Wednesday, December 2, 2009

အာဇာနည်မျိုး သေရိုးမရှိ (အမှတ်တရဆောင်းပါး) ရဲဘော်ဖိုးသံချောင်း


ခေတ်ပြိုင်
ကျနော်က ဦးတင်မောင်ဝင်းကို မတွေ့ဖူး။ ဒါပေမယ့် သူ့နာမည်ကိုတော့ အစောကြီးကတည်းက ကြားဖူးခဲ့ပါတယ်။ ကိုကိုးကျွန်းကိုရောက်ကာစ ညတွေမှာ ရေနံဆီမီးအိမ်လေးတွေသာရှိတာမို့ အစည်းအဝေး တိုးတိုးကြိတ်ကြိတ်လုပ်ချင်လုပ်၊ မဟုတ်ရင် လေကန်ကြပါတယ်။ အဲဒီအခါမှာ အနယ်နယ်အရပ်ရပ်၊ ထောင်တကာကလာတဲ့လူတွေမို့ ကိုယ့်ထောင်အတွေ့အကြုံတွေထဲက ပြောစမှတ်လေးတွေကို ပြောကြပါတယ်။ အဲဒီလိုအခါမှာ အင်းစိန်ထောင် နံပါတ် (၅) အဆောင်က ရဲဘော်တွေဆီက စိတ်ဝင်စားစရာတွေ အများကြီးကြားရတတ်ပါတယ်။ အဲဒီအဆောင်ကို ကျောင်းသားဆောင်လို့လည်း ခေါ်ကြပါတယ်။ ကျောင်းသားဆောင်လို့ ခေါ်ပေမယ့် ကျောင်းသားတွေက အပေါ်ထပ်၊ ဝန်ကြီးတွေ၊ အတွင်းဝန်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေက အောက်ထပ်ဆိုသလို နေရတာဖြစ်ပါတယ်။

သူတို့ဆီကတဆင့် ဦးတင်မောင်ဝင်းတို့ အဖမ်းခံရတဲ့အခါ သူ့ဖခင်ဦးဝင်းရှိရာ
(၅) ဆောင်ကို ညကြီးမင်းကြီးပို့လာပုံ စတာတွေ ကြားဖူးရပါတယ်။ အဖေ့ကိုဖမ်းပြီးနောက် သားကိုထပ်ဖမ်းထည့်လိုက်တဲ့ကိစ္စမို့ ကျန်နိုင်ငံရေးသမား တွေက စာနာစွာနဲ့ စိတ်ဝင် တစား၊ စောင့်ကြည့်ကြပုံတွေ ကြားသိရခဲ့ပါတယ်။ နောက်ကျန်တာတွေကတော့ ဦးတင်မောင်ဝင်းကိုယ်တိုင် သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ရေးထားတာမှာ ဖတ်ဖူးကြပြီးသားမို့ အထူးမရေးလိုတော့ပါ။ ဒါပေမယ့် ထူးထူးခြားခြား ထောက်ပြချင်တဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ဦးတင်မောင်ဝင်းတို့ဟာ (ဆိုလိုတာမိသားစုတစုလုံး) ရှစ်လေးလုံး အင်အားစုတွေ ထိုင်း-ဗမာနယ်စပ်ကို ရောက်လာတယ်လို့ ကြားရတဲ့အခါမှာ သူတို့အဖို့ အခြေကျနေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံကနေ ဖောင်ဖျက်ပြီး ဒီအင်အားစုတွေနဲ့ လက်တွဲလုပ်ဖို့ ထိုင်း-ဗမာနယ်စပ်ကို ပြောင်းလာကြတာဖြစ်ပါတယ်။ ဒီနေ့နယ်စပ်မှာ ဖြစ်ပျက်နေတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒါဟာ ဘယ်လို စွန့်လွှတ်မှုမျိုးဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်ပါတယ်။

နောက်တချက်က အဲဒီလို နောက်မှရောက်လာတဲ့ ကျောင်းသားတွေအပါ အတိုက်အခံအင်အားစုတွေနဲ့ မူလဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားအင်အားစုတွေအကြား နားလည်မှုရအောင်၊ အထူးသဖြင့် တိုင်းရင်းသားအင်အားစုတွေက သူတို့ကို လက်ခံလာအောင် လုပ်ရာမှာ ဦးတင်မောင်ဝင်းဟာ အဓိကလှုပ်ရှားခဲ့သူတဦးလို့ ကြားရ၊ နားလည်ရပါတယ်။ သူလိုပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်မှုကြောင့်သာ ထိုင်း-ဗမာနယ်စပ်မှာ နဝတ-နအဖဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရင်ထက်ပိုများပြား၊ ကြီးထွားလာတာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ ကျနော့်အမြင်မှာ ဒါကပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒါကတော့ သူဟာ နောက်ဆုံးထွက်သက် အထိ မူပေါ်မှာကြံ့ကြံ့ခိုင် ရပ်တည်သွားတယ်ဆိုတဲ့အချက်ပါပဲ။ သူ့တသက်မှာ စစ်အာဏာရှင်တွေကို အလျှော့ပေးလိုစိတ်၊ အသိအမှတ်ပြုလိုတဲ့ဆန္ဒသဘောထား တစက္ကန့်၊ တစက်ကမှ မဖော်ပြခဲ့ပါဘူး။

တကယ်ကို အာဇာနည်ပီသသူပါ။

ဒီနေရာမှာ အာဇာနည်ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်း ဖြတ်ပြောချင်ပါတယ်။ ဗမာဝေါဟာရ သက်သက်သဘောဆိုရင်တော့ အာဇာနည်ဆိုတာ သေလွန်သူတွေကိုမှ ခေါ်ဝေါ်တာမဟုတ်ပါ။ အသက်ရှင်နေထိုင်သူများကိုလည်း ဒီဂုဏ်ပုဒ်နဲ့ထိုက်တန်ရင် ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာကျတော့ အာဇာနည်ဆိုတာ ပြည်သူလူထုအတွက် ကိုယ့်အသက်ကို စွန့်လွှတ်သွားသူတွေ ဆိုတဲ့ အဓိပ္ပာယ်နဲ့ပဲ အများက လက်ခံသုံးစွဲနေကြပါတယ်။

မှန်ပါတယ်။ အာဇာနည်တိုင်းကို တယောက်မကျန် ဂုဏ်ပြုရပါမယ်။ တိုက်ပွဲမှာကျဆုံးသူဖြစ်စေ၊ ထောင်ထဲမှာကျဆုံးသူဖြစ်စေ၊ ဆေးရုံမှာ ကိုယ့်အိမ်မှာ ကျဆုံးသူဖြစ်စေ၊ ပြည်သူလူထုအတွက် ပြည်သူလူထုရဲ့ ရန်သူကို ဆန့်ကျင်ရင်း ကျဆုံး (ကွယ်လွန်) သူတွေကို အာဇာနည်လို့ သတ်မှတ်ရမယ်လို့ပဲ ကျနော်ယုံကြည်ပါတယ်။ အခြေအနေပေးရင်ပေးသလို သူတို့ကို ထိုက်တန်စွာ ဂုဏ်ပြုရပါမယ်။ တနေ့မှာ သူတို့အတွက် အာဇာနည်ဗိမာန်ကြီး တည်ဆောက်ရမှာဖြစ်ပေမယ့် ဒီနေ့မှာလည်း တတ်နိုင်တဲ့နည်းနဲ့ ဂုဏ်ပြုရပါမယ်။

တခါက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရှမ်းပြည်အလယ်ပိုင်း ပြောက်ကျားအခြေခံဒေသမှာ သတ်မှတ်ချက်တခုလုပ်ထားပါတယ်။ အဲဒါကတော့ ကျဆုံးသွားတဲ့ ရဲဘော်ကို မြှုပ်ထားတဲ့နေရာအနား ဖြတ်သွားတိုင်း ရဲဘော်တွေဟာ ကျောက်ခဲတလုံး တင်ခဲ့ရမယ်ဆိုတာပါပဲ။ ဒီလိုနဲ့ အဲဒီလိုနေရာတွေမှာ ကျောက်တိုင်လိုလို၊ ကျောက်ပုံလိုလို အထိမ်းအမှတ်လေးတွေ ဖြစ်တည်လာခဲ့ပါတယ်။

ကိုကိုးကျွန်းမှာလည်း ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား၊ အထိမ်းအမှတ်ကျောက်တိုင် စတာတွေကို အင်မတန်မှ လေးလေးနက်နက်နဲ့ ခမ်းခမ်းနားနားလုပ်ပါတယ်။ ရဲဘော်တယောက် ကျဆုံးတယ်ဆိုရင်ပဲ ချက်ချင်း အင်တာနေရှင်နယ် သီချင်းဆို၊ နောက်မှာ သီးသန့်ဂုဏ်ပြုအခမ်းအနားလုပ်၊ သူ့ပုံတူရေးဆွဲ၊ သူ့ဂုဏ်ပြုသီချင်း ရေးစပ်သီဆိုပါတယ်။ နောက်ဆုံးမှာ အာဇာနည် (၈) ဦးစလုံးအတွက် သီးသန့်ကျောက်တိုင်စိုက်ထူပြီး ဂုဏ်ပြုအခမ်းအနား လုပ်ပါတယ်။ မဟာမိတ်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားလို့ တက်ရောက်လာကြပါတယ်။ အာဇာနည် (၈) ယောက် အထိမ်းအမှတ် (၈) ပေနဲ့ (၈) လက်မအမြင့်၊ (၈) မြှောင့်ပုံ၊ ထိပ်မှာကြယ်နီကြီးနဲ့ ကျောက်တိုင်ဆောက်ဖို့အတွက် လိုအပ်တဲ့ ဘိလပ်မြေ၊ ထုံး၊ အုတ် စတာတွေကို အာဏာပိုင်တွေဆီမှာ တိုက်ပွဲရဲ့အောင်ပွဲ အရှိန်နဲ့ လေမာမာနဲ့ တောင်းဆိုခဲ့ကြပါတယ်။ နောက် ကိုကိုးကျွန်းကနေ ပြန်ပို့တဲ့နေ့ မနက်အစောကြီး၊ မိုးမလင်းမီမှာ သူတို့ကိုမြှုပ်နှံတဲ့နေရာကို အားလုံးသွားပြီး တည်ကြည်လေးနက်စွာ အလေးပြုခဲ့ကြပါတယ်။
ဒီနေရာမှာ ထောက်ပြစရာ ပြဿနာတခုရှိနေပါတယ်။ အဲဒါက ပြည်တွင်းပြည်ပက တချို့လူတွေဟာ လက်နက်ချတွေ၊ သစ္စာ ဖောက်တွေကိုလည်း သူတို့သေဆုံးတဲ့အခါမှာ သူရဲကောင်းအာဇာနည်တွေနဲ့ တတန်းတည်းထား ဂုဏ်ပြုနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီလက်နက်ချ၊ ဒါမှမဟုတ် သစ္စာဖောက်ဟာ စာပေအနုပညာကြောင့်ဖြစ်စေ၊ တခုခုကြောင့် နာမည်ရတဲ့လူ ဖြစ်နေရင် ကိုယ့်မိတ်ဆွေ၊ တနည်းအားဖြင့် ငါဟာသူ့မိတ်ဆွေလို့ လက်မထောင်ပြီး ဂုဏ်ပြုစာတွေ ရေးဖွဲ့တာ တွေ့ရပါတယ်။ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ စိတ်လည်းပျက်ရပါတယ်။ တော်လှန်ရေးသမားတွေရဲ့ စည်းတွေစံတွေ ပျောက်ကုန်တာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားတယောက်အဖို့ လက်နက်ချတယ်ဆိုတာ သာမန်ကိစ္စလေးတခု၊ လူတွေ မလွှဲမရှောင်သာ လုပ်ရတဲ့ကိစ္စလေးတခုလို့ ယူဆနေကြဟန်တူပါတယ်။ ငါသာသူ့နေရာမှာဆိုရင် ဆိုတဲ့စဉ်းစားနည်းမျိုး စဉ်းစားလိုက်ရဲ့လား မသိပါဘူး။ လက်နက်ချလောကနဲ့ တော်လှန်ရေးသမားလောကအကြား သောင်ရင်းမြစ်ကလေးတခု၊ စည်းကြောင်းလေးတခု ခြားနေတာမဟုတ်ပါဘူး။ ကမ္ဘာကြီး ခြားနေတာဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင် အဲဒီလို ဂုဏ်ပြုစာတွေကို အတိုက်အခံတွေရဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ၊ စာစောင်တွေမှာ တွေ့ဖူးထားတဲ့အတွက် အခုလို ဦးတင်မောင်ဝင်းကို ချီးကျူးဂုဏ်ပြုနေရာမှာ အဲဒါတွေနဲ့ ရောထွေးသွားမှာ တကယ်ပဲ စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော “ပူဇာစ ပူဇနေယျာနံ” ဆိုတဲ့ ပူဇော်ထိုက်သူကို ပူဇော်ထိုက်၏ ဆိုတဲ့ စကားလိုပဲ ကျနော်ကလည်း ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလိုတာနဲ့ ဒီစာကို ရေးလိုက်တာ ဖြစ်ပါတယ်။
အာဇာနည်များ ကမ္ဘာတိုင်အောင် ဥဒါန်းတွင်ရမည်။

No comments:

Post a Comment