Thursday, September 10, 2009

ကုလသမဂ္ဂ ညီလာခံသို့ ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် လာမည့် စက်တင်ဘာ ၁၅ ရက်နေ့ ကျင်းပမည်ဖြစ်သော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် ၀န်ကြီးချုပ် သိန်းစိန်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင် ရေးလုပ်ငန်းများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်ရှိ မြန်မာ သံတမန် အသိုင်း အ၀န်းကို ကိုးကား၍ ဘီဘီစီ သတင်းဌာနက ထုတ်လွှင့်ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ယင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးရန် ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အမေရိကန်နဲ့ဆက်ဆံရေး ပြေလည်အောင် ဒီခရီးမှာ ခရီးသွား ဟန်လွဲကြိုးစား နိုင်သလို ရွေးကောက်ပွဲ ကိစ္စကို ကမ္ဘာ့အလယ်မှာ ရှင်းပြကောင်း ရှင်းပြ လိမ့်မယ်၊ အဲဒီမှာ ပြည်သူဆီက ဆန္ဒကို ခံယူဖို့ ဒါမှ မဟုတ်ရင်လည်း စစ်အစိုးရက အရပ်သား အသွင် ပြောင်းဖို့ ဆိုတာ တွေပြောမှာပဲ၊ အဲဒါပြောဖို့ အဓိက သွားတယ်လို့ ပြောချင် တယ်၊ ရွေးကောက်ပွဲ ဖြစ်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အတည် ဖြစ်မှာပါ”ဟု ဦးဝင်းတင်က ပြောသည်။

ယမန်နေ့က အမေရိကန်နိုင်ငံထုတ် ၀ါရှင်တန် ပို့တ်စ် သတင်းစာတွင် ဖော်ပြထားသော ဦးဝင်းတင်ရေးသားသည့် “ရွေးကောက်ပွဲ အလို မရှိသော မြန်မာလူထု” ဟူသော ဆောင်းပါးတွင် ရွေးကောက် ပွဲဝင်ရန် တိုက်တွန်းခဲ့သည့် အမေရိကန် အထက်လွတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ၏ သဘောထားကို ပယ်ချခဲ့ပြီး စေ့စပ် ဆွေးနွေး ရန် အသင့်ရှိကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင် သွားရန်ရှိကြောင်း ရေးသား ထားသည်။

ဘီဘီစီ သတင်းတွင် အမေရိကန် အစိုးရက မြန်မာစစ်ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ပင်ထားမှုများ အပါအဝင် အရေးယူ ဆောင်ရွက်မှုများကို လျှော့ပေါ့ မပေးပါက ၀န်ကြီးချုပ် သိန်းစိန် အနေဖြင့် ကုလသမဂ္ဂရုံး ရှိရာ နယူးယောက် မြို့နှင့် ၂၅ မိုင်ပတ်လည်အတွင်းသာ သွားလာနေထိုင်ခွင့်ရှိမည် ဖြစ်ကြောင်း၊ ယခင် နိုင်ငံ ခြားရေး ၀န်ကြီးသာ တက်ရောက်လေ့ရှိသော ယင်းအစည်းဝေးကို ၀န်ကြီးချုပ်တက်ရောက်ခြင်းမှာ ထူးခြား ကြောင်းလည်း ပါရှိသည်။

ယမန်နေ့က လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း အမေရိကန် အစိုးရ အနေနှင့် မြန်မာပြည် နှင့် ပတ်သက်သော မှုဝါဒကို ပြန်လည် စဉ်းစားသုံးသပ်ရာတွင် သံတမန်ရေး၊ ကူညီထောက်ပံ့ရေး၊ ဒဏ်ခတ်ပိတ် ဆို့ တားမြစ်အရေးယူမှုများနှင့် ပတ်သက်၍ ပိုမိုထိရောက်သည့် မှုဝါဒကို ဖော်ဆောင်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ထံသို့ စာရေးသား ပေးပို့ တောင်းဆို ထားသည်။

အဆိုပါ စာတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော သံတမန်ရေး၊ ကူညီထောက် ပံ့ရေး၊ ဒဏ်ခတ်ပိတ်ဆို့ တားမြစ် အရေးယူမှုများနှင့် ပတ်သက်သော အခြေအနေများကိုလည်း ရေးသားဖော်ပြထားသည်။

No comments:

Post a Comment