Wednesday, September 9, 2009

ပြည်တွင်း၌ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများပြုလုပ်


အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကို ဦးဆောင်ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့ချုပ် မြန်မာနိုင်ငံက ကြီးမှူး၍ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများ ပြည်တွင်း၌ ယနေ့ကျင်းပခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဦးဇင်းတို့ ရန်ကင်းတောင်မှာ ဆရာတော် ဦးဥတ္တမကို ရည်စူးပြီးတော့ မေတ္တာပို့ အမျှဝေတာတွေလုပ်ခဲ့တယ်။ မန်းလေးတောင်ပေါ်မှာလည်း သံဃာတော်ကိုးပါး ဆွမ်းခံကြွလို့ ရလာတဲ့ သပိတ်ကိုးလုံးစလုံးကို ဆရာတော်ဦးဥတ္တမကို ရည်စူးပြီး ဘုရားမှာ ကပ်လှူခဲ့ကြတယ်” ဟု သံဃာ့အဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး အရှင်ပါရမီခန္တီက မိန့်သည်။

သံဃာတော်များအနေဖြင့် လုံခြုံရေးစောင့်ကြပ်နေမှုများကြားမှ အခမ်းအနားကျင်းပခဲ့ကြရခြင်းဖြစ်ပြီး ရန်ကင်းတောင်တွင် သံဃာတော် (၁၅) ပါးနှင့် လူပုဂ္ဂိုလ် (၃၀) ဦးတို့က ဆရာတော်ဦးဥတ္တမအတွက် မေတ္တာပို့ အမျှဝေခဲ့ကြခြင်းဖြစ်သည်။

“ဦးဇင်းတို့ကလည်း လူနည်းနည်းနဲ့ ခွဲပြီးကျင်းပခဲ့တာဆိုတော့ ရန်ကင်းတောင်မှာ အနှောင့်အယှက်တော့ မတွေ့ရဘူး။ ရန်ကင်းတောင်တော်က ဘုရားလုံခြုံရေးတွေကလည်း မသိသလို နေပေးခဲ့ကြပါတယ်” ဟု အရှင်ပါရမီခန္တီက မိန့်သည်။

သံဃာ့အဖွဲ့ချုပ်၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေးကော်မတီက တပ်မတော်သားနှင့် ၀န်ထမ်းများသို့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း ယနေ့ ဖြန့်ဝေလိုက်သည်။

အဆိုပါပေးစာတွင် ယခုအချိန်သည် တိုင်းပြည်အနာဂတ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသည့်အချိန်ဖြစ်ကြောင်း၊ တာဝန်သိ တိုင်းချစ်ပြည်ချစ် တပ်မတော်သားနှင့် ၀န်ထမ်းများအနေဖြင့် စစ်အာဏာရှင်စနစ်အောက်မှ မြန်မာပြည်ကို ကယ်တင်ရန် အချိန်ကျပြီဖြစ်ကြောင်း၊ တိုင်းပြည်ကို မွဲပြာကျအောင်လုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များကို ဖယ်ရှားဖို့ အချိန်ရောက်ပြီဖြစ်၍ တပ်မတော်သားနှင့် ၀န်ထမ်းများအနေဖြင့် ကျောင်းသားပြည်သူများနှင့် လက်တွဲဖို့လိုပြီဖြစ်ကြောင်း ဆော်သြထားသည်။

ဘုန်းဘုန်းတို့ တိုင်းပြည်ကို စစ်အာဏာရှင်စနစ် သို့မဟုတ် စည်းမျဉ်းခံစစ်အာဏာရှင်စနစ်အောက်မှာ ထားရစ်ခဲ့မလား၊ ဘုန်းဘုန်းတို့ အားလုံးအတူတကွ ရုန်းထွက်ကြမလားဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြရမယ့်အချိန်ကို ရောက်နေပြီ ဖြစ်ပါသည်ဟုလည်း စစ်သားနှင့် ၀န်ထမ်းများကို တိုက်တွန်းထားသည်။

ထို့အပြင် တိုင်းပြည်ချစ်သော တပ်မတော်သားများအနေဖြင့် စစ်အာဏာရှင်များကို ရဲရဲရင့်ရင့် ဖယ်ရှားရန်နှင့် ပြည်သူလူထုမှ စစ်အာဏာရှင်ပျက်သုဉ်းရေးတိုက်ပွဲဝင်လာသည့်အခါ ပစ်မိန့်ပေးသည်ကို မနာခံဘဲ ပြည်သူလူထုနှင့် ပူးပေါင်းရန်လည်း မေတ္တာရပ်ခံထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို ယနေ့ (၉-၉-၂၀၀၉) ရက်တွင်ကျရောက်သော ဆရာတော်ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းစစ်ဌာနချုပ် (၁၃) ခု၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ (၆၅) ခု၊ ၀န်ကြီးဌာန (၃၁) ခု၊ လက်အောက်ခံရုံးဌာန (၉၃) ခုနှင့် ပြည်နယ်တိုင်းခရိုင် ကြံ့ခိုင်ရေးရုံး (၄၀၅) ရုံးသို့ စာတိုက်မှတဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေးကော်မတီကို သံဃာ့အဖွဲ့ချုပ်မြန်မာနိုင်ငံက ဦးဆောင်ကာ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစု (၁၄) ဖွဲ့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်လည်း ဆရာတော်ဦးဥတ္တမနေ့ကို လျှို့ဝှက်စွာကျင်းပခဲ့ကြောင်း ရန်ကုန်သံဃာတော်တပါးက မိန့်သည်။

“ရန်ကုန်မှာလည်း လုပ်ဖြစ်တယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေအရ ဘယ်မှာလုပ်တယ်ဆိုတာကို မပြောနိုင်သေးဘူး။ ရန်ကုန်မှာက စောင့်ကြည့်မှုတွေပိုများတယ်။ ဒီကြားထဲကလုပ်ခဲ့ကြရတာ။ အဓိကက ဆရာတော်ဦးဥတ္တမရဲ့ အများအကျိုး သယ်ပိုးလိုတဲ့ စိတ်ဓာတ်တွေ ဦးဇင်းတို့ သံဃာတော်တွေဆီမှာ ဆက်လက်ရှိနေတယ်ဆိုတာသိဖို့ပဲ။ နအဖစစ်အစိုးရက ဘယ်လိုပဲ ဆရာတော်နဲ့ ပတ်သက်တာတွေကို ဖျောက်ဖျက်ဖျောက်ဖျက် အာဇာနည်တရားဆိုတာ ပျောက်မသွားပါဘူး။ ဆရာတော်ဦးဥတ္တမနေ့ကို တက်လာတဲ့ သံဃာတွေနဲ့ ဆက်လုပ်ရမယ့် ကိစ္စတွေကို ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်” ဟု အဆိုပါ သံဃာတော်က မိန့်သည်။

ယနေ့သည် လွတ်လပ်ရေးမီးရှူးတန်ဆောင်ဟု တင်စားခဲ့ကြသည့် ဆရာတော်ဦးဥတ္တမကွယ်လွန်သည့် နှစ် (၇၀) ပြည့်သည့် နေ့ဖြစ်သည့်အတွက် ရန်ကုန်၊ မန္တလေးနှင့် စစ်တွေမြို့တို့တွင် စစ်အစိုးရ အာဏာပိုင်များက လုံခြုံရေးတင်းကျပ်စွာ ချထားကြောင်း ဒေသခံများက ပြောသည်။

No comments:

Post a Comment