Sunday, September 6, 2009

ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ


အချိန်က ခြစ်ခြစ်တောက်ပူနေတဲ့ နေ့လယ် ၁ နာရီ ခန့်။ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီး ရှေ့ကနေ သံဃာတော် ထောင်ပေါင်းများစွာ တရွေ့ရွေ့နဲ့ ရွှေတိဂုံ စေတီ ရင်ပြင်ပေါ်ဆီ လှမ်းကြွလာတယ်။

ကိုရင်ငယ်လေးတွေ၊ သီလရှင်တွေကလည်း မျက်လွှာလေးတွေချပြီး သံဃာတော်တွေ နောက်က စည်းကမ်း တကျ စီတန်းလိုက်ပါလာတယ်။ သံဃာတော်တွေ၊ သီလရှင်တွေ၊ ကိုရင်တွေကို ပြည်သူ ထောင်ပေါင်း များ စွာက လက်ချင်းချိတ် ၀န်းရံလို့ လိုက်ပါ စောင့်ရှောက် ချီတက်နေကြတယ်။

ရွှေတိဂုံစေတီတော်ကြီးကို ဖူးမျှော်ရင်း တဖြည်းဖြည်းလှမ်းကြွနေတဲ့ သံဃာထုက စေတီရင်ပြင်တခုလုံးကို ဖုံးလွှမ်းသွားတယ်။
“အရှေ့အရပ်၌ ရှိသော အနန္တစကြ၀ဠာ ၊အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဆိုတဲ့ မင်းကွန်း ဆရာတော် ဘုရားကြီးရဲ့ အရပ်ရှစ်မျက်နှာ မေတ္တာပို့ဆုတောင်း ဂါထာကို သံဃာတော်တွေက ညီညီညာညာ ရွတ်ဆိုနေ ကြတယ်။

သံဃာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းရွတ်မှုကို ထောင်သောင်းချီတဲ့ ပြည်သူတွေကလည်း လက်အုပ် ကလေးတွေချီလို့ လိုက်လံရွတ်ဆိုနေကြတယ်။

ရွှေတိဂုံစေတီတော်ကြီးကို လက်ယာရစ်တပတ်ဖူးမြော်ပြီးချိန်မှာ သံဃာတော်တွေနဲ့ ပြည်သူ ထောင်ပေါင်း များစွာက အရှေဘက်မုခ် ကနေတဆင့် ဗဟန်းလမ်းမကြီးအတိုင်း ဆူးလေစေတီတော်ကြီးဆီ မေတ္တာသုတ် ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ ချီတက်လာတယ်။

အဲဒီ သံဃာတော်တွေ နဲ့ ပြည်သူတွေဆီက နိုင်ငံရေးတောင်းဆိုသံတွေ၊ စစ်အစိုးရကို ဝေဖန်ပုတ်ခတ်သံတွေ ထွက်ပေါ်ခြင်းမရှိဘဲ မေတ္တာပို့ဆုတောင်းသံတွေကသာ သံဃာ နဲ့ လူအုပ်ကြီးဖြတ်သန်းရာ လမ်းမတလျှောက် ပျံ့လွင့်နေတယ်။

ပူပြင်းလှတဲ့နေရောင်ကြောင့် ကတ္တရာလမ်းမကြီးတွေပေါ်မှာ ကတ္တရာတွေတောင်အရည်ပျော် နေပါပြီ။ မေတ္တာပို့လမ်းလျှောက် ချီတက်နေတဲ့ သံဃာတော်တွေနဲ့ပြည်သူတွေက ဖိနပ်မ ပါ၊ အမိုးအဆောင်းထီးမပါ နေရောင်အောက်မှာ ချွေးတပြိုက်ပြိုက်နဲ့ လျှောက်လှမ်းနေကြတာ ပါ။

လမ်းမကြီးတွေပေါ်မှာ လမ်းလျှောက်မေတ္တာပို့နေကြတဲ့ သံဃာအရေအတွက် များပြားလွန်းတာကြောင့် အဝေးကလှမ်းကြည့်ရင် ပင်လယ်ပြင်မှာလှိုင်းလုံးကြီးတွေ တလိပ်လိပ်တက်လာနေတဲ့ပုံစံလိုပါပဲ။

“ဒကာတွေ ဘုန်းဘုန်းတွေရှေ့က မသွားကြနဲ့။ ဦးပဉ္ဇင်းတွေနောက်ကပဲ ၀န်းရံလိုက်ကြပါ။ ဒကာ၊ ဒကာမတို့ ကို ကာကွယ်စောင့်ရှောက်ဖို့ ဦးပဉ္ဇင်းတို့ မေတ္တာပို့ လမ်းလျှောက်နေတာပါ။ သံဃာတွေ ရှေ့က မသွားကြနဲ့။ အန္တရာယ်တွေ့မှာစိုးလို့ပါ”ဆိုတဲ့ သက်တော် ၃၀ နီးပါးရှိတဲ့ ဦးပဉ္ဇင်းတပါးက သံဃာတော်တွေရဲ့ ရှေ့ကနေ ဦးဆောင်လမ်းလျှောက်နေကြတဲ့ လူတွေကို မိန့်ကြားနေတယ်။

အဲဒီဦးပဉ္ဇင်းရဲ့စကားကြောင့် သံဃာနဲ့လူအုပ်ကြီးရဲ့ ရှေ့ဆုံးက လမ်းလျှောက်နေကြတဲ့ လူငယ်၊ အမျိုးသား၊ အမျိုးသမီးတွေ အားလုံး သံဃာတော်တွေရဲ့ လက်ဝဲလက်ယာမှာ စုစည်းဝန်းရံကြပြီး ရှေ့ဆုံးမှာ သာသနာ့ အလံနဲ့ ဘုရားပုံတော်ကိုင်ဆောင်ထားတဲ့ သံဃာငယ်တွေကိုသာ ဦးဆောင်စေတယ်။

“ဒကာတို့ သာသနာ့အလံအောက်မှာ တဦးတယောက်ကိုမှ ရန်လိုစိတ်မထားကြနဲ့။ သံဃာထု ကို ဦးဆောင် လာတာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ဦးဆောင်လာတယ် ဆိုတာ မမေ့ကြနဲ့”လို့ သံဃာ ထုရဲ့ ရှေ့ဆုံးကနေဦးဆောင်လမ်းလျှောက်နေတဲ့ ဦးပဉ္ဇင်း တပါးက လော်စပီကာက တဆင့် မိန့်ကြားတယ်။

ဖြတ်သန်းသွားတဲ့ လမ်းဘေးဝဲယာတလျှောက် သံဃာတော်တွေကို ထိုင်ရှိခိုးကြတဲ့ လူတွေကလည်း ရာထောင်ချီရှိပါတယ်။

သံဃာတော်တွေရဲ့ ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာကြောင့် မျက်ရည်တွေကျပြီး ၀မ်းသာပီတိ ဖြစ်နေကြ တဲ့ အမျိုးသား အမျိုးသမီးတွေလည်း မနည်းလှပါဘူး။

အဖြူရောင်လည်ကတုံးအင်္ကျီနဲ့ ယောပုဆိုးဝတ်ဆင်ထားတဲ့ ဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် အပါအ၀င် စတဲ့ တက္ကသိုလ်တွေက ကျောင်းသားကျောင်းသူပေါင်းမြောက်မြားစွာ ပါဝင်တဲ့ လူငယ်အဖွဲ့တွေက သံဃာတော်တွေကို သောက်ရေသန့်ဘူးတွေ ဆက်ကပ်လှုဒါန်း နေကြတယ်။

လမ်းလျှောက်ရင်း ခြေသလုံးကြွက်တက်ဝေဒနာခံစားရတဲ့ သံဃာတော်ကို ပြုစုကုသပေးတဲ့ ဆေးတက္ကသိုလ် ကျောင်းသား လူငယ်လေးတွေလည်း ဒဏ်ကြေဆေးတွေ၊ ပတ်တီး တွေနဲ့ အလုပ်ရှုပ်နေကြတယ်။

လူငယ်လူရွယ်၊လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အို လူကြီးပိုင်းထိ အမျိုးသမီး၊အမျိုးသား မရွေး ပါဝင်တဲ့ လူအုပ် ကြီးကလည်း သံဃာတော်တွေကို အလယ်ခေါင်မှာ ထားပြီး လမ်းဘေးဝဲယာ ကနေ လက်ချင်းမြဲမြဲခိုင်ခိုင်ချိတ် လို့ သူတို့အားလုံးရဲ့မျက်နှာမှာ ခွန်အားတွေ၊ အားမာန်တွေနဲ့ တက်ကြွနေတယ်။

သံဃာတော်တွေနဲ့ လူအုပ်ကြီးဖြတ်သန်းသွားရာ လမ်းတလျှောက်မှာ ထောက်ခံအားပေးတဲ့ ပြည်သူတွေ၊ ရေသန့်ဘူးလှူဒါန်းသူတွေ၊ ချွေးသုတ်ပ၀ါ လှူဒါန်းသူတွေက တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်ကား လှတယ်။

သံဃာတွေက မေတ္တာပို့ဆုတောင်းမှုတွေလုပ်နေချိန် လမ်းဘေးဝဲယာက ကြည့်ရှုအားပေးနေကြတဲ့ လူထုက လက်ခုပ်တွေ တဖျောင်းဖျောင်းတီးပြီးအားပေးထောက်ခံကြောင်း ပြသကြလို့ ရန်ကုန်တမြို့လုံး လက်ခုပ်သံ တွေ သောသောညံ သွားတယ်။

လက်ခုပ်တီးပြီးအားပေးရုံနဲ့ မကျေနပ်နိုင်ကြတဲ့ ပြည်သူများစွာကလည်း လမ်းလျှောက် သံဃာတော်တွေနဲ့ ပူးပေါင်းပါဝင်လာတဲ့အတွက် ရပ်ကွက်တခု၊ မြို့နယ်တခုကို ဖြတ်သန်းတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြမေတ္တာပို့ ဆုတောင်းလမ်းလျှောက်ပွဲကို ပါဝင်လာသူ သံဃာတော်နဲ့ပြည်သူလူထုအရေအတွက်က တိုး၍တိုး၍ သာ လာပါတော့တယ်။

နေ့လယ် ၁ နာရီ စတင်ချီတက်ချိန် နေက တောက်ပပူပြင်းနေခဲ့ပေမယ့် မွန်းလွဲ ၂ နာရီခွဲ ခန့်မှာ ရုတ်တရက် မှောင်သွားပြီး မှိုင်းပြာနေတဲ့မိုးတိမ်မိုးသားတွေလွှမ်းလာကာ အရှိန်အဟုန် ပြင်းပြင်းနဲ့ မိုးရွာချပါတော့တယ်။ ဒါပေမယ့် အဲဒီမိုးက သံဃာနဲ့လူထုရဲ့ ငြိမ်းချမ်းစွာလမ်းလျှောက် မေတ္တာပို့ ချီတက်ပွဲကို မဖျက်ဆီးနိုင်ခဲ့ပါဘူး။

နေရောင်ကြောင့် ပင်ပန်းနွမ်းနွယ်နေတဲ့ သံဃာတော်တွေဟာ မိုးရေကြောင့် ပြန်လည်လန်းဆန်းလာတယ်။ သင်္ကန်းတွေက ရေစိုနေပေမယ့် သံဃာတော်တွေက ချမ်းအေးတဲ့ အမူအရာမပြဘဲ တည်ငြိမ်းအေးချမ်းတဲ့ မျက်နှာတွေနဲ့ မေတ္တာပို့ဆုတောင်းနေကြဆဲပါ။

ရေစိုအ၀တ်အစားတွေနဲ့ ပြည်သူသိန်းဂဏန်းကျော်ဟာလည်း သံဃာတော်တွေနဲ့အတူ ဇွဲမာန်အပြည့် ချီတက်နေကြဆဲ။

ရန်ကုန်မြို့မှာ၂၀၀၇ ခု စက်တင်ဘာလ ၁၈ ရက်ကနေ စတင်ခဲ့တဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ပွဲက စတင်ချိန်က သံဃာတော်အနည်းငယ်မျှနဲ့သာ ဟိုတစု၊ ဒီတစု စတင်ခဲ့ရ ပေမယ့် စက်တင်ဘာလ ၂၃ ၊ ၂၄ ၊ ၂၅ ရက်တွေမှာ ပြည်သူသိန်းဂဏန်း ကျော် ပါဝင်ဆင်နွှဲလာတဲ့အတွက် လမ်းတွေ ပေါ်မှာ လမ်းလျှောက်သူတွေနဲ့ ပြည့်နှက်သွားတယ်။

စက်တင်ဘာလ ၂၅ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ရန်ကုန်မြို့တခွင် လမ်းလျှောက်ချီတက်ကြတဲ့ သံဃာနဲ့ လူထု အရေအတွက် က သိန်းပေါင်းများစွာရှိလာပြီး တမြို့လုံး လမ်းလျှောက်မေတ္တာပို့ကြတဲ့ သံဃာတွေ၊ ပြည်သူ အဖွဲ့တွေအများကြီးပေါ်လာပြီး ရန်ကုန်မြို့လယ် ဆူးလေစေတီတော်ကြီး အနီးမှာ သံဃာနဲ့ ပြည်သူ အဖွဲ့ပေါင်းစုံ စုစည်းမိတယ်။

နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့တဲ့ ခွပ်ဒေါင်းအလံတော်ကလည်း ကျောင်းသားလူငယ်တွေ ဦးဆောင်မှုနဲ့ လေထဲမှာ ပျံ့လွင့်လာပြီး သာသနာ့အလံတော်အောက်မှာ ခွပ်ဒေါင်းအလံကပါ ပူးတွဲထွက်ပေါ်လာတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့လမ်းမကြီးနဲ့ မြို့ထဲလမ်းမတွေအားလုံးမှာ သိန်းပေါင်းများစွာသော လူတွေနဲ့ ပြည့်လျှံနေတယ်။

ပဋ္ဌာန်းရွတ်ဆိုသံတွေ၊ မေတ္တာသုတ်ရွတ်သံတွေ ၊ လက်ခုပ်သံတွေ၊ ကြွေးကြော်သံတွေနဲ့ လူတွေအားလုံး တက်ကြွနေကြပြီ။

ပခုက္ကုမြို့မှာ သံဃာတော်တွေ မေတ္တာပို့ လမ်းလျှောက်စဉ် စစ်အစိုးရက ကြိုးကွင်းပစ်ဖမ်းဆီး ရိုက်နှက်ခဲ့ တာကြောင့် တပြည်လုံးပျံနှံ့လာတဲ့ သံဃာတွေဦးဆောင်တဲ့ ငြိမ်းချမ်းသော လူထုလှုပ်ရှားမှုကြီး ကြောင့် ဒီတကြိမ်မှာ စစ်အစိုးရ ပြုတ်ကျဖို့သေချာနေပြီလို့ ပြည်သူတွေအများစု ထင်မှတ်ထားကြတယ်။

သံဃာတော်တွေရဲ့ စစ်အစိုးရအပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခြင်းကို သံဃာထု တရပ်လုံးက ညီညီညွှတ်ညွှတ် ဆောင်ရွက်နေတာကြောင့် စစ်အစိုးရ သံဃာဂိုဏ်းသင့်ပြီး စစ်အာဏာရှင်စနစ်ပျက်သုဉ်း တော့မယ်လို့ အများစုက တွက်ဆထားကြတာပါ။

ဒါပေမယ့် စစ်အစိုးရက ဘုရားသားတော် သံဃာတော်တွေကိုတောင် အာဏာတည်မြဲရေးအတွက် ရက်ရက် စက်စက် အကြမ်းဖက်ရိုက်နှက် ဖြိုခွဲခဲ့ပါတယ်။ လုံထိန်းရဲ၊စစ်သားများနဲ့ သေနတ်တွေ၊ နံပါတ်တုတ်တွေရဲ့ အောက်မှာ သွေးသံရဲရဲနဲ့ သံဃာတော်တွေ၊ ပြည်သူပေါင်း မြောက်မြားစွာကျဆုံးခဲ့ရရင်း စစ်အာဏာရှင်စနစ် ပျက်သုဉ်း ရေးအိမ်မက် ဆန္ဒတွေကလည်းပျောက်ဆုံးသွားခဲ့ရပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးဆင်နွှဲခဲ့တာ၂နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် သံဃာထုနဲ့ ပြည်သူလူထု ရဲ့ ရင်ထဲမှာ ယနေ့အထိ မမေ့နိုင်သေးသလို ဒီတော်လှန်ရေးကြီးကို ဦးဆောင်ဆင်နွှဲခဲ့ကြတဲ့ အရှင်ဂမ္ဘီရ အပါ အ၀င် သံဃာတော်တွေ၊ ပြည်သူတွေက အခုချိန်ထိ စစ်အစိုးရအကျဉ်းထောင်တွေထဲမှာ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေရဆဲပါ။

“ဓမ္မနဲ့ အဓမ္မ တိုက်ပွဲမှာ ဓမ္မကသာ အနိုင်ရစမြဲပါ။ အခု အဓမ္မ၀ါဒီတွေကြီးစိုးနေပေမယ့် မကြာမီ ဓမ္မတရားက အဓမ္မ၀ါဒီတွေကိုအောင်ပွဲခံပါလိမ့်မယ်။ ဦးပဉ္ဇင်းတို့ ပြည်သူပြည်သားတွေရဲ့ဆင်းရဲဒုက္ခတွေ မကြာမီချုပ်ငြိမ်း ပါလိမ့်မယ်။ မြတ်စွာဘုရားရှင်က မေတ္တာရားနဲ့ အောင်ခြင်းရှစ်ပါးကို အောင်နိုင်ခဲ့သလို ဦးပဉ္ဇင်းတို့ ပြည်သူ တွေလည်း မေတ္တာတရားနဲ့ အာဏာရှင်စနစ်ကိုအောင်မြင်ပါလိမ့်မယ်”လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ သံဃာတပါးက မိန့်ကြားခဲ့ပါတယ်။

No comments:

Post a Comment