Wednesday, September 2, 2009

ခမိခဆဲ နှင့် ဘလော့ခ်ဂါ ဆူးမိုဃ်း အင်တားဗျူး


ခမိခဆဲ : အခု သံဃာတော်တွေ တတိယအကြိမ်သံဃာ့သပိတ်ဆင်နွှဲမယ်ဆိုတာ မြန်မာပြည်မှာ တော်တော်လေး သတင်းတွေ ဂယက်ရိုက်နေတာ ကြားမိမှာပေါ့။ အဲ့ဒီအပေါ် ခင်ဗျားအမြင်လေးကို သိပါရစေ။

ဆူးမိုဃ်း : ကျနော့်ရဲ့  တသီးပုဂ္ဂလ အမြင်နဲ့ ပြောရရင်တော့ .. မဖြစ်စေချင်ဘူးဗျ .. နိုင်ငံရေး မငြိမ်မသက် ဖြစ်ရင် .. ပြည်သူတွေလည်း အနည်းနဲ့ အများ ထိခိုက်တာပဲလေ .. အိမ်ရှေ့ ပူရင် အိမ်နောက် မချမ်းသာ ဆိုသလိုပေါ့ .. တကယ်လို့ .. အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာခဲ့မယ် ဆိုရင်တော့ .. ပြည်သူတစ်ရပ်လုံးရဲ့  ဆန္ဒအတိုင်းပါပဲ ..




ခမိခဆဲ : တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတယ်ဆိုတာ ကြားဖူးမှာပါ။ ခင်ဗျားအနေနဲ့ မဖြစ်စေချင်ဘူးဆိုတော့ နိုင်ငံတော်ရဲ့ဖွဲ့စည်းအုပ်ချုပ်မှုတွေကို သဘောကျလို့လားမသိဘူးခင်ဗျ။

ဆူးမိုဃ်း : သဘောကျတယ်လည်း .. မဟုတ်ဘူး .. မကျဘူးလည်း မဟုတ်ပါဘူး .. ဒါပေမယ့် .. ကျနော့် အမြင်ပြောရရင် .. လူသားတစ်ယောက်မှာ .. သူ့ ရဲ့  ကိုယ်ပိုင် အမြင် .. ကိုယ်ပိုင် ယူဆချက်တွေကို ထုတ်ဖော်ပြသခွင့် ရှိတယ်လို့တော့ ထင်ပါတယ် ..


ခမိခဆဲ : အဲ့တာဆိုလို့ရှိရင် အခု ခင်ဗျားမွေးကတည်းကနေ အခုအထိ ကိုယ်ပိုင်ယူဆချက်တွေကို ထုတ်ဖော်ပြသခွင့် ရှိခဲ့သလား။

ဆူးမိုဃ်း : ကျနော်ကတော့ .. အေးအေးချမ်းချမ်းနေရတာကို .. သဘောကျပါတယ် .. တခြား လူအများစု အနေနဲ့ကတော့ .. ထိုက်သင့်သလောက် အခွင့်အရေး မရကြဘူး ထင်ပါရဲ့ ဗျာ .. ဟုတ်မဟုတ်တော့ မသိဘူးနော့ ..

ခမိခဆဲ : အေးအေးချမ်းချမ်းနေရတာကို သဘောကျတယ်ဆိုတာ ဟုတ်ပါပြီ။ နိုင်ငံတော်ကြီး ချွတ်ခြုံကျနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် ခင်ဗျားအနေနဲ့ အေးအေးချမ်းချမ်းနေနိုင်ပါဦးမလား။

ဆူးမိုဃ်း : ဒါကတော့ .. ရေကန်ထဲကို ခဲတစ်လုံး ပစ်ချရင်တောင် .. ရေပွက်လေးတော့ ထသေးတာပဲဗျာ .. ငလျင်လှုပ်တယ်ဆိုမှတော့ .. အိမ်တွေတောင် ပြိုချင်ပြိုနိုင်တာပဲလေ ..
အကျိုးရှိလို့ အကြောင်း ဖြစ်လာတာပဲ ..

ခမိခဆဲ : အဲ့တာဆိုလို့ရှိရင် ခင်ဗျားအနေနဲ့ အခုလို သံဃာတွေ သပိတ်မှောက်ပြီဆိုကြပါစို့။ အဲ့လိုအခြေအနေမျိုးမှာ ခင်ဗျားက ဘယ်လိုသဘောထားမလဲ။ ဘယ်လိုမြင်မလဲ။ ဘယ်လိုထင်မြင်ချက်ပေးမလဲ။

ဆူးမိုဃ်း : အင်း .. ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် .. ကလေး တစ်ယောက်ပေါ့ဗျာ .. သူလိုချင်တာကို ပူဆာမယ် .. မရရင် အော်ငိုမယ် .. အော်ငိုလို့မှ မရဘူးဆိုရင် .. အဲ့ကလေး ဘာလုပ်မလဲ .. ကြာလာတော့လည်း အငိုတိတ်သွားမှာပဲလေ .. အဲ့လို ခဏခဏ မရတဲ့အခါ .. ငိုခြင်းဆိုတဲ့ အတတ်ပညာဟာ အသုံးမ၀င်မှန်း သိသွားပြီး .. ငိုရမှာ ထုံသွားမလားပဲ .. ကျနော်ကတော့ .. ငိုစေချင်ပါတယ် .. ကလေးဆိုတာ .. ငိုရမယ့် ၀တ္တရား ရှိတယ်လေ ..

ခမိခဆဲ : ခင်ဗျားက ငိုမယ့်ထဲမှာပါမှာလား။ ငိုမယ့်ကလေးငယ်တွေကို မငိုနဲ့လို့ ဘေးကနေ ပြောမယ့်အထဲမှာပါမှာလား။

ဆူးမိုဃ်း: ကျနော်လား ... ဖြစ်နိုင်ရင်တော့ မငိုချင်ဘူး ... တကယ် ငိုဖို့လိုအပ်လာမယ်ဆိုရင်တော့လည်း .. ငိုရတော့မှာပေါ့ဗျာ .. ကျနော်လည်း ကလေးစိတ် သိပ်မကုန်သေးပါဘူး ..

ခမိခဆဲ : ခင်ဗျားစိတ်ထဲမှာ အခု နိုင်ငံတော်အစိုးရရဲ့လုပ်ရပ်တွေကို ဘယ်လိုမြင်ပါသလဲ။ ခင်ဗျာအခုလိုနေထိုင်ရတာကို ကျေနပ်နေတယ်လို့ ဆိုလိုချင်တာလား မသိဘူး။

ဆူးမိုဃ်း : ဘယ်လိုမြင်သလဲ ဆိုတော့ .. မမြင်တတ်ဘူးဗျ .. ကျနော်ကိုယ်တိုင်ကလည်း .. ပုံမှန် မဟုတ်တဲ့ ကိစ္စတွေကို စိတ်မ၀င်စားတတ်တာပါတယ် .. အခု နေရတာတော့ မဆိုစလောက် အဆင်ပြေပါတယ် .. လူတန်းစား နှစ်ရပ် ရဲ့  ကွာဟာမှု ကြီးမားနေတာ တစ်ချက်ပဲ .. စိတ်ထဲ ဘ၀င်မကျ ဖြစ်မိတာပဲ ရှိတယ် ..

ခမိခဆဲ : နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတတ်ဖို့ ပြည်သူတစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်တဲ့ဘက်က ပါဝင်ချင်တဲ့စိတ်မျိုးရှိမယ်ဆိုရင် ဘယ်အခမ်းကဏ္ဍက ပါဝင်ချင်ပါသလဲ။

ဆူးမိုဃ်း : ကျနော်က အွန်လိုင်းလောက က ဆိုတော့ .. အွန်လိုင်းကနေပဲ .. ပြည်သူတွေ အတွက် အသိပညာတွေ ပေးရင်း .. တစ်တက်တစ်အား ပါဝင်ချင်ပါတယ် ...

ခမိခဆဲ : အွန်လိုင်းလောကက ဘလော့ခ်ဂါတစ်ယောက်အနေနဲ့ ကြုံဆုံရတဲ့အခက်အခဲလေးကို ပြောပြပေးပါဦး။

ဆူးမိုဃ်း : အဓိက ကတော့ .. Connection နှေးကွေးမှု ပြဿနာနဲ့ .. လိုင်းပိတ်ဆို့မှု ပေါ့ဗျာ .. Blogger တော်တော်များများ .. ကြုံတွေ့ ရတဲ့ အခက်အခဲပါပဲ ..

ခမိခဆဲ : အဲ့လိုကွန်နက်ရှင်နှေးကွေးအောင် နိုင်ငံတော်က ဘာကြောင့်လုပ်ထားတာလဲ။ လိုင်းတွေကို ပိတ်ဆို့ထားတာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။ ဘယ်လိုလိုင်းမျိုးတွေကို အဓိကထား ပိတ်ပင်သလဲဆိုတာလေး ပြောပြပေးပါ။

ဆူးမိုဃ်း : ကျနော့်အထင် ပြောရရင် .. connection နှေးကွေးအောင် နဲ့ လိုင်းတွေပိတ်ဆို့အောင် လုပ်ထားတဲ့ အကြောင်းက .. နိုင်ငံရေး လှုံ့ ဆော်မှုတွေ မပြုလုပ်နိုင်အာင် ဟန့်တားထားတယ်လို့ ထင်ပါတယ် .. ဘလော့ဂ်ဂါ တော်တော်များများကလည်း နိုင်ငံရေး ဘလော့ဂ်တွေ ရေးကြတာ များတယ်လေ ..

ခမိခဆဲ : နိုင်ငံရေးဘလော့ခ်ရေးသားတဲ့ ဘလော့ခ်ဂါတွေကို ခင်ဗျားရဲ့အမြင်လေးပေါ့၊ ပြောပြပေးပါ။

ဆူးမိုဃ်း : ကောင်းပါတယ် ... Internet ကို လူငယ်တော်တော်များများ use to ဖြစ်နေတဲ့ ခေတ်ကြီးမှာ .. နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ဖြန့်ဝေပေးတာ ... လေးစားဖို့ကောင်းပါတယ် .. ကျနော်တော့ .. သူတို့ကို လိုက်မှီဖို့ အတော်လိုသေးတယ်ဗျ .. အသိပညာရော .. ရဲစွမ်းသတ္တိရောပေါ့ ..

ခမိခဆဲ : မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတော်ကြီးကို သူများနိုင်ငံတွေလို ဖွံ့ဖြိုးတိုးတတ်မှုမရှိပဲ ကြာလေဆုတ်ယုတ်လာလေ ဖြစ်လာတာဘာ့ကြောင့်လို့ ထင်ပါသလဲ။

ဆူးမိုဃ်း : အဓိကကတော့ .. ပိတ်ဆို့မှုတွေကြောင့်ပေါ့ဗျာ ... စီးပွားရေး .. လူမှုရေး .. နိုင်ငံတကာ သံတမန်ရေး .. တော်တော်များများကို ပိတ်ဆို့ ထားတာကြောင့်လို့ ထင်ပါတယ် ...

ခမိခဆဲ : အခု မြန်မာနိုင်ငံမှာ ပညာအရေအချင်း ၁၀ တန်းရှိတဲ့ ကလေးတွေကို ကြံ့ဖွတ်က စစ်သင်တန်းပို့ချနေတဲ့အပေါ်မှာ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

ဆူးမိုဃ်း : ဘုရားရေ .. တကယ်လားဗျာ .. ကျနော် မသိလိုက်တာ အံ့သြစရာပဲ ... တကယ်ဆို .. မဖြစ်သင့်ပါဘူး .. ကျောင်းနေ အရွယ် ကလေးတစ်ယောက်အတွက် .. သူ့ ဦးနှောက်ထဲ ထည့်ထားရမှာက .. ပညာရေးနဲ့ လူမှုဆက်ဆံရေး နှစ်ခုပဲလေ ..

ခမိခဆဲ : နောက်ဆုံးအနေနဲ့ သံဃာတော်တစ်ပါးက၊ ဒါမှမဟုတ် ပြည်သူတစ်ယောက်က ခင်ဗျားကို ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်မယ်ဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ။

ဆူးမိုဃ်း : ရေနစ်နေတဲ့ လူတစ်ယောက်က .. သူ့ ကို ကယ်ဖို့အတွက် .. ခင်ဗျားကို လက်ကမ်းမယ်ဆိုရင် .. ခင်ဗျား ဘယ်လိုဆုံးဖြတ်မလဲ .. ခင်ဗျား လက်တစ်ဖက် သူ့ဆီ အရောက်ပေးမလား .. ဒါမှ မဟုတ် ... လျစ်လျူရှုပြီး လှည့်ထွက်သွားမလား .. ကျနော်ကတော့ .. လူဆန်တဲ့ .. လူသားပီသတဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ် ...

ခမိခဆဲ : ဒါဆို တတိယအကြိမ်သံဃာ့သပိတ်ကြီးကို ပြည်သူတွေဘက်က လက်ကမ်းကြိုဆိုမယ်လို့ မျှော်လင့်ရတယ်ပေါ့။ အဲ့ဒီအပေါ်လေးကော.....

ဆူးမိုဃ်း : ပြည်သူတစ်ရပ်လုံးက .. ကျနော့်လိုပဲ .. လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်ချင်ကြမယ်လို့ မျှော်လင့်ပါတယ် ...

ခမိခဆဲ : မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဘာပြောချင်ပါသေးလဲ။

ဆူးမိုဃ်း : မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း .. စိတ်၏ ကျန်းမာခြင်း .. ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး .. ဘက်စုံဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တစ်ရပ်ဆီ အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျာ ..

ခမိခဆဲ : အခုလိုဖြေကြားပေးတဲ့ ခင်ဗျားကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

ဆူးမိုဃ်း : ဟုတ်ကဲ့ .. ကျနော်ကလည်း .. ပြည်သူတစ်ရပ်လုံးရဲ့  ကိုယ်စား ကျေးဇူးတင်ပါတယ် ဆိုတာကို ပြောချင်ပါတယ် ဗျာ ..

1 comment: