Friday, September 18, 2009

ဒီနေ့ စစ်အစိုးရက အကျဉ်းသား ၇၁၁၄ ယောက်ကို နိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်ပါတယ်။

ဒီနေ့ စစ်အစိုးရက အကျဉ်းသား ၇၁၁၄ ယောက်ကို နိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်ပါတယ်။
ဒါဟာ ကောင်းတဲ့သတင်းပါ။ နံရံလေးဘက်ထဲက တနေ့၊ တနာရီ၊ တမိနစ်တောင် နေချင်စရာမကောင်းတဲ့ အသိုက်အ၀န်းတခုထဲက လွတ်မြောက်ပြီး
ကိုယ့်မိသားစုနဲ့ ပြန်တွေ့ဆုံကြရတာ တွေးကြည့်ရုံနဲ့ ကြည်နူးစရာပါ။

ခက်တာက ဒီနေ့လွတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ရာဇ၀တ်မှုကျူးလွန်လို့ အပြစ်ကျခံရတဲ့ ရာဇ၀တ်အကျဉ်းသားက ၇ ထောင်ကျော်လောက်ဖြစ်နေပြီးတော့ ဘာပြစ်မှုမှပဲ မကျူးလွန်ရပဲနဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားကတော့ အခုထိစာရင်းအရ ၅၀ တောင် မပြည့်သေးပါဘူး။ သံဃာဆိုလို့ ၂ ပါးပဲတွေ့ရပါတယ်။ သီလရှင်ဆိုရင် တပါးမှတောင် မတွေ့ရပါဘူး။

ဟာ ခင်ဗျားတို့အတိုက်အခံတွေက မလွှတ်တော့လည်း အပြစ်ပြော၊ လွှတ်တော့လည်း အကောင်းမမြင်ကြပါလားလို့ပြောလာခဲ့ရင်တော့ ဟုတ်ကဲ့ အစိုးရကိုယ်တိုင်ကိုက ကောင်းတာမလုပ်တော့ အကောင်းကို မမြင်နိုင်တာပါ လို့ပဲ ဖြေရပါလိမ့်မယ်။

ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။ ဒီနေ့လွှတ်ပေးလိုက်တဲ့ လူဦးရေက ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ ၂ ရာခိုင်းနှုန်းကျော်ကျော် ၃ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ထောင်ထဲမှာ ရဟန်းသံဃာ၊ သီလရှင်တွေအပါအ၀င် လူ ၂ ထောင်ကျော်က ဘာအပြစ်မှ မလုပ်ရပဲနဲ့ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခဆင်းရဲ ပေါင်းစုံနဲ့ အသက်တချောင်းကို မွေးမြူနေရပါတယ်။

မိတ်ဆွေ ခင်ဗျား ကိုယ်ချင်းစာပြီးစဉ်းစားကြည့်ပါ။
ကိုယ်က ပြစ်မှုတခုခုကို ကျူးလွန်လို့ထောင်ကျတယ်။ ဒါက ပြဿနာမရှိဘူး။ ကိုယ်က ကျူးလွန်တာကိုး။
ကိုယ်က ဘာပြစ်မှုမှ မကျူးလွန်ပဲနဲ့ နိုင်ငံရေးလုပ်လို့ တခုခုအပြစ်ရှာပြီးထောင်ချတယ်။ ဒါဟာ ဘယ်လောက်နာကြည်းစရာ၊ ၀မ်းနည်းစရာ ကောင်းလိုက်သလဲ။ မိတကွဲ၊ ဖတကွဲ၊ မိသားစုတွေ တကွဲတပြဲနဲ့။ အလုပ်အကိုင်တွေပျက် ဘ၀အခြေအနေတွေပါပျက်။
ထားတော့ ရိုးရိုးပဲ ဖမ်းပြီးထောင်ထဲမှာ လူလူသူသူ ကောင်းကောင်းမွန်မွန်ထားတယ်ဆိုရင်လည်း နည်းနည်းတော့ဖြေသာစရာရှိပါသေးတယ်။
အခုတော့ နိုင်ငံရေးမှုနဲ့ စဆွဲပြီဆိုတာနဲ့ ထောင်ထဲမရောက်ခင် ရေကြည်အိုင်တို့ အောင်သပြေတို့လို စစ်ကြောရေးငရဲခန်းတွေကို အရင်သွားရပါတယ်။
နောက်တော့ လူမဆန်အောင် မသေရုံတမယ် ညှဉ်းပန်းနှိပ်စက်ပြီးမှ စွဲချင်တဲ့အမှုစွဲပြီး ထောင်ချတာပါ။

ထောင်ဆိုရင်လည်း မိသားစုက ထောင်ဝင်စာ အမြဲတမ်းလာတွေ့နိုင်ရင် သက်ဆိုးရှည်နေမှာစိုးလို့ အဝေးတကာ့အဝေးဆုံးထောင်တွေမှာ ထားပါတယ်။
မသေသေအောင်ကို အနုနည်းနဲ့သတ်တာပါ။ ဘယ်လောက် ရက်စက်မိုက်ရိုင်း ယုတ်မာတဲ့ အစိုးရပါလဲ။ မိသားစုမှာ ငွေကုန်လူပန်း နဲ့ထောင်ဝင်စာလာတွေ့ရ။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေမှာလည်း ထောင်အာဏာပိုင်တွေရဲ့ တမင်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ ခံရ။ လောကငရဲရဲ့ ထပ်ဆင့်လောကငရဲပါပဲ။

ပြီးတော့ အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတာ လုံးဝမရှိဘူးလို့ တွင်တွင်ကြီး အရှက်မရှိငြင်းဆိုလိုက်ပါသေးတယ်။ ကျနော်ဖတ်ဖူးတဲ့ ထောင်တွင်း အတွေ့အကြုံစာအုပ်တခုမှာ "နိုင်ငံရေးအကျဉ်းသားတွေက ဒါဆိုရင်ကောင်းပြီ ကျုပ်တို့ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးဆိုရင် သာမာန်အကျဉ်းသားတယောက်အခွင့်အရေးပေးပါ" ဆိုတော့လည်း ဖိနှိပ်ညှဉ်းပန်းဖို့ပဲသိတဲ့ ထောင်အာဏာပိုင်ဆိုတဲ့ ဘုရားတကာတွေက မပေးပြန်ပါဘူး။ သီးသန့်အကျဉ်းသားလို့ပဲ ခေါ်ပါသတဲ့။ အို ပြောရရင်တော့ ပြောလို့ကို ဆုံးမှာ မဟုတ်တော့ပါဘူး။

ဒါဟာ နိုင်ငံရေးမှုနဲ့ အကျဉ်းချခံရတဲ့ လူသားတယောက်ရဲ့ဘ၀ တစိတ်တပိုင်းကို မိတ်ဆွေတို့ ကိုယ်ချင်းစာတတ်အောင် ချယ်မှုန်းပြတာပါ။ အမှန်တကယ်တော့ ကျနော်ရေးထားတာထက် အဆရာထောင်ချီအောင်နိုင်ငံရေးအကျဉ်းသားတွေဘ၀က ဆိုးဝါးပါတယ်။

အဲလို ဘ၀ပေါင်း ၂ ထောင်ကျော် ထောင်တွေထဲမှာ အဆိုးဝါးဆုံး ဒုက္ခပေါင်းစုံကို ခါးစည်းခံရင်း အသက်ဆက်နေရပါတယ်။ အမှန်တော့ ဒီလူတွေကို စစ်အစိုးရက လုံးဝကို လွှတ်ပေးသင့်ပါတယ်။ ဒါပေမယ့် ကျနော်ပြောရဲပါတယ်။ ဒီအစိုးရရှိနေသရွေ့ ဘယ်သောအခါမှ လွှတ်ပေးလိမ့်မှာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ထောင်ထဲက ပုဂ္ဂိုလ်တွေက သူတို့ အာဏာတည်မြဲရေးကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့သူတွေဆိုတာ သိထားတဲ့အတွက်ပါ။
့သေချာတာတခုကတော့ နိုင်ငံရေးအကျဉ်းသားအရေအတွက်က ရှေ့ဆက်မလျော့မယ့်အပြင် ထပ်တိုးလာဖို့ပဲရှိပါတယ်။

ဒါကြောင့် ကျနော်တိုက်တွန်းချင်တာတခုကတော့ ဒီလူတွေလွတ်မြောက်ဖို့အတွက် ခင်ဗျားတို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ သူတို့ ဒီလိုဖြစ်နေတာကို ပြစ်ထားရင် မကြာခင် ခင်ဗျားအလှည့် ကျနော့်အလှည့်ရောက်လာပါလိမ့်မယ်။ သူတို့ ဒုက္ခရောက်ချိန်မှာ ကျနော်တို့ မသိသလိုနေရင် ကျနော်တို့ ဒုက္ခတွေ့ချိန်မှာ သူတို့လည်း မမြင်ချင်ယောင်ဆောင်ကြပါလိမ့်မယ်။

မိတ်ဆွေ သတိလက်လွတ်မနေပါနဲ့။ မိနစ်တိုင်း စက္ကန့်တိုင်းမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်သူတွေကို ကယ်တင်ဖို့ အားထုတ်စေလိုပါတယ်။
မြန်မာပြည်လွတ်မြောက်ဖို့ မိတ်ဆွေအပေါ်မူတည်နေတယ်ဆိုတာ အမြဲသတိရနေပါ။ အားလုံးကို လေးစားစွာဖြင့်...
မောင်ညီလေး

No comments:

Post a Comment