Friday, August 28, 2009

ကြို့ပင်ကောက်မှ မမာမာအေးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်


ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်တွင် အကျဉ်းကျကာ တရားစွဲဆိုခြင်းခံနေရသည့် ကြို့ပင်ကောက်မြို့မှ အသက် (၄၆) နှစ်ရှိ မမာမာအေးကို ယနေ့ စစ်အစိုးရတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

ယခုလ (၁၅) ရက်နေ့က ဒုရဲအုပ် ကျော်စိုးနှင့် ရဲမေ နီနီမာတို့က မယကဥက္ကဌမှ ခေါ်သည်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင်သွားပြီးနောက် ပေါင်းတည်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ရာ ယနေ့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

မမာမာအေးကို ဒေါ်အောင်ဆန်းစုကြည်အား အပြီးသတ်အမိန့်ချမှတ်မည့် ယခုလ (၁၁) ရက်နေ့က ပေါင်းတည်မြို့ လ္ဘက်ရည်ဆိုင်တွင် သံဃာတော်တပါးနှင့် စကားပြောဆိုသည်ကို အကြောင်းပြုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး (၁၇) ရက်နေ့တွင် မိသားစုပင်မသိလိုက်ဘဲ ကြို့ပင်ကောက်တရားရုံးမှ ရုံးထုတ်စစ်ဆေးကာ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

မမာမာအေးကို ဒေါ်အောင်ဆန်းစုကြည်အား အပြီးသတ်အမိန့်ချမှတ်မည့် ယခုလ (၁၁) ရက်နေ့က ပေါင်းတည်မြို့ လ္ဘက်ရည်ဆိုင်တွင် သံဃာတော်တပါးနှင့် စကားပြောဆိုသည်ကို အကြောင်းပြုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး (၁၇) ရက်နေ့တွင် မိသားစုပင်မသိလိုက်ဘဲ ကြို့ပင်ကောက်တရားရုံးမှ ရုံးထုတ်စစ်ဆေးကာ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

မမာမာအေးကို ကြို့ပင်ကောက်မြို့နယ် ရဲစခန်းမှူးက နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ (၅၀၅) (ခ) ဖြင့် ပြီးခဲ့သည့် (၂၆) ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ယနေ့ (၂၈) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်တရားရုံးမှ တရားသူကြီး ဦးမြသိန်းက ယင်းပုဒ်မဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားရုံးသို့ ရောက်ရှိခဲ့သူတဦးက "အမိန့်ချလိုက်ပြီ။ အမိန့်ချတာက (၁၀) နာရီနဲ့ (၄၃) မိနစ်၊ နိုင်ငံရေးသမားဆိုတော့ စပြီးတော့ တရားရုံးကို ဝင်လာကတည်းက လက်ပြပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ဝင်လာတယ်။ တခါ ထွက်သွားတော့လည်း ပြုံးပြုံးရွှင်ရွှင် လက်ပြပြီးတော့ပဲ ထွက်သွားပါတယ်။ သူ့ရဲ့ အမေရယ်၊ အစ်မရယ်၊ တူရယ် လာပါတယ်။ တရားရုံးနဲ့ ပေ ၃၀ အကွာလောက်မှာပဲ နေရတယ်၊ ဘာသံမှမကြားဘူး" ဟု ပြောသည်။

မမာမာအေးတွင် နှလုံးရောဂါနှင့် လေးဘက်နာရောဂါရှိသဖြင့် ပေါင်းတည်ထောင်သို့ စရောက်ချိန်နှင့် ယခုတွေ့လိုက်သည့် အခြေအနေ ကွာခြားပြီး များစွာ ပိန်သွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ အမိန့်ချသည့်နေ့တွင် လက်နက်ကိုင် ရဲဝန်ထမ်း ၂၀ ခန့် တရားရုံးဝန်းကျင်တွင် နေရာယူထားပြီ့း တရားရုံးသို့ အပြင်လူများ ၀င်ရောက်ခြင်းမရှိအောင် တားမြစ်ထားသဖြင့် မမာမာအေးအား အမှုစစ်ဆေးပြီး ထောင်သို့ပြန် ပို့မည့်အချိန်မှ မိသားစုက ထောင်ဒဏ်ချမှတ်လိုက်သည်ကို သိရှိခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

"မာမာအေးကို ထောင်ပြန်ပို့ဖို့ ဆိုင်ကယ်နဲ့ ပြန်ခေါ်သွားမယ့် အချိန်မှာ မိသားစုကို ကျနော်တို့က သွားမေးပါဆိုပြီး သွားမေးတော့မှ ခုနက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ဆိုပြီးတော့ သိရတာ" ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် (၂၆) ရက်နေ့က တရားရုံးထုတ် စစ်ဆေးရာတွင် သံဃာတော်များအား စည်းရုံးခဲ့သလားဟု တရားရုံးက မေးမြန်းချက်ကို ငြင်းဆိုခဲ့သော်လည်း ယနေ့တွင် အဆိုပါအမိန့်ကို တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ မမာမာအေးအား တရားရုံးမှ သူမအား စွဲဆိုထားသည့် ပုဒ်မနှင့် ချမှတ်သည့် ပြစ်ဒဏ်အမိန့်ကိုသာ ဖတ်ပြခဲ့ခြင်းဖြစ်ပြီး ငြင်းဆိုပိုင်ခွင့်နှင့် လျှောက်လဲပိုင်ခွင့်မရရှိကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူက ပြောဆိုသည်။

မမာမာအေးသည် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင် ကိုမျိုးသန့်၏ အစ်မဖြစ်ပြီး ကိုမျိုးသန့်ကို စစ်အစိုးရက ပြီးခဲ့သည့်နှစ် သြဂုတ်လ (၇) ရက်နေ့တွင် ပုဒ်မ (၁၄၅) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သဖြင့် လက်ရှိ သရက်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) မှ ပြောဆိုသည်။

No comments:

Post a Comment