Monday, August 24, 2009

ဝင်ငွေခွန် ၂ နှစ်စာကြိုသွင်းမှ အငှားယာဉ် လိုင်စင်သက်တမ်း တိုးပေးမည်


ရန်ကုန်နယ်နိမိတ် အတွင်း ပြေးဆွဲနေသော စီးတီးတက္ကစီများကို ယခုလမှ စတင်ကာ
ဝင်ငွေခွန် ၂ နှစ်စာ ပေးဆောင်မှ ယာဉ်လိုင်စင် သက်တမ်း တိုးပေးတော့မည်
ဟုဆိုခြင်းကြောင့် စီးတီး တက္ကစီယာဉ်ပိုင် ရှင်များနှင့် ယာဉ်မောင်းများ
မကျေမနပ်ဖြစ်နေကြကြောင်း ကြားသိရသည်။
စီးတီးတက္ကစီ များသည် ယခုလမှစတင်ကာ ယာဉ်လိုင်စင် သက်တမ်းမတိုးမီ
အကောက်ခွန် ဦးစီးဌာနတွင် ၂ နှစ်စာကြိုတင်ဝင်ငွေခွန် စုစုပေါင်းကျပ်
၄၈၀၀၀၀ ပေးဆောင်ပြီးကြောင်း ချလံ ပြနိုင်မှသာ လိုင်စင်သက်တမ်း တိုးခြင်း
ဆက်လက်ဆောင်ရွက် နိုင်မည် ဖြစ်သည်ဟု စီးတီးတက္ကစီ ယာဉ်မောင်း တဦးက
ပြောသည်။

ဝင်ငွေခွန်ကို မည်သည့်ရက်တွင် ပေးဆောင်ရမည်ဟု ထုတ်ပြန်ထားခြင်း
မရှိသော်လည်း ယာဉ်လိုင်စင် ၁ နှစ် သက်တမ်း တိုးမည့် စီးတီးတက္ကစီများ
အားလုံးကို လိုင်စင်သက်တမ်းမတိုးမီ ၀င်ငွေခွန်ကို ၂ နှစ်စာ ပေးဆောင်ရန်
သတ်မှတ်ထားခြင်းဖြစ်သည်။ ထိုသို့ ဝင်ငွေခွန် ၂နှစ်စာ
ပေးဆောင်ထားမည်ဆိုပါက သြဂုတ် ၂၀၀၉ တွင် ဝင်ငွေခွန် ပေးဆောင်ထားသော
တက္ကစီသည် သြဂုတ် ၂၀၁၁ ရောက်မှ ထပ်မံပေးဆောင်ရတော့မည် ဖြစ်သည်။
“အရင်က ၀င်ငွေခွန် ၁ နှစ်စာ ကျပ် ၂၄၀၀၀၀ ကို အကောက်အခွန်ရုံးမှာ
သီးခြားပေးရတာ။ အခု ကျတော့ ၀င်ငွေခွန် ၂ နှစ်စာပေးပြီးကြောင်း ချလံ
ပြနိုင်မှ လိုင်စင်သက်တမ်း တိုးလို့ရတော့တယ်။ မလုပ်မနေရ သဘော ပေါ့။ တက္ကစီ
သမားတွေက ပေးရတဲ့ငွေ အရမ်းများတော့ မကျေမနပ် ဖြစ်နေကြတယ်” ဟု
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်မောင်းတဦးက ပြောသည်။
ယခုကဲ့သို့ အခွန်ကောက်ခံစနစ် ပြောင်းလဲသတ်မှတ်ရခြင်းမှာ
နှစ်စဉ်ပုံမှန်အခွန်ပေးဆောင်ရန် ပျက်ကွက်သူများ၊ အကြွေးကျန်မှုများ
ရှိနေခြင်းကြောင့်ဟု သိရသည်။
“ဒီလိုလုပ်လိုက်တော့ အခွန်ပုံမှန် ဆောင်တဲ့လူတွေအတွက်လည်း အခက်အခဲ
ဖြစ်သွားတာပေါ့ဗျာ။ အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေအရ တက္ကစီထောင်တဲ့လူတွေ
မကိုက်ဘူး။ တက္ကစီ မောင်းတဲ့သူကတော့ မောင်းနိုင်ရင် ကိုက်တယ်။
ကျနော်ဆိုရင် တက္ကစီထောင်စားတာ မကိုက်လို့ ပြီးခဲ့တဲ့ နှစ်ကပဲ
ဖြုတ်လိုက်တယ်” ဟု ယာဉ်ပိုင်ရှင် တဦးကပြောသည်။
ယခုကဲ့သို့ အခွန်ငွေကို ကြိုတင် ပေးဆောင်ရခြင်းမှာ ဥပဒေတွင်
ပြဌာန်းထားခြင်းမရှိ သောကြောင့် အခွန်ဥပဒေ ကို နားလည်သည့်
အကောက်ခွန်ဝန်ထမ်းတချို့က ယခုကဲ့သို့  တက္ကစီယာဉ်များဝင်ငွေခွန် ၂နှစ်စာ
ကြိုတင် ကောက်ခံရာတွင် အမည်ခံ ကောက်ခံခြင်းများ မပြုလုပ်ရဲကြကြောင်း
အကောက်ခွန်အသိုင်းအ၀န်းမှ သိရသည်။
“အခုအစိုးရမှာက ၀င်ငွေမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲလုပ်ဖို့ အတွက်
ငွေလိုနေတယ်။ အဲဒီတော့ တက္ကစီ ၀င်ငွေခွန်ကို ၂နှစ်ကြိုကောက်တာတို့၊
ဖုန်းဘီလ်တွေကို ၃ ဆကြိုကောက်တာတို့ လုပ်နေတယ်။ နောက်ပြီး ရှိသမျှ
အစိုးရပိုင် အဆောက်အဦနဲ့ ပစ္စည်းတွေကိုလည်း လေလံတင် ရောင်းနေတယ်။
အမှန်တော့ ဒါတွေဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားလို့ နောက်အစိုးရတက်လာရင်
ဘယ်သူမှ တာဝန်ယူမှာ မဟုတ်ဘူး။ ပြည်သူတွေ ဆီက မရ ရတဲ့နည်းနဲ့
့ငွေညှစ်ထုတ်တဲ့ နည်းပေါ့ဗျာ” ဟုရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်
တဦးက သုံးသပ် ပြောကြားသည်။
စီးတီးတက္ကစီ ယာဉ်မောင်းများအနေဖြင့် ၁ ရက်လျှင် ယာဉ်ပိုင်ရှင်အတွက်
အုံနာကြေး ကျပ် ၁ သောင်းမှ ၁ သောင်းခွဲခန့် အထိ ပေးရပြီး
ယာဉ်မောင်းများမှာ ၁ ရက်လျှင် ဝင်ငွေ ၂ သောင်းမှ၊ ၂ သောင်းခွဲ ၀န်းကျင်
ရရှိကြောင်း သိရသည်။
ဧရာဝတီမှကူးယူဖော်ပြပါသည်။

No comments:

Post a Comment