Saturday, August 29, 2009

အပြစ်မဲ့ ၂ လကြာ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသူ ပြန်လည်လွတ်မြောက်


အမှုစွဲ တရားရုံးတင်ခြင်းမရှိဘဲ ၂ လကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည် ဒေါပုံမြို့နယ်မှ ကိုနိုင်ငံလင်းသည် ယမန်နေ့က အောင်သပြေစစ်ကြောရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသည်။

ယခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် စာသင်ကြားရာမှပြန်လာသူ ကိုနိုင်ငံလင်းကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်ကာ အောင်သပြေစစ်ကြောရေးစခန်းတွင် ၆၂ ရက်ကြာ ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

မနေ့က (၁၂) နာရီခွဲမှာ ပြန်လွတ်လာတာပါ။ အိမ်ကို ကားနဲ့လိုက်ပို့ပါတယ်။ ဘာပြစ်မှုမှမရှိလို့ ပြန်လွှတ်တာလို့တော့ ပြောတယ်ဗျ၊ ကျနော်နဲ့အတူတူ အဖမ်းခံရတဲ့ ကိုကျော်ကျော်ကိုတော့ ပြန်မလွှတ်သေးဘူး။ သူ့ကို ဘယ်မှာထားတယ်ဆိုတာလဲ မသိရဘူး” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုနိုင်ငံလင်းက ပြောသည်။

ရန်ကုန်မြို့ တာမွေကျောက်မြောင်းအနီး အင်တာနက်ဆိုင်တွင် အင်တာနက် အသုံးပြုနေစဉ် အမည်မသိသူ ၅ ဦးက ဖမ်းဆီးသဖြင့် လိုက်ပါသွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကြောရေးစခန်းသို့ရောက်ပြီး ၃ ရက်တိတိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ်မေးမြန်းမှုများ မပြုလုပ်တော့ဘဲ အခန်းတခုတွင် သီးသန့်ထားကာ ပြန်လည်မလွတ်မြောက်မီ ၆ ရက်ခန့်အလိုတွင် အချုပ်ခန်းထဲတွင် ချုပ်နှောင်ခံခဲ့ရပြီး လွတ်မြောက်လာသည့်ရက်အထိ ကောင်းမွန်စွာ နေထိုင်ခဲ့ရကြောင်း ကိုနိုင်ငံလင်းက ပြောသည်။

အောင်သပြေစစ်ကြောရေးစခန်းမှ မေးမြန်းချက်များနှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “အဓိကကတော့ ကျနော်ရဲ့ နောက်ကြောင်းရာဇဝင်ပဲ မေးတယ်။ ဘာလုပ်တယ်၊ အဓိက NLD ရုံးမှာ ဘာတာဝန်ရှိလဲလို့ မေးတယ်။ ကျနော်က အစဝင်ကတည်းက အင်္ဂလိပ်စာပဲ သင်တာ။ အဲဒါပဲ ပြောပြတယ်။ သူတို့က တခြားအဖွဲ့တွေ၊ ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိလားဆိုပြီး စစ်တယ်၊ ကျနော်လည်းမသိတော့ မသိဘူးပဲပြောတာပေါ့။ နောက် ဒီတိုင်းပဲထားပြီး ကျနော့်ကို ဆက်မစစ်တော့ဘူး” ဟု ပြောသည်။

ကိုနိုင်ငံလင်းသည် ဒဂုံတက္ကသိုလ်တွင် သင်္ချာဘာသာရပ်အား သင်ကြားနေသူ တတိယနှစ်ကျောင်းသားဖြစ်ပြီး သူ အဖမ်းခံရစဉ် သူ၏ဇနီးသည် မခင်စန္ဒာဝင်းမှာ ကိုယ်ဝန်ဖြင့် နေအိမ်တွင်ကျန်ရစ်ခဲ့သည်။

ယခုကဲ့သို့ ဇနီးသည်နှင့့်် ပြန်ဆုံတွေ့ခွင့်ရသည်ကို ဝမ်းသာကြောင်း ပြောဆိုပြီး သူက “ကျနော်အရမ်း ဝမ်းသာပေမဲ့ အထဲမှာ ကျန်ခဲ့တဲ့ လူတွေအတွက်တော့ အရမ်းစိတ်မကောင်းဘူး။ အောင်သပြေစခန်းမှာ အမှုမတင်ဘဲ ရှိနေတဲ့ လူတွေ အရမ်းများတယ်လို့ ယူဆရပါတယ်။ ကျနော်ကတော့ သေသေချာချာ မသိဘူး။ လူတွေကတော့ အများကြီးပဲ။ ဘယ်သူတွေမှန်းတောင် မသိဘူး” ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာပြီးနောက် သူ၏ နဂိုမူလအလုပ်ဖြစ်သော NLD လူငယ်များကို အင်္ဂလိပ်စာသင်ကြားခြင်းနှင့် ပညာဒါနအဖြစ် စာသင်ကြားခြင်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆက်လက်ပြောဆိုသည်။

ရက်ပေါင်းမြောက်များစွာ ဖမ်းဆီးခံခဲ့ရသည့် သူ၏ ခံစားချက်နှင့်ပတ်သက်၍ ကိုနိုင်ငံလင်းက “ကျနော့်အတွက်ကတော့ ကျနော်ခံလိုက်ရပေမယ့် နည်းနည်းတော့ ဖြေနိုင်တာပေါ့။ ဒါပေမယ့် နောက်ဒီလို မဖြစ်စေလိုချင်ဘူး။ သူတို့ ခုလိုဖမ်းဆီးတာ လုံးဝတရားမဝင်ဘူး။ တရားမဝင်ဘူးဆိုတာ လူတယောက်ကို လမ်းမှာတွေ့ရင် ခေါ်သွားတယ်။ ပြီးတော့ ဖမ်းထားပြီးတော့ အကြာကြီး စစ်ဆေးတယ်။ ရမန်ကိုလည်း နှစ်ခါပဲယူရမှာကို အကြာကြီးယူတယ်။ အဲလိုမျိုးလုပ်တာကိုက လုံးဝ တရားမဝင်ဘူး။ အဲဒါတွေဟာ အစိုးရတရပ်မှာ မရှိသင့်ဘူးလို့ ထင်တယ်၊ ဒါပဲ ပြောချင်တယ်” ဟု ပြောဆိုသွားခဲ့သည်။

No comments:

Post a Comment