Saturday, November 21, 2009

နာဂတိုင်းရင်းသားအရေး အလေးထားရန် တောင်းဆို


ဧရာဝတီ
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ပိုင်း နာဂလန်း(Nagagland) ပြည်နယ် အုပ်ချုပ်သူများက မြန်မာနိုင်ငံရှိ နာဂလူမျိုးများအရေး အလေးထားရန်နှင့် နယ်မြေသီးခြားသတ်မှတ်ပေးရန် အာဏာပိုင်များကို အကြံပြုတောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

အိန္ဒိယရှိ နာဂလူမျိုးများ၏ လူမှုရေး၊ ပညာရေး တိုးတက်ရေးကို အိန္ဒိယအစိုးရမှ လုပ်ဆောင်ပေးနေသော် လည်း မြန်မာပြည်တွင်းမှ နာဂလူမျိုးများမှာမူ ထိုသို့သော အခွင့်အရေးများ မရရှိကြသော်ကြောင့် ယခုကဲ့သို့ အကြံပြုရခြင်းဖြစ်သည်ဟု နာဂလန်း အထက်လွှတ်တော် အမတ်တဦးက ဆိုသည်။

“ကျနော်တို့ အခုအကြံပြုတာက တရားဝင်ရယ်တော့ မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ မြန်မာ အစိုးရကို ပြောချင်တာက ပြည်တွင်းမှာရှိတဲ့ နာဂလူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားပေးဖို့ပါ” ဟု အထက်လွှတ်တော်အမတ် Khekiho Zhimomi က ဧရာဝတီသို့ပြောသည်။

tamo-ap

မြန်မာနိုင်ငံရှိ နာဂ တိုင်းရင်းသားကို တွေ့ရစဉ်
နာဂလန်းပြည်နယ်နေ နာဂလူမျိုးများမှာ လူမျိုးရေးခွဲခြားခြင်း၊ ဖိနှိပ်ခံရခြင်းများမရှိဘဲ လွတ်လပ်စွာ နေထိုင်ရ ခြင်း ပညာသင်ခွင့်ရခြင်း၊ အိန္ဒိယအစိုးရက အလေးထားခြင်း အစရှိသည့် အကျိုးများ ခံစားနေရသော်လည်း မြန်မာပြည်တွင်းမှ နာဂလူမျိုးများမှာမူ ဖိနှိပ်မှုများခံစားနေရဆဲဖြစ်ကြောင်း၊ နာဂအမျိုးသားတဦးအနေဖြင့် မြန်မာနိုင်ငံတွင်း နေထိုင်သော မျိုးနွယ်စုများတိုးတက်ရေးကို မျှော်ကိုး၍ ပြောဆိုရခြင်းဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။

သူက ဆက်လက်ပြီး“မြန်မာအစိုးရအနေနဲ့ သူ့တိုင်းပြည်မှာရှိနေတဲ့ နာဂလူမျိုးတွေကို သူတို့ကိုယ်ပိုင် နယ်မြေသတ်မှတ်ပေးတာ မျိုး၊ သူတို့ တိုးတက်ရေးအတွက် လုပ်ပေးတာမျိုးတွေ ရှိသင့်တယ်။ ကျနော်တို့ အခုလို ပြောတာက ကျနော် တို့ အကျိုးအတွက်မဟုတ်ဘဲ မြန်မာပြည်အကျိုးအတွက်ပါပဲ”ဟု ပြောသည်။

နာဂတိုင်းရင်းသားများ အရေးနှင့်ပတ်သက်ပြီး နာဂလန်းပြည်နယ် ၀န်ကြီး Neiphiu Rio သည်လည်း နယူးဒေလီရှိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကြည်သိန်းနှင့် တွေ့ဆုံ၍ ပြောဆိုမှုများ မကြာခဏ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာသံအရာရှိမှ အထက်သို့ တင်ပြပြောဆိုပေးမည်ဟု ဆိုသော်လည်း ယခုကဲ့သို့ ပြောဆိုခြင်းမှာ အစိုးရ ချင်း ပြောဆိုသကဲ့သို့ တရားဝင်မဟုတ်သေးသည့်အတွက် အကျိုးသက်ရောက်မှု နည်းမည်ဖြစ်ကြောင်းနှင့် နာဂတိုင်းရင်းသားများအရေးကို အိန္ဒိယ ပါလီမန်တွင် တင်ပြ၍ နှစ်နိုင်ငံအစိုးရချင်း ပြောဆိုမှုဖြစ်ပေါ်လာရန် လိုအပ်သည်ဟု Zhimomi ကဆိုသည်။

“မြန်မာအစိုးရဘက်က အများကြီးလည်း လိုက်လျောနိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်ပါတယ်။ အများ ကြီးလည်း မမျှော်လင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုပြောခွင့်ရလို့ အနည်းဆုံးတော့ မြန်မာအစိုးရအနေနဲ့ နာဂ လူမျိုးတွေအရေးကို အလေးထားပြီး လုပ်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”ဟု သူက ဧရာဝတီသို့ ပြောသွား သည်။
နာဂလန်းပြည်နယ် အုပ်ချုပ်သူများအနေဖြင့် ဤသို့ အကြံပြုချက်များပေးသော်လည်း မြန်မာပြည်တွင်းရှိ နာဂတိုင်းရင်းသားများ တိုးတက်ရေးအတွက် တစုံတရာ အကျိုးရှိလိမ့်မည်မဟုတ်ဟု နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ကဆိုသည်။
“ဒါက ထူးထူးခြားခြား ပြောင်းလဲမယ်လို့ မထင်ဘူး။ အခုချိန်ထိ ဖိနှိပ်မှုတွေကတော့ ရှိနေတာပဲ။ အဓိကက တော့ အစိုးရချင်းပြောတာဆိုရင်တော့ ထိရောက်မှုရှိလိမ့်မယ်။ ကိုယ်တိုင်ကြိုးပမ်းမှုလည်း လိုတာပဲ”ဟု နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ ဥက္ကဌ ဦးစောဆ က ပြောသည်။

နာဂတိုင်းရင်းသားများသည် နယ်မြေခံစစ်တပ်ပိုင် လယ်မြေများကို အခကြေးငွေမဲ့ ထွန်ယက်ပေးရခြင်း၊ လုပ်အားပေး စေခိုင်းခြင်း၊ အတင်းအကျပ် ဘာသာပြောင်းစေခြင်း၊ လယ်မြေများ သိမ်းဆည်းခံရခြင်းများ ကြုံတွေ့ကြရခြင်းကြောင့် အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်တွင်းသို့ ထွက်ပြေးခိုလှုံလာခြင်းများ ရှိနေသည်။

အိန္ဒိယနိုင်ငံရောက် နာဂတိုင်းရင်းသားများကမူ အဆိုပါ အကြံပြုချက်နှင့် ပတ်သက်၍ အားရကျေနပ်ကြောင်း ပြောဆိုကြသည်။

“ဒီလိုပြောဆိုတာတွေရှိလာတော့ ကျနော်တို့ နာဂလူမျိုးတွေကောင်းကျိုးအတွက်ဆိုတော့ ၀မ်းသာပါတယ်။ ကျနော်တို့ ဒီဘက် (နာဂလန်းပြည်နယ်) မှာက ဖိနှိပ်တာတွေမရှိဘူး။ လွတ်လွတ်လပ်လပ် ပညာသင်ခွင့် ဆိုတာမျိုး ရတော့ ပြည်တွင်းက နာဂလူမျိုးတွေကိုလည်း ဒီလိုဖြစ်စေချင်တယ်လေ”ဟု နာဂအမျိုးသား ကိုထွန်းထွန်းက ပြောသည်။

ပြည်တွင်းရှိ နာဂတောင်တန်းဒေသမှာ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းမှ အစပြု၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသည့်အတွက် မြန်မာအစိုးရက ပစ်ပယ်မေ့ဖျောက်ထားသော ဒေသဖြစ်နေသည်ဟု သူကဆိုသည်။

နာဂတိုင်းရင်းသားများသည် ရှေးယခင်ကတည်းက ချင်းပြည်နယ် မြောက်ဖျားပိုင်း၊ စစ်ကိုင်းတိုင်း အနောက် မြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် နေထိုင်ကျက်စားခဲ့ကြပြီး ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရလက်ထက် နယ်နိမိတ်များ သတ်မှတ်သည့်အချိန်တွင် အိန္ဒိယနိုင်ငံပိုင်နှင့် မြန်မာနိုင်ငံပိုင်အဖြစ် နှစ်ပိုင်းကွဲသွားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နာဂလန်းပြည်နယ်အဖြစ် တည်ရှိပြီး မြန်မာနိုင်ငံတွင်မူ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း လဟယ်၊ လေရှီး၊ ခန္တီး၊ တမူး စသည့်ဒေသများ၊ ချင်းပြည်နယ် မြောက်ဖျားပိုင်း နာဂတောင်တန်းဒေသများ တွင် နေထိုင်လျက်ရှိသည်။

No comments:

Post a Comment