စင်္ကာပူ - စင်္ကာပူရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ခုလို စကားပြောခွင့်ပေးတဲ့ ဒေါ်စုကို ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် - ဟုတ်ကဲ့ ရပါတယ်။
စင်္ကာပူ - ကျွန်တော်တို့ ဒီနေ့ စင်္ကာပူမှာ ပြည်ထောင်စုနေ့ အခမ်းအနားတစ်ခုကျင်းပပါတယ်။ ပြည်ထောင်စုနေ့နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြိုကိုလည်း ကျင်းပပါတယ်။ စင်္ကာပူရောက်မြန်မာအများစုဟာ Economic Migrate တွေ များပါတယ်။ Professional ရော အလုပ်သမားတွေပါ မြန်မာမိသားစုအားလုံး သိန်းဂဏန်းလောက် နေထိုင်ကြပါတယ်။ ဒီနေ့ဒေါ်စုကို ပြောချင်တဲ့ အချက်သုံးချက်ရှိပြီး ပထမဆုံးအချက်ကတော့ ဒေါ်စုချမှတ်လိုလားတဲ့ လူမှုကွန်ရက်ထဲမှာ ကျွန်တော်တို့ စင်္ကာပူရောက်မြန်မာများကလည်း ပါဝင်ဖို့အတွက် အပြည့်အ၀အင်အားပြုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
စင်္ကာပူ - ပြည်တွင်း Network အပြင် ပြည်ပနိုင်ငံအသီးသီးနဲ့လည်း ဆက်သွယ်ဖို့အတွက်လည်း အဆင်သင့်ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်စုအနေနဲ့ အကြံဥာဏ် ညွှန်ကြားချက်လေး ပေးပါခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည် - အဓိက အရေးကြီးတာ ပြည်ပကဆိုရင် ညီညွတ်မှု ရှိဖို့ပေါ့နော်။ နောက်တစ်ခုက ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း ကူညီရိုင်းပင်းကြတယ် ဆိုတာမျိုးကို ဖြစ်စေချင်ပါတယ်။ ဥပမာဆိုရင် စင်္ကာပူမှာ လာပြီး အလုပ်လုပ်တဲ့သူတွေမှာ ပြဿနာရှိတယ်ဆိုရင် အချင်းချင်းဝိုင်းပြီး အကူအညီပေးတာ၊ Social Group လူမှုရေးအထောက်အပံ့ပြု၊ လူမှုရေးအကူအညီအဖွဲ့လိုမျိုး စင်္ကာပူမှာ စပြီးလုပ်စေချင်တယ်။ အဲဒီကနေတဆင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆက်စပ်ပြီးတော့ Network လို သဘောမျိုးပေါ့။ အဲလို အဖွဲ့လေးတွေကို လုပ်စေချင်ပါတယ်။ ဥပမာ ထိုင်းတို့၊ မလေးရှားတို့မှာဆို အကြောင်းကြောင်းကြောင့် အကျဉ်းကျနေတဲ့သူတွေရှိတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်၊ ကျွန်မတို့က ကျွန်မတို့ နိုင်ငံသား အချင်းချင်းကို ကူညီစေချင်တယ်။ ရာဇ၀တ်မှု ဆိုရင်တောင်မှ တရားဥပဒေအရ လိုက်ပေးမယ့် ရှေ့နေငှားပေးတာတို့၊ ထောင်ကျသွားပြီး အကျဉ်းကျသွားပြီဆိုရင်တောင် ထောင်ဝင်စာ သွားမယ့်လူတွေရှိတာတို့၊ နောက်ပြီးတော့ သူတို့ရဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မိသားစုတွေနဲ့ အဆက်အသွယ်လုပ်ပေးတာတို့ ၊ အဲလိုဟာလေးတွေနဲ့ စပြီးပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ညီညွတ်မှုကို ထူထောင်စေချင်ပါတယ်။
စင်္ကာပူ - ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့အားလုံး မှတ်ထားပါတယ်။ ကျွန်တော်တို့အဲလို အဖွဲ့ဖွဲ့ပြီးတော့ ဒေါ်စု ခုနက အကြံပေးသလို အကူအညီအထောက်အပံ့တွေ ပေးဖို့ ဆန္ဒရှိပါတယ်။ ဒုတိယအချက်ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက NLD ကနေ ထုတ်ပြန်လိုက်တဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် ထုတ်လုပ်လိုက်တဲ့ ကြေငြာချက်ကို စင်္ကာပူရောက်ဒီမိုကရေစီ အင်အားစုတွေအားလုံးက အကြွင်းမဲ့ လက်ခံ သဘောတူပါတယ်ခင်ဗျ။ ဒီသဘောထားကြေငြာချက်ကိုလည်း Print out ထုတ်ပြီး နီးစပ်ရာလိုက် ဝေငှနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကိုလည်း အကြံဥာဏ်ပေးချင်တယ်ဆို ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီးပွားရေး ပိတ်ဆို့မှုဆိုတာ အမြဲပဲ ဒီပုံစံရှိနေရမယ် မဟုတ်ပါဘူး။ အကယ်၍ ကျွန်မတို့ နိုင်ငံအတွက် အကျိုးဖြစ်မှာ၊ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေအတွက် စီးပွားရေးအရလည်း ဘာမှအထိမနာပဲ နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းမှာတွေ ရှိတယ်ဆိုရင်လည်း ကျွန်မတို့ကို အကြံပြုစေချင်ပါတယ်။
စင်္ကာပူ - တတိယအချက်ကတော့ ခုနက ဒေါ်စု ကျွန်တော်တို့ကို အကြံပေးသလိုပါပဲ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးစီကို NLD ကနေ မဲဖောက်စနစ်နဲ့ ကူညီပံ့ပိုးနေတာကို ကြားသိရပါတယ်။ အဲဒီအစီအစဉ်ကို ၀ိုင်းဝန်းပံ့ပိုးကူညီဖို့ ဆန္ဒရှိပါတယ်။ အဲဒါအပြင် ရေရှည်စီမံကိန်းအရ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုထဲက သားသမီးများရဲ့ အသက်မွေးဝမ်းကျောင်းကိစ္စကို ကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်စုထံမှ အကြံပေးချက်တွေကို လိုအပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် - အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို မဲနှိုက်ပြီးတော့ တာဝန်ယူမယ်ဆိုတာသိရလို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လို့ ဒီကိစ္စကို စနစ်တကျလေး လုပ်စေချင်ပါတယ်။ ဘာပဲ ပြောပြော ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေရော ၊ အဲဒီကမှတဆင့် ပြည်သူပြည်သားတွေကိုရော တာဝန်ရှိစေချင်တယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေ ဘယ်သူ့ကိုမှ အလကားပေးတယ် ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အကြောင်းကြောင်းကြောင့်သာ ပေးရတာ။ လူတိုင်းလူတိုင်းဟာ သူ့ရဲ့ လုပ်အားနဲ့ ရတယ်ဆိုတာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေဟာ တကယ့်ကိုပဲ အကူအညီလိုနေပါတယ်။ သူတို့ရဲ့ မိသားစုတွေကို ကူညီတဲ့နေရာမှာဆိုလို့ ရှိရင် ရေတိုအနေနဲ့ မဟုတ်ပဲနဲ့ ရေရှည်အစီအစဉ်တွေနဲ့ လည်းကူညီစေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့ ပြည်တွင်းက လူမှုအထောက်အကူကတော့ အကျဉ်းသားမိသားစုတွေရဲ့ သားသမီးများ ပညာရေးကို ဦးစားပေးပြီးလုပ်ပါတယ်။ ဒါကတော့ ရေရှည်ပေါ့နော်။ သူတို့ ပညာမတတ်လို့ မဖြစ်ဘူး။ နောင်တစ်ချိန်မှာ ပညာတတ်လာတဲ့အခါ တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ်။ တိုင်းပြည်အတွက် ပိုပြီးတန်ဖိုးရှိတဲ့ လူငယ်တွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ အဲလိုကိစ္စမျိုးကို ဦးတည်ပြီးတော့ လုပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီတဲ့နေရာမှာ အရေးအကြီးဆုံးကတော့ ကျန်းမာရေးပေါ့။ အဲဒီကျန်းမာရေးကို အဓိကထားပြီး ကူညီစေချင်ပါတယ်။ ပြည်ပကနေ ကူညီနိုင်မယ့်လူတွေကတော့ အကျဉ်းသားတွေရဲ့ သားသမီးများ ပညာရေးပေါ့၊ အဲဒါကို အဓိကထားပြီး ကူညီစေချင်ပါတယ်။
စင်္ကာပူ - ဟုတ်ကဲ့ပါ ခင်ဗျ။ အခု ဒေါ်စုပြောသွားတာတွေကို သေသေချာချာမှတ်သားပြီး စင်္ကာပူနဲ့ မလေးရှားမှာ ရှိနေတဲ့ အဖွဲ့တွေ ပူးပေါင်းလို့ အကူအညီပေးနိုင်ဖို့ ကြိုးစားပါမယ်ခင်ဗျ။ ဒေါ်စုအနေနဲ့ တခြား ဘာများ မှာကြားချင်ပါသေးသလဲ ခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည် - နောက်တစ်ခုအရေးအကြီးဆုံးက ပြည်ပနိုင်ငံများကနေပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို သိရှိနားလည်ဖို့အတွက်ကို အမြဲပဲ မျက်လုံးဖွင့် နားစွင့်လို့ နေရအောင်လို့ တတ်နိုင်တဲ့ နည်းနဲ့ လုပ်ပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေ၊ နိုင်ငံရဲ့ အခြေအနေကို ကမ္ဘာက သိလာတဲ့အခါ ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာက ပိုပြီး သိလာနိုင်မှာပါ။ အဲဒီအထဲမှာ တိုင်းရင်းသားတွေရဲ့ အရေးကလည်း သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသားတွေထဲမှာ မြန်မာတွေလည်း ပါပါတယ်။ မြန်မာတွေကတော့ လူဦးရေ အများဆုံးတိုင်းရင်းသားပေါ့။ အဲဒီတိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွှတ်ကြဖို့ ကျွန်မတို့ အများကြီး ကြိုးစားရပါမယ်။ ဒါဟာ အလိုလိုဖြစ်လာမှာ မဟုတ်ပါဘူး။ မိုးပေါ်ကနေ ကျလာမယ့် အရာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ လုပ်ယူမှ ဖြစ်မှာပါ။
စင်္ကာပူ - စီးပွားရေးပိတ်ဆို့မှုဟာ ပြည်သူတွေကို ထိခိုက်မှုမရှိပါဘူးဆိုတဲ့ အချက်ကို ပြည်ပကို ရောက်နေတဲ့ အတတ်ပညာရှင်တွေရော သာမန်ပြည်သူတွေပါ ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် ဒီထက်ပိုပြီး အသေးစိတ် ပြောပြပေးပါခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည်- ကျွန်မတို့ အဲလို အသေးစိတ်လုပ်ဖို့လည်း စီစဉ်ပါ့မယ်။ ဒါပေမယ့်လည်း အခုစင်္ကာပူမှာ ရောက်နေတဲ့ စီးပွားရေး လုပ်နေတဲ့ မြန်မာတွေကလည်း ပြန်ပြီးတော့ ကျွန်မတို့ကို ကူညီနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ အလုပ်မလုပ်နိုင်ပဲနဲ့ စင်္ကာပူကို ထွက်ပြီးတော့ အလုပ်လုပ်ရတာ ဘာကြောင့်လဲ။ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ကျွန်မတို့ကို အသိပေးမယ်ဆိုရင် ကျွန်မတို့ကလည်း ဒီထက်ပိုပြီးတော့ တိတိကျကျ ပြုစုနိုင်ပါလိမ့်မယ်။ ကြေငြာစာတမ်းမှာလည်း ပါပါတယ်။ ပညာရှင်အဖွဲ့တစ်ဖွဲ့ကသာ လာပြီးတော့ ကူညီပေးနိုင်ရင်ဆိုတဲ့အကြောင်းကို ရေးထားပါတယ်။ အားလုံးကနေပြီးတော့ လူရိုသေရှင်ရိုသေရှိတဲ့ ကမ္ဘာ့ပညာရှင်အဖွဲ့ကနေ လာပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် စီပွားရေးပိတ်ဆို့မှုကို လိုလားတဲ့သူနဲ့ ဖယ်ရှားစေချင်တဲ့လူတွေကြားထဲမှာ သူတို့က ပိုပြီးတော့ သမာသမတ်ကျကျနဲ့ တချို့ကိစ္စတွေကို အများသဘောတူ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
စင်္ကာပူ - ကျေးဇူးတင်ပါတယ် ခင်ဗျ။ တခြားရော ဒေါ်စုအနေနဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကို ဘာများပြောချင်ပါသေးသလဲခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည် - ထူးထူးထွေထွေတော့ မရှိပါဘူး။ အခုလို အဝေးကနေပြီးတော့ အမိနိုင်ငံအတွက် ၀ိုင်းဝန်းလုပ်ပေးကြတဲ့အတွက် ၀မ်းသာပါတယ်၊ ဂုဏ်ယူပါတယ်။ အားလုံးကလည်း ဒီလိုစိတ်ထားတွေကို ပိုပြီးတော့ ခိုင်မာလာအောင်၊ ပိုပြီးတော့ အားကောင်းလာအောင်လို့ လုပ်မယ်ဆိုလို့ ရှိရင် ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာပါ။ များများလုပ်နိုင်ရင် မြန်မြန်ရောက်နိုင်ပါတယ်ဆိုတာကိုလည်း သိပြီးသားပါ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကနေပြီး စင်္ကာပူမှာ ရောက်နေတဲ့ ပြည်သူပြည်သားအားလုံး ကျန်းမာ ချမ်းသာပါစေလို့လည်း ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
ပေးပို့ပေးတဲ့ ဦးတင်မောင်ဝင်းနဲ့ - စင်ကာပူရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအား အထူးကျေးဇူးတင်ပါတယ်..။
အကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်။
Showing posts with label တွေ့ဆုံမေးမြန်းခန်း. Show all posts
Showing posts with label တွေ့ဆုံမေးမြန်းခန်း. Show all posts
Tuesday, February 15, 2011
Monday, August 24, 2009
သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ

တရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့ တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက် ထုတ်ရတာပါလဲဘုရား။
ဖြေ။ ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက သပိတ်မှောက်ကံကို ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊ နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့ သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေး ပေမယ့် ငြိမ်နေခဲ့ကြရတယ်။ နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့ ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊ ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့က ဒီလိုတော့မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့ အမြဲတမ်းပဲ စော်ကားချင်သလိုစော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင် ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။ အခုဆိုရင် သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေအားလုံးအတွက် ၀မ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ် ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊ အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်းပြည်ပသံဃာတော်တွေ အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့ မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့ ဆင်နွှဲမှဖြစ်မယ်ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
မေး။ ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။
ဖြေ။ ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး ၀န်ချတောင်းပန်ကြရတဲ့ပွဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများကလည်း ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာရှိပါတယ်။ ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ စည်းရုံးညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့ ပ၀ါရဏာပြုကြရပါတယ်။ အဲတော့ သံဃာတော်အားလုံး ကလည်း ညီညီညွတ်ညွတ်နဲ့ စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ ပ၀ါရဏာပြုတဲ့အချိန်တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့ အားလုံးစုစည်းညီညာတဲ့အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး ၀န်ချတောင်းပန်ကြသေးတာ၊ နအဖစစ်အစိုးရအနေနဲ့လည်းပဲ သူတို့ကျူးလွန်ထားတဲ့အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊ ဆရာတော်တွေကို ပြန်လွှတ်မယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့ သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့ တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ သွားရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။
ဖြေ။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။
ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင် မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။ ပတ္တနိက္ကုဇ္ဇနကံဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈) ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာရှိခဲ့တယ်။ ၀ိနည်းဥပဒေတော်ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့သံဃာတော် တွေက မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊ မဖြစ်မနေလုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။ ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ သာသနာတော်ကို စော်ကားရာရောက်နေတဲ့အတွက်ကြောင့် မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကသံဃာတော်တွေ လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်။
စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က ဒီလိုလုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင် မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့ သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီးတောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့ အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော်အတွက် အင်မတန်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။ သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့ ယနေ့ဟစ်ကြွေးနေကြတဲ့အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ မြတ်စွာဘုရားချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။ သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန လိုက်နာဖို့လိုပါတယ်။
မေး။ ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ (၈) ချက်က ဘာတွေပါလဲဘုရား။
ဖြေ။ ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက် (၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက်ညီခဲ့ရင်တောင်မှပဲ သပိတ်မှောက်ကံဆောင်လို့ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။ အဲဒါတွေ ကတော့ နံပါတ် (၁) က ရဟန်းတို့အား လာဘ်မရအောင် ပြု၏ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။ သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေထုတ်တာဟာ သံဃာတော်တွေရဲ့ လာဘ်လာဘကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ (၂) အချက်က သံဃာတော်တွေကို နေရာမရအောင်လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။ အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။ တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊ တချို့ပုန်းရှောင်နေကြရတယ်။ နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း အားလုံးမြင်ကြတဲ့အတိုင်းပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက် ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။ နံပါတ် (၄) ကတော့ ရဟန်းချင်း ကွဲပြားအောင်ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင် မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့ ၀ိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင် လုပ်တာပါပဲ။ နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ဆို၏။ နံပါတ် (၆) တရားဂုဏ် ကျေးဇူးမဲ့ဆို၏။ နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ဆို၏ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။ နံပတ် (၈) ကတော့ အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက် အကျိုးမရှိတာတွေကို ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့ ဖြစ်ပါတယ်။
မေး။ ။ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်ဖို့အတွက် ပြည်တွင်းပြည်ပအနေနဲ့ ဘယ်လိုအစီအစဉ်များ ရှိပါလဲဘုရား။
ဖြေ။ ။ ဒီတခါလုပ်မယ့် တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာမှာ ထူးခြားတဲ့အချက်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့ သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့သံဃာတော်တွေကို ဦးဇင်းတို့က သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတွေ၊ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့ကြီးတွေ၊ ပြည်တွင်းသံဃာအဖွဲ့တွေကနေပြီးတော့ တံဆိပ်တွေရိုက်နှိပ်ပြီး ဒီသံဃာဟာ မြတ်စွာဘုရားရဲ့ ၀ိနည်းကံတွေကို မလိုက်နာဘူး။ သံဃာတော်တွေကိုချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့် သူ့ကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်လိုက်ပါသည်။ ပြည်သူပြည်သားအပေါင်းကလည်း ပစ္စည်းလေးပါး လှူဒါန်းခြင်း လုံးဝမပြုရ ဆိုတာတွေကို ဦးဇင်းတို့က ကြေညာချက်တွေ ထုတ်မယ်။ တနိုင်ငံလုံးကို ဖြန့်မယ်။ ၀က်ဘ်ဆိုက်တွေ အင်တာနက်တွေပေါ်တင်မယ်။ သတင်းမီဒီယာတွေကို ပို့ပြီး ဖော်ပြမှာဖြစ်ပါတယ်။
မေး။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာကို ထပ်မံရှင်းပြပေးစေလိုပါတယ် ဘုရား။
ဖြေ။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာ သံဃာအဖြစ်ကနေ ကျဉ်ပယ်ပစ်ခြင်းကိုဆိုတာပါ။ ဒါပေမယ့် ရဟန်းမဟုတ်တော့ဘူးလို့ ပြောတာမဟုတ်ဘူး။ ပေါင်းသင်းဆက်ဆံခြင်းမပြုရလို့ ပြောတာ။ အဲဒီသံဃာကနေပြီး ပြန်လည်ပြီး တောင်းပန်လာမယ်၊ သူကမှားကြောင်း ၀န်ခံလာမယ်၊ သံဃာတွေကျေနပ်တဲ့အထိ ပြန်တောင်းပန်မယ်ဆိုရင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလို့ရတယ်။ သံဃာမဟုတ်တော့ဘူးလို့ သူ့ကိုပြောတာမဟုတ်ဘူး။ သူ့အပြစ်ကို ၀န်ချတောင်းပန်မှု မရှိမချင်း သူ့ကို ပေါင်းသင်းဆက်ဆံခြင်းမပြုရဘူးလို့ ပြောတာ။
မေး။ ။ ၂၀၀၇ ခု စက်တင်ဘာမှာ သံဃာတွေ သပိတ်မှောက်ကံဆောင်တုန်းက သံဃာတွေနဲ့အတူ ပြည်သူတွေက တခဲနက် နောက်ကလိုက်ပြီး ထောက်ခံအားပေး ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခုလို တတိယအကြိမ် သံဃာသပိတ်မှောက်မယ်ဆိုရင် ပြည်သူလူထု အနေအထားဘယ်လိုရှိမယ် ထင်ပါသလဲဘုရား။
ဖြေ။ ။ ဒါက ပြည်တွင်းမှာ ဦးဇင်းတို့ကိုယ်တိုင်လည်း စည်းရုံးလုပ်ခဲ့တာဆိုတော့ သိတယ်လေ။ ၂၀၀၇ မတိုင်ခင်က သံဃာထုကြားရော၊ လူထုကြားရော စည်းရုံးရတာ အတော်လေးခက်တယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ သူတို့က မျက်ဝါးထင်ထင်တွေ့လိုက်ရ၊ မြင်လိုက်ရ၊ ဗွီဒီယိုတွေက ကြည့်လိုက်ရ၊ ကိုယ်တိုင်လည်း ခံစားလိုက်ရတဲ့အခါမှာ သံဃာတွေရော၊ လူတွေရောဟာ လုံးဝမကျေနပ်ဘူး။ တော်တော်ပေါက်ကွဲသွားတယ်။ လက်ရှိစစ်အုပ်ချုပ်သူတွေဟာ သာသနာတော်ကို ဖျက်ဆီးနေသူတွေ၊ သာသနာတော်ရဲ့ရန်သူတွေပဲဆိုတာ မျက်ဝါးထင်ထင်တွေ့သွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြည်သူတွေက အရန်သင့်ဖြစ်နေကြတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်ဝင်စားအောင် လိုက်ပြောရတာ။ အခုက သူတို့က အဆင်သင့်ဖြစ်နေကြတယ်ဆိုတာ သိရတယ်။ ၂၀၀၇ ခုနှစ်ထက် ပြင်းထန်သွားမယ်လို့ ဦးဇင်းတို့တော့ သုံးသပ်လို့ရပါတယ်။ သံဃာတော်တွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ ပေါက်ကွဲမှုကလည်း တချက်၊ နောက်တချက်က နာဂစ်ပေါ့။ နာဂစ်မှာလည်း ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတောင်မှ စစ်အစိုးရက မသနားဘူး၊ အင်မတန်မှ ရက်စက်တယ်။ လှူဒါန်းနေတဲ့သူတွေအပေါ်လည်း ဖြတ်စားတယ်ဆိုပြီးတော့ မကျေနပ်ချက်က ပိုလာတယ်။ နောက်တချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တုန်းက မဲပေးတဲ့ကိစ္စမှာလည်း လူတွေက ငါတို့ဘာသာရွေးချယ်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ လုပ်သွားတယ်ဆိုပြီး မကျေနပ်ကြဘူး။ နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အသက်သွေးကြောဇုန်တခု ပြတ်တောက်သွားတဲ့အတွက် စီးပွားရေးကျပ်တည်းမှုဟာ အရင်ကထက် အဆပေါင်းမြောက်မြားစွာပြင်းထန်လာတယ်။ နိုင်ငံရေးအရဆိုလည်း ၂၀၀၇ တုန်းက နိုင်ငံရေးသမားတွေက နောက်ကိုနည်းနည်းဆုတ်လို့ရသေးတယ်။ အခုကျတော့ သူတို့နောက်ကို ဆုတ်လို့မရတော့ဘူး၊ အဖြေတခုပေးသွားပြီ။ ဘာလုပ်မှာလဲလို့ အချက်ပေးလိုက်ပြီ။ ဒါကြောင့် နိုင်ငံရေးစံချိန်အရ ပြောရင်လည်း ဒီအချိန်က အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံရေးအခြေအနေအရရော၊ စီးပွားရေး အခြေအနေ အရရော ဆုံချက်ညီနေတာလည်း ပါတာပေါ့။ အားလုံးက ဘာမှနောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူး။ ဒီတချိန်အောင်မြင်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် ထာဝရ စစ်ဖိနပ်အောက်မှာနေရမယ်ဆိုတာ လူတိုင်းက သိသွားတယ်။ ဒါကြောင့် စံချိန်တွေအားလုံးဟာ ဆုံချက်ညီနေတဲ့ပွဲဖြစ်နေတယ်။
မေး။ ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။
ဖြေ။ ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။ ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့ ၀ိုင်းဝန်းလာမယ်ဆိုရင်တော့လည်း ပိုပြီးအောင်မြင်တာပေါ့လေ။ သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊ နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက ၀ိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။
မေး။ ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။
ဖြေ။ ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့မရပါဘူး။ မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ ရပ်တည်လို့မရပါဘူး။ ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။ စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ အများစုဖြစ်နေ ကြပါတယ်။ အမိန့်ပေးခိုင်းနေတာ အထက်ကခေါင်းဆောင် လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက မလိုက်နာသင့်ဘူး။ ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊ သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊ ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်လို့ သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့ ပြောကြားလိုပါတယ်။
Subscribe to:
Posts (Atom)


