ကိုမြင့်မောင်က တကူတကယူလာပြီး အချုပ်ခန်းစောင့်တဲ့ရဲကို အပ်လိုက်သတဲ့….. ရဲကိုပေးခိုင်းတော့ ရဲကသိမ်းတာပေါ့။
DVB က အသံဖမ်းအင်ဂျင်နီယာ ကိုရန်ပိုင် (အခု US မှာ) သူကတော့ ဆေးလိပ်နဲ့ ကွမ်းယာခိုးပေးပါတယ်။ အချုပ်သားတွေထမင်းကို သူနဲ့ ကိုမြင့်မောင်လာပို့ပေးတာပါ။
နောက်တယောက်က အခုနော်ဝေမှာရောက်နေတဲ့ ဦးဇင်းအရှင်ထာဝရပေါ့.. ကျနော်ဘေးမှာအိပ်တာ… မနက်မိုးလင်းတော့ သူက သင်္ဃန်းမရှိတော့ပဲ ကျနော်က သင်္ဃန်းဝတ်လျှက်သားနဲ့ပါ။
မှတ်မှတ်ရရ အခုမန္တလေးမှာနေတဲ့ မောင်ပါသဲ အဖမ်းခံချင်လွန်းလွန်းအဖမ်းခံတာတောင် ကလေးဆိုပြီး ရဲက အကြိမ်ကြိမ်အဖယ်ခံရလို့ဒေါသထွက်ခဲ့ရသူပါ။
ဘာပဲဖြစ်ဖြစ် ကျာနော်အမျိုးသမီးကို ကျနော်ကတိပေးခဲ့တာ ဘယ်တော့မှ ဆန္ဒမပြဘူးလို့ပေးခဲ့တာမဟုတ်ပါဘူး။ မြန်မာသံရုံးမှာ ဘယ်တော့မှမပြတော့ဘူးလို့ပဲပြောခဲ့တာပါ။ အခုလည်း မြန်မာပြည်မှာသူကို အသိပေးခဲ့ရင် သေချာပေါက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ခွင့်ပြုမိန့်မတောင်းခံပဲ ခိုးပြလိုက်တာပါ။ နောက်ဆိုရင် ခွင့်ပြုမိန့်ကျိုတင်တော့မည်ဖြစ်ကြောင်းကတိပြုခဲ့ရပါတယ်။
အခုတော့ တချို့လည်း မြန်မာပြည်ပြန်ရောက်နေပါပြီဒ(ကြည်လင်း(ရန်ကုန်)၊ ဝင်းယုထွန်း(လိုင်ဇာ)၊ ဇေယျာထွန်း(ရန်ကုန်))
အတူတူအဖမ်းခံရတုန်းကရဲဘော်တွေအကုန်သတိရလျှက်
ဆလိုင်းကောင်းမြတ်မင်း

ကျွန်တော်သိသော လူငယ်တစ်ဦး



ကျွန်တော်သိသော လူငယ်တစ်ဦး
ကျွန်တော် သူ့ကို စတွေ့ဖြစ်တာ ဘတ်စ်ကားတစ်စီးပေါ်မှာပါ။ အဲဒီတုန်းက မတ်လ ၁၉ ရက်၊ ၂၀၁၀ သောကြာနေ့။ နယူးဒေလီမြို့ ဘတ်စ်ကားတစ်စင်းပေါ်က လူဝတ်ကြောင်တွေကြားထဲမှာ သင်္ဃန်းရုံထားတဲ့ သံဃာတစ်ပါးကို ဘယ်သူမဆို ချက်ခြင်း သတိထားမိမှာပါပဲ။ ကျွန်တော် သူ့ကို သေချာလေ့လာ ကြည့်မိလိုက်တယ်။ အညာသားတစ်ယောက်လို အသားညိုညို၊ အရပ်ခပ် ပြတ်ပြတ်နဲ့၊ ဝိုင်းစက်နေတဲ့မျက်လုံးတစ်စုံက တစ်စုံတစ်ခုကိုလုပ်ရင် သည်းကြီးမည်းကြီး၊ မလျှော့တမ်းလုပ်တတ်သူ လို့ ဖော်ပြနေသလိုပဲ။ စိတ်ထဲမှာ ဇဝေဇဝါတော့ ဖြစ်မိသား။ ငါတို့ဒီနေ့သွားမယ့် ကိစ္စမှာ ဒီကိုယ်တော် ဘာကြောင့်ပါလာသလဲပေါ့။ အဲဒီတုန်းက  ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ ဘာမှ မစပ်စုဖြစ်လိုက်ဘူး။ မြန်မာသံရုံးရှေ့မှာ ကျွန်တော်တို့ လူငယ်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့ သူလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာကို သတိထားလိုက်မိတယ်။ သိပ်မကြာခင်မှာပဲ ဒေလီရဲတွေ လာရောက်တားဆီးရင်းက ကျွန်တော်တို့ လူငယ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း အခြေအနေတွေ ရှုပ်ထွေးသွားပြီး နောက်ဆုံးတော့ ကျွန်တော်တို့အားလုံးကို အဲဒီ သံတမန်ရပ်ကွက်နဲ့ အနီးဆုံး ချနားကယားပူရိ ရဲစခန်းမှာ ထိန်းသိမ်းထားလိုက်ကြတယ်။ ၇၀ နီးပါးရှိတဲ့ လူအုပ်ကြီးထဲကမှ တက်ကြွသူတွေအဖြစ် သူတို့ သတ်မှတ်တဲ့ လူငယ် ၂၆ ယောက်ကို ထိန်းသိမ်းထားပြီး ကျန်တဲ့သူတွေကို အဲဒီညနေပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တယ်။ ဘယ်သူတွေများကျန်ခဲ့ကြတုန်းလို့ ဘေးဘီကိုကြည့်လိုက်တော့ ကျွန်တော်တို့ ၂၆ ယောက်ထဲမှာ သူလည်း ပါနေတာတွေ့လိုက်ရတယ်။
ကျွန်တော်တို့တွေကို အချုပ်ခန်းထဲသွင်းတော့ ပြဿနာက ပေါ်လာတော့တာပဲ။ ကျွန်တော်တို့လူဝတ်တွေက ဒီအတိုင်းဝင်ရပေမယ့် ရဲက သူ့ကို ပြဿနာရှာပြီလေ။ သင်္ဃန်း ချွတ်ရမယ်တဲ့။ အဲဒီတုန်းက တင်းမာသွားတဲ့ သူ့မျက်နှာဟာ နောက်ပိုင်း ကျွန်တော်သူနဲ့ရင်းနှီးပြီး တစ်ကြိမ်မှ မတွေ့ဖူးတဲ့ အမူအရာပါပဲ။ သူက သင်္ဃန်းချွတ်ဖို့ ငြင်းပါတယ်။ ရဲက အတင်းဖိအားပေးလာတော့ ကျွန်တော်တို့လည်း မနေနိုင်တော့ပါဘူး။ အထဲကနေအားလုံးအော်ကြ၊ ပြောကြပြီး စကားပေါက်တဲ့သူတွေက ရှင်းပြကြတာနဲ့ သူ သင်္ဃန်းရုံလျက်ပဲ အချုပ်ခန်းထဲကို အေးအေးဆေးဆေး ဝင်လာတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံးကို သူကပဲ အားပေးစကားတွေပြောပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်တော်တို့ကြားထဲမှာ ဝင်ထိုင်နေလိုက်တယ်။ အဲဒီအချိန်ထိ ကျွန်တော်သူ့ ဘွဲ့နံမည်ကို မသိသေးပါဘူး။
ကျဉ်းကျပ်လှတဲ့ အချုပ်ခန်းထဲမှာ အဲဒီညက ကျွန်တော်တို့ အယောက် ၂၀ ကျော်ဟာ အေးစက်နေတဲ့ သမံတလင်းမှာ ကော်ဇောပါးပါးပဲ ရှိတာမို့ ဘယ်သူမှ မအိပ်နိုင်ပါဘူး။ အားလုံးလိုလိုကိုယ့်ဖိနပ်ကိုယ်ခုထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြ၊ စကားတွေပြောကြတော့မှပဲ သူဟာ မြန်မာတစ်နိုင်ငံလုံး ဖိန့်ဖိန့်တုန်သွားရုံသာမက၊ ကမ္ဘာကပါ မြန်မာ့နိုင်ငံရေးကို အလေးထားစေခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ ထိပ်ဆုံးကပါဝင် လှုပ်ရှားသူ အရှင်ထာဝရဆိုတာကို သိလိုက်ရတာပါ။ အဲဒီရွှေဝါရောင်အရေးအခင်းတုန်းက ဦးဇင်းက အဖွဲ့ဝင်သံဃာ (၁၅) ပါးနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်များအဖွဲ့ ရဲ့ အထွေအထွေ အတွင်းရေးမှူးတာဝန်ကို အသက် (၂၃) နှစ်သားအရွယ်နဲ့ အံ့မခန်း တာဝန်ယူခဲ့သူပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီအရေးအခင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အားတက်သရော ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်နေတော့ ရင်ခုန်သံချင်းတူတဲ့ လူငယ်နှစ်ဦးရဲ့ ရင်းနှီးမှုဟာ စိတ်ညစ်စရာကောင်းလောက်အောင်  နုံခြာလှတဲ့ အချုပ်ခန်းလေးတစ်ခုအတွင်းမှာ မထင်မှတ်ပဲ အစပြုခဲ့တယ်။
အဲဒီနောက်ပိုင်းတွေမှာ နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ နိုင်ငံရေး၊ လှုပ်ရှားမှုတွေတိုင်းမှာ တက်တက်ကြွကြွ လှုပ်ရှားနေတတ်တဲ့ အရှင်ထာဝရဟာ သူစိတ်အားထက်သန်လှတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်ရင်း ၂၀၁၀ခုနှစ်အတွင်းကစပြီး  ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ နော်ဝေ-အင်္ဂလန်နိုင်ငံ စသဖြင့် ပြည်ပ ၂၆ နိုင်ငံ ခရီးစဉ်များအထိပါ ထွက်ခွါသွားလာနေခဲ့ပါပြီ။ နယူးဒေလီမြို့မှာလည်း မြန်မာနိုင်ငံသားများအတွက် အကျိုးပြုလုပ်ငန်းတွေအဖြစ် စာကြည့်တိုက်ဖွင့်လှစ်ပေးတာမျိုး၊ လူငယ်များနိုင်ငံရေးအသိစိတ်ဓါတ် နိုးကြားရှင်သန်စေမယ့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေပြုလုပ်ပေးခြင်းမျိုး၊ ရွှေဝါရောင်တော်လှန်ရေးမှ သင်ခန်းစာများ ကို လူငယ်များအား ပြန်လည်ဝေငှပေးခြင်း စတဲ့ လုပ်ငန်းတွေကို အားတက်သရော ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။
ဘဝတကွေ့မှာ မထင်မှတ်ဘဲတွေ့ဆုံမိခဲ့ဖူးသမျှ လူငယ်တွေထဲမှာ အရှင်ထာဝရကို အင်မတန်ထူးခြားတဲ့ လူငယ်အဖြစ် ကျွန်တော် အမှတ်မထားဘဲ မနေနိုင်ပါဘူး။ သူဟာ ဖြစ်ချင်တာတစ်ခုကို စလုပ်ပြီဆိုတာနဲ့ အဲဒီပန်းတိုင်မရောက်မချင်း သည်းကြီးမည်းကြီး အားစိုက်လုပ်ကိုင်တတ်ပေမယ့်၊ ဗုဒ္ဓဘာသာ ရဟန်းတပါးပီပီ သည်းခံနိုင်စွမ်းလည်း ကြီးလှသူအဖြစ် သတိထားမိပါတယ်။ နယူးဒေလီက မြန်မာဒုက္ခသည်တွေ နေထိုင်တဲ့ ဆင်းရဲသားရပ်ကွက်တွေထဲမှာ ချွေးတလုံးလုံးနဲ့ ဟိုဒီသွားလာနေတတ်တဲ့ ဦးဇင်းဟာ အိန္ဒိယဒေသခံတွေရဲ့ မသိနားမလည်စွာ ဆက်ဆံခံရတာမျိုးတွေကို သည်းညည်းခံပြီး၊ အပြုံးပျက်ခဲ့သူ မဟုတ်ပါဘူး။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ အရှင်ထာဝရဟာ အိန္ဒိယကနေ ထွက်ခွါသွားပြီး နော်ဝေနိုင်ငံမှာ သွားရောက်အခြေချ နေထိုင်ပြီး နိုင်ငံရေးလုပ်ငန်းတွေကို တိုးတက်ကြိုးစားလုပ်ကိုင်နေခဲ့ပါတော့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သိပ်မကြာခင်ပဲ ကျွန်တော့လုပ်ငန်း ကိစ္စတွေနဲ့ အိန္ဒိယကနေ ထွက်ခွါသွားပြီး အရှင်ထာဝရနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ ၂၀၁၃ ဇူလိုင် မှာပဲ ဦးဇင်းနဲ့ အဆက်အသွယ်ပြန်ရတော့ သူဟာ မြန်မာပြည်တွင်းမှာ ကွန်ပျူတာပညာဒါနကျောင်းတစ်ခု ဖွင့်ပေးနိုင်တဲ့အထိ လူမှုရေးလုပ်ငန်းတွေကိုပါ တွဲဘက် လုပ်ကိုင်နေနိုင်တာကို အံ့သြဝမ်းသာစွာ သိလိုက်ရပါတော့တယ်။ တစ်ချိန်က မြန်မာပြည်မှာ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ ရှေ့ဆုံးကနေ ရဲရဲတောက်ခေါင်းဆောင်ပြီး၊ စစ်တပ်ရဲ့ လူမဆန်စွာ ပစ်ခတ်ဖြိုခွဲခဲ့မှုတွေကြားက သွေးတွေ၊ချွေးတွေနဲ့ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လှတဲ့ လူငယ်တစ်ယောက်ဟာ သူရှာဖွေနေခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေဆဲပဲဆိုတာ သိလိုက်ရလို့ ကျွန်တော်တို့ မြန်မာနိုင်ငံသား လူငယ်တွေအားလုံးကိုယ်စား ဂုဏ်ယူရလျက်ပါ။ ဟုတ်ပါတယ် ကျွန်တော်သိတဲ့ အရှင်ထာဝရ ဟာ လူငယ်တွေအတွက် စံပြုရမယ့် မြန်မာ့မျိုးချစ် လူငယ်စစ်စစ်တစ်ဦးပါ။
                                                                                                ဖိုးသား (ကလေး)
                                                                                         ခေတ္တ - ကချင်ပြည်နယ်