Sunday, December 6, 2009

တမာလေညှင်း၏ ခွန်းဆိုသော ရင်မှစကား လောအယ်စိုး


မိုးမခ စာပဒေသာ - အက်ဆေး
ကျနော်သည် ကရင်ပြည်နယ် ကျေးလက်ဒေသ တခု၌ ကြီးပြင်းလာခဲ့သော သူ တယောက်ဖြစ်သည်။ မွန်၊ ရှမ်း၊ ဗမာ၊ ပအိုးဝ် နှင့် ကရင်လူမျိုးတို့ ရောနှော နေထိုင်သော ကရင်ပြည်နယ်၏ ရေ၊ မြေ ၊ တောတောင်၊ ဓလေ့ထုံးစံ ၊ ဘာသာရေးပွဲတော်များ အကြား၊ ပြည်တွင်း မငြိမ်မသက် မှုကြောင့် ကရင်ပြည်နယ်အတွင်း ကျေးလက်ပြည်သူများတို့ ရင်နင်ဖွယ် ခံစားရသော နာကျင်သည့် အဖြစ်အပျက် အနိဋ္ဌာရုံတို့ကို မျက်ဝါးထင်ထင်တွေ့မြင် ခံစားခဲ့ရသည်။

အစိုးရစစ်တပ်က တဖက်၊ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းက တဖက် ကြားထဲတွင် မြေစာပင် ဖြစ်ရရှာသော ကျေးလက် ပြည်သူလူထုတို့၏ ဘဝများ နည်းတူ ကျနော်၏ မိသားစုပါ ပြည်တွင်းစစ်၏ ဝါးမြို လောင်မြှိုက်ခြင်းကို တစိတ်တပိုင်း ခံစားခဲ့ရပါသည်။ ညီဖြစ်သူနှင့် ကျနော် တဦးနှင့် တဦး ကွဲကွာခဲ့သည့် နှစ်ပေါင်းက နှစ်ဆယ့်တနှစ် ကျော်ကျော် ကာလ။ ကျနော် အသက် ၁၇ နှစ် ကတည်းက ကွဲကွာခဲ့ကြပြီး၊ တဦးနှင့် တဦး ပြန်လည် ဆုံတွေ့တော့ ကျနော်က အသက် ၃၈ နှစ်၊ သူက ၃၇ နှစ်၊ အိမ်ထောင်ကျလို့ နေပါပြီ။

မိမိ၏ မိသားစု အဖြစ်အပျက်ထက် ပို၍ ဝမ်းနည်း ကြေကွဲဖွယ် ကောင်းသော မိသားစုများတို့၏ အဖြစ်အပျက်များက ဒုနှင့်ဒေး။ ရင်နှင့်လွယ်၍ မွေးခဲ့ရသော သားသမီး အိမ်က ထွက်သွားသည့်ကတည်းက နောင် ဘယ်သောအခါမှ ပြန်လည်၍ မဆုံဖြစ်ခဲ့ကြသည့် မိသားစုဝင်ပေါင်းက ရာထောင်ချီ ရှိမည်။ ထိုထက်မက ပို၍ အရေအတွက် များကောင်းများနေမည်။ အစိုးရနှင့် ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းထံ ဝင်ရောက်ပြီး မိမိ ခံယူ ယုံကြည်ထားမှုအတိုင်း ကျရာ စွမ်းဆောင်နိုင်မည့် တာဝန်ကို ထမ်းဆောင်ချင်သော လူငယ်များ ရှိသလို၊ မိသားစုဝမ်းရေး အတွက် ထိုင်းနိုင်ငံအတွင်း ရရာ အလုပ်ကို သွားရောက် လုပ်ကိုင်ကြရရှာသော လူငယ်များတို့၏ ဦးရေကလည်း ထောင်သောင်းမက ကျော်၍ သိန်းဂဏန်း အရေအတွက်ထိပင် ရောက်ရှိသွားပေပြီကော။

တောင်တန်း၊ သစ်တော၊ စမ်းချောင်းများနှင့် ကြည်နူးဖွယ် ကောင်းလှစွာသော ကရင်ပြည်နယ် ကျေးလက်များတွင် ဝဿန်ခါနှောင်း၍ ဆောင်းဟေမန်ဦး၌ ကျင်းပလေ့ရှိသော ဘာသာရေး၊ ရိုးရာဓလေ့ ပွဲလမ်းများတွင် ကရင်ပြည်နယ် အတွင်းရှိ သားပျို၊ သမီးပျိုများ ကျေးလက်တွင် မရှိသလောက် မတွေ့ရသလောက် ခမ်းခြောက်သည့် အခြေအနေ ရောက်ရှိသွားပေပြီ။ ကရင့်ရိုးရာ ဒုံးယိမ်း အကများကို နှလုံးသားစည်းချက်အတိုင်း ကကွက်များ ပုံဖော်ခဲ့ကြသော ကရင့်သားပျို သမီးပျို တို့သည် ထိုင်းနိုင်ငံအတွင်းရှိ စည်သွပ်စက်ရုံများ၊ ချည်ထည် စက်ရုံများတွင် ကြုံရာ အလုပ် လုပ်ကိုင်ကြရရှာသော အလုပ်သမားများ အဖြစ် လည်းကောင်း၊ အိမ်စေသမ ပုံစံမျိုးဖြင့် တသွယ်၊ မိဘများ၏ နှလုံးသားကို နာကျင်စေသော ပြည့်တန်ဆာခန်းများနှင့် အခြား အခြား ကျနော် မသိနိုင် လက်လှမ်း မမီနိုင်သော လုပ်ငန်းအသီးသီးတို့တွင် သွေး၊ ချွေး၊ အသက်နှင့် ရင်း၍ ဝမ်းရေးအတွက် လုပ်ကိုင်ကြရရှာသည့်သူများ ဖြစ်သွားကြသည်မှာ ဆယ်စုနှစ် သုံးစုကျော်၍ သွားပေပြီ။

ပြီးတော့လည်း ထိုင်းမြန်မာနယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်းများတွင် မိမိတို့၏ ဘဝများကို ယာယီသဘော အခြေချ နေရရှာသော ထောင်သောင်း ချီသည့် မိသားစုဝင်များ လက်နက်စွဲ၍ ရှေ့တန်း စစ်မျက်နှာ အသီးသီးတွင် ယမ်းနံ့၊ သွေးစိမ်းညှီနံ့များကြား အသက်ကို နှင်းအပ်ထားသည့် မွန်၊ ဗမာ၊ ရှမ်း၊ ကရင် မိခင်များတို့၏ အဖိုးတန်ရတနာ သားများ အားလုံး လွှမ်းခြုံ ကြည့်လိုက်လျှင် ခါးသီးလှစွာသော စနစ်ဆိုးကြီးကြောင့်ပင် ဖြစ်သည်။ ထိုစနစ်ဆိုးကြီး၏ ဂယက်ကို မြန်မာနိုင်ငံအဝှမ်းတွင် နေထိုင်ကြသော ပြည်သူပြည်သားတို့ အလူးအလဲ ခံစားနေကြရရှာသည်။

လွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေးရပြီးခါစ ရွှေရောင် လွှမ်းခဲ့သော မြန်မာနိုင်ငံ၏ အခြေအနေတို့ကြောင့် မိမိ၏ မွေးရပ်မြေကို စွန့်ခွာပြီး မြန်မာနိုင်ငံသို့ ရွေ့ပြောင်းလာကြသော အိန္ဒိယ၊ တရုတ် အနွယ်ဝင်များတို့သည်လည်း မြန်မာနိုင်ငံသားများ နည်းတူ ခံစားခဲ့ရရှာပါသည်။

မြန်မာ့သမိုင်း မည်သည့် အချိန်ကျမှ ကောင်းသည့်ဘက်သို့ တပတ် ပြန်လည်ဦးမည်နည်း။ ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် စစ်မီးဒဏ်ကြောင့် ပြေးလွှားနေရရှာသော ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်တို့မှ မိသားစုဝင်များတို့၏ အနိဋ္ဌာရုံ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်တို့ကို တခါတရံ ကမ္ဘာ့ထိပ်တန်း သတင်းစာကြီးများတွင် ဖော်ပြသည်ကို တွေ့ရတတ်သလိ၊ု နိုင်ငံတကာ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင်လည်း နိုင်ငံခြား သတင်းထောက်တို့၏ စွန့်စားမှုများကြောင့် ကမ္ဘာ့ပြည်သူများ တွေ့မြင်ခဲ့ကြရသည်။

ထိုင်း- မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းနံဘေး ကလေးက တဖက်ချီ၊ မနိုင့်တနိုင် အထုပ် အပိုးကို သယ်နေရရှာသော ကရင့်သားသည် မိခင်များ၊ ခြေပြတ် လက်ပြတ် မြေမြှုပ်မိုင်းဒဏ် သင့်သူတို့၏ ပုံရိပ်၊ အင်ဖက်မိုး ဝါးထရံကာ ဝါး စာရေးစားပွဲများတွင် ပညာ သင်ကြားနေသော ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်းတွင်းရှိ ကရင့် ရင်သွေး လူမမယ်များ၊ ထိုဘဝ ပုံရိပ်များတို့ကို ကျနော်ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသလို၊ မဂ္ဂဇင်း သတင်းစာမျက်နှာများတွင် တွေ့မြင်ဖတ်ရှုခဲ့ရပါသည်။

၁၉၄၉ ခုနှစ်ကတည်းက တောက်လောင်ခဲ့သော ကရင်ဗမာ လူမျိုးရေး ပဋိပက္ခမီးသည် သိန်းနှင့် ချီသော နှစ်ဘက် ပြည်သူ လူထုကြီး၏ ဘဝများကို မညှာမတာ ဝါးမြို လောင်မြိုက်ကာ အတိဒုက္ခ ပင်လယ်ဝေခဲ့လေပြီ။ ထို လူမျိုးရေး အာဃာတ အမုန်းတရားကြီးသည် ယနေ့ထက်ထိတိုင် ဝမ်းနည်းစွာ ဖွဲမီးကဲ့သို့ တမြေ့မြေ့နှင့် လောင်ကျွမ်းနေဆဲလည်း ဖြစ်သည်။ ထိုအမြှိုက်မီး မည်သည့်အချိန်ထိ ဆက်လက် လောင်ကျွမ်းနေဦးမည်လည်း။ မည်သူမျှ ထိုအဖြေကို အတိအကျ ဖြေဆိုနိုင်မည် မဟုတ်သေးပါ။

သေချာသည်ကတော့ မြန်မာစစ်အစိုးရနှင့် ကရင့်လက်နက်ကိုင်တို့ တဘက်နှင့် တဘက် ဖြစ်ပွားနေသော ပဋိပက္ခကြားတွင် ထောင်သောင်းချီသော နိုင်ငံ၏ သားရတနာ၊ သမီး ရတနာလေးများတို့၏ သွေးနှင့် အသက်တို့ ရက်ရက်စက်စက် စတေးခြင်းကို ခံနေရသည်။ ၎င်းတို့ကို အသုံးပြုခဲ့ကြသည်။ အသုံးပြုနေဆဲလည်း ဖြစ်သည်။ တဘက်က နာကျည်းမှု အရင်းခံနှင့် ဂလဲ့စား ချေလိုမှုနှင့် ရင်ဆိုင်ရသော စစ်ပွဲ။ တဘက်က ဝမ်းရေးအတွက် ထွက်ပေါက်ရှာ၍ မရသည့်အဆုံး တွယ်ကပ်ပြီး စစ်တပ်ထဲတွင် အမှုထမ်းဆောင်ပါက ဘဝ အဆင်ပြေမည်ဟု ယုံကြည်ပြီး မြန်မာ့တပ်မတော်ထဲသို့ ရောက်ရှိလာသော လူငယ်များ။

အိမ်ပြေးကလေးများ စာသင်ခန်းကို ငြီးငွေ့၍ မီးရထား ဘူတာရုံ၊ ကားဂိတ်၊ သင်္ဘောဆိပ်တို့တွင် ယောင်လည်လည် ဖြစ်နေချိန်၊ အတင်းအကျပ် ခေါ်ဆောင်ခံရပြီး မြန်မာ့တပ်မတော်ထဲသို့ ရောက်ရှိလာကြရရှာသော လူငယ်များ၏ အရေအတွက်များကလည်း မနည်းတော့။ သေချာတာတခုကတော့ ဆန့်ကျင်ဘက် အဖွဲ့အစည်း နှစ်ခု မှ လူငယ်များ တဦးနှင့်တဦး အငြိုး အာဃာတ ရှိရင်းစွဲ မပါဘဲနှင့် စစ်မြေပြင်တွင် ရေကုန် ရေခန်း တိုက်ခိုက် သတ်ဖြတ်နေကြသည်။ ၎င်းတို့ ဘာကြောင့် တဦးနှင့်တဦး တိုက်ခိုက်နေကြသည်ကိုတော့ သီးခြားသော အဖြေတခုစီ ရှိနေကြပါလိမ့်မည်၊ သို့မဟုတ် တိကျသော အဖြေလည်း နှစ်ဦး နှစ်ဖက်လုံးတွင် ရှိနေမည် မဟုတ်။

၎င်းကလေးတွေသည် စာသင်ခန်းများ၊ အလုပ်ရုံ စက်ရုံများ၊ နိုင်ငံ၏ ပြုပြင် တည်ဆောက်ရေး အခန်းကဏ္ဍများတွင် ရှိနေသင့်သည်၊ ရှိနေရမည်။ ယခုတော့ သူတို့တတွေ၏ ဘဝများသည် ငုံဖူး၍ ပွင့်ချိန်သို့ မရောက်ဘဲ လေရူးထဲတွင် ဘဝအကြွေ စောခဲ့ကြရသည်။ ထိုအဖြစ်ဆိုးများ ဆက်၍ မကြုံရလေအောင် တားဆီးဖို့ ကျနော်တို့ မျိုးဆက်များ အကောင်းဆုံး ကြိုးစား ဆောင်ရွက်ကြရတော့မည်။

ကျနော်တို့ ရိုးသားရမည်။ အနစ်နာခံရမည်။ သင်ပုန်းချေသင့်သည်များကို ချေရတော့မည် ဓား ဓားချင်း၊ လှံ လှံချင်း ဟူသော ကလဲ့စား ချေလိုသည့် စိတ်များ နိဂုံး ချုပ်နိုင်ဖို့ အချိန်ရောက်ပြီ။ ဒေါနတောင်တန်းပေါ်တွင် ချိုးငှက်လေးများ လွတ်လပ်စွာ ပျံသန်းနေသည်ကို ကျနော် မြင်လိုလှသည်။ ပဋိပက္ခမီးများကို ခွင့်လွှတ်ခြင်း၊ မေတ္တာ မိုးရေစက်ဖြင့် ပက်ဖြန်းကာ ငြိမ်းသတ်သင့်ပေသည်။
လူထုဒေါ်အမာ၊ ဆရာနေဝင်းမြင့်၊ ဆရာမဂျူးတို့၏ ဝထ္ထုတို ဆောင်းပါးများကို ဖတ်ပြီး ကျနော်သည် ဗမာလူမျိုးများ အဓိကနေထိုင်သည့် အညာမြေကို စိတ်ကူးယဉ်မိသည်။ ထိုဒေသများသို့ ကျနော် သွားချင်သည့် စိတ်များ တားဆီး၍ မရအောင် ဖြစ်ပေါ်လာခဲ့သည်။ မိမိ ကြီးပြင်းခဲ့သော ကရင်ပြည်နယ်နှင့် မည်ကဲ့သို့ ကွာခြားခြင်း ရှိမည်၊ ၎င်းတို့တတွေ၏ ဘဝနေထိုင်၊ လုပ်ကိုင် စားသောက်ကြသော လူနေမှုစရိုက်များ မည်သို့ ရှိနေမည်နည်း … စသည့် စသည့် အတွေး စုံလင်စွာဖြင့် ကျနော်သည် အညာမြေကို ရင်ခုန်မိခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် ပြည်ပ အဖွဲ့အစည်းတခုက ကျနော့်အား မြန်မာပြည်တွင်းရှိ ပြည်သူ ပြည်သားတို့၏ နေ့စဉ် အသက်ရှင်မှု စရိုက်ကို ထင်ဟပ် ပေါ်လွင်စေသော Photo Essay (ဓာတ်ပုံများဖြင့် ပြောသောစာပန်းကုံး) တခုကို လုပ်ဆောင် ရိုက်ကူးရန် အတွက် အဆိုပြုလာသည်။

ထိုအခွင့်အရေးကို ကျနော် အကောင်းဆုံး အသုံးချပြီး ဧရာဝတီမြစ်ကမ်းနံဘေး ဗမာ့ကျေးလက် ဒေသများတွင် နေထိုင်သော သူတို့၏ဘဝများကို ဓာတ်ပုံ ရိုက်ကူးလိုသည်ဟု အကြောင်းကြားလိုက်ပါသည်။ အဖြူအမည်း (Black and White) ဖလင်ဖြင့်သာ ရိုက်ကူးရန် ဆန္ဒ ရှိသည်ဟု ထပ်ဆင့်လောင်း၍ ပြောလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အဖြူအမည်း ဓာတ်ပုံသည် ကျနော့်အတွက် (Time Less) ပစ္စုပ္ပန် ကိုလည်း ပြောနေသလို အတိတ်တို့၏ ပုံသဏ္ဌာန်ကိုလည်း ဆောင်နေသော အချိန်ကာလ ကန့်သတ်မဲ့ အရောင်တမျိုး ဖြစ်နေသည့် အတွက်ပါ။

ဒီလိုနှင့် ကျနော် ဗမာလူမျိုးများ နေထိုင်သော တမာတန်းများရှိရာ အညာမြေလမ်းများသို့ လျှောက်ဖို့ မဟာအခွင့်ထူးကြီး ရရှိခဲ့ပေသည်။ ကြိုတင်ပြင်ဆင်မှု အနေဖြင့် ကျနော် ကြည်ညိုလေးစားသော အညာသူ၊ အညာသားစစ်စစ် စာရေးဆရာ ၊ စာရေးဆရာမကြီးများ တို့ကို သွားရောက် တွေ့ဆုံပြီး ကျနော် သိသင့်၊သိထိုက်သော အညာမြေ၏ အကြောင်းအရာများကို မေးမြန်းခဲ့ပါသည်။

ဆရာမကြီးလူထု ဒေါ်အမာက ကျနော့်ကို အကောင်းဆုံး အကြံဉာာဏ်များ ပေးခဲ့ပါသည်။ ဒီလိုနှင့် ကရင်လူမျိုး ဓာတ်ပုံဆရာတယောက်၏ အညာမြေခရီးစဉ် အစပြုခဲ့ပါသည်။

ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ သင်္ဘောဖြင့် စုန်ဆင်းကာ ဆီမီးခုံ ဆိပ်ကမ်းတွင် ဆင်းရမည် ဖြစ်သည်။ ခရီးသွားဖော်တစုနှင့် မိတ်ဆွေဖြစ်ပြီး ကျနော် ဘယ်အရပ်သို့ သွားမည့် အကြောင်း မေးမြန်းကြသော အခါ ကျနော်က “ဆီမီးခုံရွာ” ကို သွားမလို့ပါ ဟု ဖြေလိုက်သည်။ အမျိုးသမီးတဦးက “ဆမိတ်ခုံမြို့” ပါ “ ဆီမီးခုံရွာ” မဟုတ်ပါဘူးဟု ဖြေသည်။ ကျနော့်အတွက် သွားရမည့်အရပ်က မြို့လား ရွာလား မသိပါ။ ရောက်ဖို့ အဓိက ဖြစ်ပါသည်။

သြော် … ဟုတ်ပေသားပဲ။ မြင်းခြံခရိုင် “ဆီးမီးခုံ” ဒါမှမဟုတ် “ဆမိတ်ခုံ” အရပ်ကတော့ ရဲစခန်း ရှိသည်။ အထက်တန်းကျောင်း ရှိသည်။ ဆေးပေးခန်း ရှိသည်။ ဈေးရှိသည်။ မန္တလေးနှင့် မြင်းခြံကို ခရီးပြုဖို့ ကားဂိတ်ရှိသည်။ ဒါ့အပြင် ဗီဒီယိုရုံများ၊ တယ်လီဖုန်း ဆက်သွယ်၍ရသော နေရာ နှစ်နေရာလည်း ရှိလိုက်သေးသည်။ ဒါ့ကြောင့် “ ဆီမီးခုံ” သည် တောကျေးလက်လည်း မဟုတ်၊ မြို့လည်း ပီပီသသ မမည်သေး။ ဒါ့ကြောင့် တောမြို့လေး ဆမိတ်ခုံ။

လူငယ် ကျောင်းဆရာလေး တယောက်၏ အိမ်တွင် တည်းခိုရသည်။ မိသားစုဝင် အားလုံးက ကျနော့်ကို နွေးထွေး ပျူငှာစွာ ကြိုဆိုကြသည်။ လာရောက်သည့် ကိစ္စက ဓာတ်ပုံရိုက်ဖို့ ဆိုတော့ သူတို့တတွေ အတွက် ထူးထူး ဆန်းဆန်း တွေးမိကြပါလိမ့်မည်။ ဘာဓာတ်ပုံတွေ ရိုက်မှာလဲလို့ ?။

ပထမဆုံး ညနေစာကို အညာဟင်းလေးများဖြင့် အရသာရှိစွာ စားသောက်ရသည်။ ရာသီဥတုကလည်း စက်တင်ဘာလ ဆိုတော့ မိုးကလည်း မကုန်တတ်သေး။ ဒါ့ကြောင့် အညာမြေက ပူလောင်လှသည့် သူဇာတိကို သိပ်ပြီး မပြနိုင်သေး။ နေလို့ ထိုင်လို့ သိပ်ကောင်းသည့် အချိန် ရွာထဲကို လမ်းလျှောက်ပြီး ကြည့်လိုက်တော့ တရုတ်နိုင်ငံလုပ် မော်တော်ဆိုင်ကယ်များကလည်း ရွာလမ်းမကြီးမှာ ဥဒဟို။ သြော် … မြို့ ဖြစ်တော့မှာကိုး … ဟု တွေးမိလိုက်သည်။

လူငယ်ကျောင်းဆရာက ၎င်း၏အကို ကိုကျော်ကြီး (နာမည်ရင်းမဟုတ်) အား ကျနော်နှင့် မိတ်ဆက်ပေးပြီး ကျနော် ဓာတ်ပုံရိုက်မည့် ခရီးစဉ်တလျှောက် ၎င်းကပဲ ကူညီပေးမည်ဟု ပြောပါသည်။

ကိုကျော်ကြီးကို မြင်မြင်ချင်း ခင်မင်မိပါသည်။ အသားက မည်းစပ်စပ်၊ အရပ်က ရှည်ရှည်၊ ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် သူတဦးပါ။ ရွာထဲက လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်သောက်ဖို့ သွားကြသည်။ လက်ဖက်ရည်ဆိုင်ထဲ ရောက်တော့ ကျနော်တို့နှင့် အတူ ပါလာသူက ကျနော့်အား လက်ဖက်ရည် ဘယ်လိုသောက်မှာလည်း ဟုမေးပြီး လက်ဖက်ရည်ကို မှာသည်။ ပြီးတော့ ၎င်းကပဲ “ကျနော့်အတွက် တပိုင်း” ဆိုကာ မှာသည်။

ကျနော့်စိတ်ထဲတွင် မတင်မကျ။ ဒီလူတွေ မိုးတောင် မလင်းသေးဘူး၊ ဘာကြောင့် အရက်သောက်ရသလဲ စဉ်းစားမိသည်။ လက်ဖက်ရည်ခွက်တွေ လာချတော့မှ ရှင်းသွားတော့သည်။ ကျနော်ကတော့ ခွက်အပြည့်၊ သူ့ရဲ့ လက်ဖက်ရည်ခွက်က တဝက် သာသာ၊ ဒါကြောင့် တပိုင်းဆိုပြီး မှာတာကိုး။ လက်ဖက်ရည် တခွက်က ငါးဆယ်ကျပ်၊ ခွက်တဝက်(တပိုင်း) အတွက် နှစ်ဆယ့်ငါးကျပ်။ ရှင်းရှင်းလေးရယ်။

တိုက်ဆိုင်မှုပဲ ဆိုရမလားတော့မသိ ကိုကြီးကျော်က ကျနော်တို့ ညစာစားပြီး ရေနွေးကြမ်း စကားဝိုင်းတွင် စကားစမြည် ပြောကြရင်း ၎င်းသည် စစ်မှုထမ်းဟောင်း တဦး ဖြစ်နေသည်ကို သိလိုက်ရသည်။ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်ဖို့ အိမ်က စီးပွားရေး မကောင်းလှသောကြောင့် တက္ကသိုလ်လည်း ဆက်မတက်နိုင်၊ ပညာရေးကလည်း တပိုင်းတစ၊ ရွာထဲမှာ ဒီလိုပဲ အချိန်ကုန်နေမယ့် အတူတူ စစ်ထဲဝင်လိုက်တာပဲ ကောင်းပါတယ် ဟူသော ခံယူချက်ဖြင့် ၎င်းသည် တပ်မတော်(ရေ)တွင် ဝင်ရောက် အမှုထမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ စစ်သက်တမ်းက ၉ နှစ်ခန့် ကြာခဲ့ပေသည်။ (အတိအကျကို ကျနော် မမှတ်မိလို့ပါ)

ရွာထဲကလူတွေက (ဟာ … ကျော်ကြီးတယောက် ချိုင်းထောက်ကြီးနဲ့ ပြန်ရောက်လာတယ်၊ တိုက်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့လား မသိ) ဆိုပြီးတော့ အထင်တကြီး ဖြစ်ခဲ့ကြတယ် … လို့ သူက ရယ်မောကာ ကျနော့်ကိုပြောပြပါသည်။ အမှန်မှာ သူ တပ်မတော်ကနေ ဆေးပင်စင် ယူလိုက်ရပြီး ရွာကို ချိုင်းထောက်ကြီးနဲ့ ပြန်ခဲ့ရပါတယ်။ စစ်မြေပြင်မှာ တဖက်နဲ့ တဖက် တိုက်ကြ ခိုက်ကြရင်း ရရှိခဲ့သော သေနတ်ဒဏ်ရာ မဟုတ်ပါ။ အရက်ကို မတန်တဆ နင်းသောက်ရင်းကနေ လေဖြတ်သလို ဖြစ်တော့ မင်္ဂလာဒုံစစ်ဆေးရုံကို စစ်ရဟတ်ယာဉ်နဲ့ ပို့ပေးလိုက်ရသော အခြေအနေ ဆိုက်ရောက်ခဲ့ခြင်းပါ။ ရှေ့တန်းစစ်မြေပြင်ရဲ့ အနီးအနားကနေ မင်္ဂလာဒုံကို ပြန်ပို့ လိုက်ရခြင်းပါပဲ။

ဆေးရုံမှာ သုံးလနီးပါးလောက်ကြာခဲ့ပြီး ၎င်းခမျာ စစ်မှု ဆက်လက်ထမ်းဆောင်နိုင်ဖို့

ကျမ်းမာရေး မကောင်းတော့ကြောင်း စစ်ဆေးရုံ ဆရာဝန်၏ ထောက်ခံချက်ဖြင့် ဆေးပင်စင်

ရရှိကာ ရွာသို့ ပြန်ခဲ့ရသည်။ ဆင်းရုံက ဆင်းခါစမှာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့

ချိုင်းထောက်ကြီးနှင့် ရွာကို ပြန်ရောက်ခဲ့ခြင်းပါ။

ရွာမှာ လူများက ၎င်းအား နောက်ပြောင်၍ “ မှတ်ကျောက်တင်ခံသည့် သူရဲကောင်းကျော်ကြီး” ဟူ၏။

၎င်း၏ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်လောက်စရာ တပ်မတော်သားဘဝက ထူးထူးခြားခြား အဖြစ်အပျက်တခုကို ကိုကျော်ကြီး ကြုံခဲ့ရပါသည်။ ၎င်းအဖြစ်အပျက်ကို ကိုကျော်ကြီး တယောက် ကရင်ပြည်နယ်အတွင်း တွေ့ကြုံခဲ့ရခြင်းပါ။

တပ်မတော်ရေ၏ တပ်သား၊ ရဲဘော်ကျော်ကြီး ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ဂျိုင်းကျေးရွာတွင် စစ်ရေယာဉ်အငယ်စား၊ ဒေသအခေါ် “အဝေါ်ဝိုင်”ပေါ်၌ တာဝန်ကျနေစဉ်၊ ပျော်ပျော် ရွှင်ရွှင် နေတတ်သော ၎င်းသည် ဒေသခံများနှင့် လွန်စွာ ရင်းနှီးပြီး အဆင်ပြေသူ တဦးပါ။ စစ်ရေယာဉ်ပေါ်မှ အနီး ပတ်ဝန်းကျင် ရွာများဆီသို့ အရာရှိ မသိအောင် အလည်သွား၊ ကျုံဒိုးနှင့် ဂျိုင်း အရပ်ဒေသက ထမင်းဆိုင်၊ ဈေးဆိုင်က လူတွေနဲ့လည်း ရင်းနှီးတော့ ၎င်းတို့၏ အိမ်များတို့သည် တပ်သားကျော်ကြီး၏ ဝင်ထွက် စားသောက်သော အိမ်များ ဖြစ်ခဲ့သည်။

တနေ့၎င်းနှင့် ရင်းနှီးသူ ကျုံဒိုးမြို့ သင်္ဘောဆိပ်တွင် ထမင်းရောင်းသော ကရင်အမျိုးသမီးကြီးက ၎င်းအား “ကိုကျော်ကြီး … ကျမတို့ရွာမှာ မိသားစုအလှူ ရှိလို့ လိုက်ခဲ့ပါ” ဟူ၍ ရင်းရင်းနီးနှီး၊ လှိုက်လှိုက်လှဲလှဲကြီး ဖိတ်တော့ ရေတပ်သားကြီး အမောင်ကျော်ကြီးသည် ဝမ်းပမ်းတသာ၊ မဆိုင်းမတွ၊ အရာရှိကိုပင် အကြောင်းမကြားတော့ဘဲ ထိုမိတ်ဆွေ ကရင်အမျိုးသမီးကြီးရွာသို့ လိုက်ပါ သွားခဲ့သည်။

ကျုံဒိုးမြို့နှင့် အနည်းငယ် လှမ်းသော ရွာလေးတရွာတွင်ပါ။ ထမင်းရောင်းသော ကရင်အမျိုးသမီးကြီး၏ မိသားစုအလှူမှာ ကိုကျော်ကြီးက ၎င်းတို့၏ အထူးဧည့်သည် ဆိုတော့ အစွမ်းကုန် ဧည့်ခံကြသည်။ အသောက်တွေက အလျှံပယ် အပြင် ၎င်းနှစ်သက်သော ကရင်ရိုးရာ ဆန်ချက်အရက်တွေ ပါပေါ့။

လူကလည်း အတော့်ကို မူးနေတဲ့အချိန်။ ရွာထဲသို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ ရုတ်တရက် ဝင်လာပါတယ်။ အဲ့ဒိအဖွဲ့ထဲမှာ ကိုကျော်ကြီးကို စစ်ရေယာဉ်ပေါ်က ရေတပ်သားမှန်း သိနေတဲ့ လူတယောက် ပါလာပါတယ်။ သူက ကိုကျော်ကြီးကို အစိုးရတပ်သား ရန်သူဘက်က ဆိုပြီး ဖမ်းဆီးပြီး သတ်ဖို့ လုပ်ပါတော့တယ်။ ကိုကျော်ကြီးခမျာ လွန်စွာ တုန်လှုပ် ခြောက်ခြားပြီး အမူးတောင် ပြေသွားပါတယ်။

အဲ့ဒီအချိန် ၎င်းအား အလှူဖိတ်ခဲ့သည့် ထမင်းရောင်းသော ကရင် အမျိုးသမီးကြီးသည် ကရင်လက်နက်ကိုင် တပ်ဖွဲ့မှ ဗိုလ်ဖြစ်သူကို မိမိ၏ ဧည့်သည်ကို မသတ်ဖို့ တောင်းပန်ပါသည်။ ပြီးတော့လည်း ၎င်း၏ဧည့်သည်ကို သူမ၏ အသက်နှင့် ရင်းပြီး ကာကွယ်ရမည့် အကြောင်း၊ ဧည့်သည် ဖြစ်သော ကိုကျော်ကြီးကို မသတ်ရန် အတွက် ထပ်ကာ ထပ်ကာ တောင်းပန်သောအခါ ထို ကရင်စစ်ဗိုလ်သည် စိတ်ပျော့ပြောင်း၍ ကရုဏာစိတ် ပွားကာ ကိုကျော်ကြီးအား မသတ်ဘဲ အသက်ဘေးမှ ချမ်းသာခွင့် ပေးလိုက်ပါသည်။ ထို ကရင်အမျိုးသမီးကြီး ကိုယ်တိုင် ကိုကျော်ကြီးအား ကျုံဒိုးမြို့ အရောက် ပြန်၍ ပို့ဆောင်ပေးခဲ့သည်။ ၎င်းအတွက် မသေကောင်း မပျောက်ကောင်း ထိတ်လန့်

ချောက်ခြား ဖွယ်ရာ အဖြစ်အပျက် တခုပေါ့။

အဲ့ဒီကတည်းက ကိုကျော်ကြီးတယောက် ၎င်းအသက်ကို ကယ်တင်ခဲ့သော ထို ကရင်အမျိုးသမီးကြီးအပေါ် တနေ့မှာ ကျေးဇူး ဘယ်လိုတုံပြန်၍ ဆပ်ရမည် ဆိုတာကို အစဉ် တွေးမိတယ်လို့ ဆိုပါတယ်။ ပြီးတော့လည်း ထိုကရင်အမျိုးသမီးကြီးကို ကျေးဇူးပြုခွင့် မကြုံရရင်တောင် ကရင်လူမျိုး တဦးတယောက်ကို ကျေးဇူးပြုချင်နေတာ ကြာပြီဟု ကျနော့်အား ရိုးသားစွာ ပြောရှာပါသည်။

ဆီမီးခုံ (ဆမိတ်ခုံ) ကျေးရွာရဲ့ အနီးပတ်ဝန်းကျင် ကျေးရွာ ၅ ရွာသို့ သွားပြီး ဗမာလူမျိုးများ တို့၏ နေ့စဉ် နေထိုင် အသက်ရှင်မှုများကို ကျနော် ဓာတ်ပုံ လိုက်လံရိုက်ကူးးသာအခါ၊ ကိုကျော်ကြီးကပဲ ကျနော့်ကို တောက်လျှောက် အကူအညီ ပေးခဲ့ခြင်းဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင် ရွာသူ၊ ရွာသားများကလည်း ကိုကျော်ကြီးနှင့် ရင်းနှီးကြတော့ ကျနော့်အတွက် အရမ်းကို အဆင်ပြေလှပါတယ်။

အမျိုးသမီးငယ် ကိုယ်တိုင် နွားကိုနှင်၍ လယ်ထွန်နေသော မြင်ကွင်း၊ ၎င်းတို့တတွေ၏ ဘဝ၊ ထန်းတက်သမားများ၏ အားမာန်နှင့် ရုန်းကန်မှု၊ အညာမင်္ဂလာဆောင် တခု၏ ကြည်နူးဖွယ် ပုံရိပ်များ၊ ဧရာဝတီမြစ်ကမ်းဘေး၏ ညနေခင်း ကျေးလက်ခြင်းဝိုင်း၊ ရန္တပိုရွာ ရဲ့ မြေအိုးလုပ်ငန်းတွေ၊ ယိုယွင်း ပျက်စီးလုလု ဖြစ်နေသော မြန်မာ့သမိုင်းထဲမှ ဘုန်းတော်ကြီးကျောင်းများ၊ ကလေးသူငယ်များတို့၏ စာသင်ခန်းများ စသည် စသည့် … ဗမာတို့၏ အညာဘဝ ပုံရိပ်များတို့ကို ကျနော် ရိုက်ကူးခဲ့ပါသည်။

ရိုးသားလှစွာသော အညာမြေမှ ဗမာလူမျိုးများတို့၏ ပွင့်လင်းသည့် ဓလေ့စရိုက်၊ ဧည့်သည်ကို တန်ဖိုးထားတတ်သော နှလုံးသားများတို့ကို ကျနော်တယောက် လှိုက်လှဲစွာ အသိအမှတ် မပြု၍ မရတော့ပါ။ ညနေခင်း အိမ်တအိမ်မှ ဧည့်ခံလိုက်ပြီး နောက်တအိမ်မှလည်း ၎င်းတို့ ကျွေးမွေး ဧည့်ခံသော စားသောက်ဖွယ်ရာများကို မစားပါက စိတ်မကောင်း ဖြစ်ကြသည်။ နဂိုကတည်းက အစားအသောက် နည်းသော ကျနော့်အတွက် မစားနိုင်သည့် အဆုံးမှာတော့ အနည်းဆုံး မြည်းပြရသည်။

“ဟိုး…ကရင်ပြည်နယ် အဝေးကြီးက လာရရှာတာ”

ဆိုပြီး ကျနော့်အပေါ် သူတို့တတွေ ပို၍ ခင်မင်ကြသည်။ ဓာတ်ပုံ ဘာကြောင့် လာရိုက်သည် ဆိုသည့် ကိစ္စကိုတော့ ၎င်းတို့တွေ သိပ်ပြီး မမေးမြန်းကြ။ ၎င်းတို့၏ ဒေသသို့ အလည်လာသည့် ဧည့်သည်တယောက် ဆိုပြီး အကောင်းဆုံး ဧည့်ခံကြသည်။

ကရင်ပြည်နယ် အပါအဝင် မငြိမ်းချမ်းသော တိုင်းရင်းသား ဒေသများတွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဒဏ်ကြောင့် ဒေသခံ တိုင်းရင်းသားများ အကြီးအကျယ် အတိ ဒုက္ခရာက်ကြရသည်။ စစ်ဆင်ရေးနှင့် ဒွန်တွဲ ပါလာတတ်သော ပေါ်တာဆွဲခြင်း အမျိုးသမီးများကို မတရား ပြုကျင့်ခြင်း၊ အိမ်ယာများကို မီးတင်ရှို့ခြင်း၊ တရွာမှ တရွာ ခရီးသွားသည့် ကိစ္စများတွင်ပင် အစိုးရစစ်တပ်က ထောက်ခံချက်ပေးမှသာ ခရီးပြု၍ ရခြင်း၊ တောင်ကုန်းပေါ်တွင် နေရာယူတတ်သော အစိုးရတပ်စခန်းများပေါ်သို့အရောက် တပတ်စာ ကျေးလက် ဒေသခံ ပြည်သူများက ရေထမ်းတင်ပေးရခြင်း၊ တပ်စခန်းများကို ခြံစည်းရိုး ခတ်ပေးရခြင်း၊ ထိုသို့ နှိပ်စက်ခြင်း အဝဝ တို့ကို ဒေသခံ တိုင်းရင်းသားများ နှစ်ပေါင်း ကြာရှည်စွာ အလူး အလဲ ခံခဲ့ရရှာသည်။ ယခုလည်း ခံနေရဆဲ။

မိမိ၏ ဖခင်၊ ခင်ပွန်း ညီအကိုများ တို့ကို မျက်စေ့ရှေ့တွင်ပင် ရက်စက်စွာ ညှင်းပမ်းပြီးမှ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိသော တပ်မတော်သားတို့အား ဒေသခံ တိုင်းရင်းသားမားက ရွံရှာ နာကျည်း မုန်းတီးကြသည်။ ကလဲ့စား ချေလိုကြသည်။ ဝမ်းနည်းစရာကောင်းသည့် အချက်က ထိုလက်နက်ကိုင် တပ်မတော်သားများတို့သည် ဗမာစကား ပြောသော ဗမာလူမျိုး အများဆုံး ဖြစ်နေကြသည်။

ထို့ကြောင့် ဗမာဆိုလျှင် ကောင်းသည်၊ ဆိုးသည် မကြည့်တော့။ နာကျည်း၊ မုန်းတီးကြသည်။ ဒါကလည်း မဆန်း။ ဒေသခံတိုင်းရင်းသားတွေ အတွက် ၎င်းတို့ ဖြတ်သန်းခဲ့ရသော ဘဝ၏ သတ်မှတ်ထားသော “အမှန်တရား တခု”။

စေလိုရာစေ ဆိုပြီး ကျောင်းဆရာ ဘဝကို ရိုးသား ဖြူစင်စွာ ခံယူလိုက်သော ဗမာလူမျိုး ကျောင်းဆရာ ဆိုလျှင်လည်း တိုင်းရင်းသားတို့၏ ဒေသ နယ်စွန်နယ်ဖျားများသို့ ရောက်ခါစမှာ မယုံကြည်၊ သင်္ကာ မကင်းမှုများကို ကြုံတွေ့ရစမြဲ။ ၎င်းတို့အား အစိုးရ၏ သတင်းပေးများလား။ ထောက်လှန်းရေးများလား ဆိုပြီး သင်္ကာမကင်း မျက်လုံးများဖြင့် ကာလ အတော်ကြာ အကြည့်ခံရစမြဲ။

အချိန်ကာလတခုကို ဖြတ်သန်းပြီး ဒေသခံတို့၏ နှလုံးသားမှ လေးနက်စွာ အသိအမှတ်ပြုခြင်း ခံကြရသော မြန်မာပြည်မမှ ကျောင်းဆရာ အပါအဝင် အစိုးရ ဝန်ထမ်းများ ၎င်းတို့ဒေသမှ ပြောင်းရွှေ့သွားကြမည်ကိုပင် စိုးရိမ်ကြသည်။ ပြောင်းရွှေ့သွားသော အခါ၌လည်း ၎င်းတို့တတွေ ဝမ်းနည်းပက်လက် ဖြစ်ကြရသည်။

တဖက်တွင်လည်း တိုင်းရင်းသား ဆိုလျှင် အစိုးရဌာနတွေမှာ အကြီးအကဲဖြစ်ဖို့ လမ်းမမြင်တော။့ ပို၍ ဆိုးသည်က ခရစ်ယာန် ဘာသာဝင်များ ဖြစ်နေလျှင်ပေါ့။ ဗမာလူမျိုးတွေနှင့် တိုင်းရင်းသားတွေကြားထဲမှာ အိန္ဒိယ၊ တရုတ်နွယ်ဖွားများတို့ကလည်း မိမိတို့၏ဘဝ အဆင်ပြေစွာဖြင့် မြန်မာနိုင်ငံတွင် ရပ်တည်နိုင်ရန် အရာရာကို မီးစင်ကြည့်၍ ကနေရသည့် အဖြစ်တွေကလည်း အမျိုးမျိုး။

နှစ်ပေါင်း ခြောက်ဆယ်ကျော် ကိုလိုနီအင်္ဂလိပ်၏ လက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ခဲ့သည် ဆိုပေမယ့်လည်း ယနေ့တိုင်အထိ ကျနော်တို့ နိုင်ငံသည် သံသယ၊ ရန်လိုမှု၊ အမုန်းတရားများ အောက်တွင် ပိန်းပိတ်အောင် မှောင်လျက် အကျဉ်းကျခံနေရဆဲပင် ဖြစ်နေသည် မဟုတ်ပါလား။

ကြည်လင် ရှင်းသန့်သော အနာဂတ်ကို ကျနော်တို့၏ မျိုးဆက်သစ်များတို့အား လက်ဆင့်ကမ်းရန် လိုပေသည်။ ယခုလည်း အညာမြေကို ကျနော်ရောက်တော့ နွေးထွေးပျူငှာသော ကြိုဆို ဧည့်ခံမှု၌ ချစ်ခြင်း မေတ္တာတရားတို့ကို ကျနော်ခံစားရသည်။

မြန်မာနိုင်ငံ၏ ပြည်မမှ ဗမာလူမျိုးတို့သည် အကြောင်း တစုံတရာ တခုခုကြောင့် တိုင်းရင်းသားများ နေထိုင်ရာ ဒေသများသို့ ရောက်ရှိသွားကြသော အခါ ၎င်းတို့အား မယုံသင်္ကာ မျက်လုံး၊ အမုန်းတရားများ လွှမ်းခြုံထားသော အမြင်များဖြင့် အထင်ခံရသောအခါ ထိုအကြောင်းတရားတို့၏ အရင်းခံကို သူတို့တတွေ နက်ရှိုင်းစွာ သိနိုင်ကြမည် မဟုတ်။

“ဘာကြောင့် ငါတို့ကို ဒီလို မုန်းနေရတာလည်း” ဆိုသည်ကို အဖြေရှာဖို့ ခက်နေမည်။ သူတို့တတွေ မကျူးလွန်ခဲ့သော ပြစ်မှုများကို ၎င်းတို့တတွေအား မဆီမဆိုင်ဘဲ တဖက်သတ် စီရင်ချက် ချ ခံနေရသည်။

ပြီးခဲ့သော ကိစ္စ၊ နာကျည်းမှုများတို့တွေသည် ပြီးခဲ့ပြီ။ ထိုအတိတ်များတို့ကို ပြုပြင်ရန် ကျနော်တို့ တတ်နိုင်မည် မဟုတ်။ သင်ခန်းစာ ယူကြဖို့သာ ရှိတော့သည်။ ဆွေးမြေ့ ပုပ်စပ်နေသည့် အငြှိုး အာဃာတများကို ဆက်ပြီး သယ်ဆောင်နေကြရင်လည်း အနာဂတ် မြန်မာနိုင်ငံ အတွက် ဘာမျှ အကျိုးထူးပေးမည် မဟုတ်။ တဦးနှင့် တဦး တဖက်နှင့် တဖက် ရိုးသား ပွင့်လင်းစွာ အဖြေရှာဖို့ လိုပေမည်။ သို့မှသာ မြန်မာ့လူမှု အဖွဲ့အစည်းမှ အနာဂတ် ရင်သွေးငယ်များအဖို့ ကြည်လင် လတ်ဆတ်သော အနာဂတ် လေညှင်းကို ရှူရှိုက်နိုင်ခွင့် ရပေလိမ့်မည်။

တိုင်းပြည်ကို ချစ်သော ကျနော်တို့ တဦးတယောက်စီ တာဝန်တွေ ရှိသည် ကိုတော့ မမေ့အပ်။ ကျနော့်အဖို့ ဒီတာဝန်သည် အညာမြေခရီးစဉ်မှ အပြန်၊ လတ်ဆတ်သော တမာရနံ့ကို ရှုရှိုက်ပြီး ကွက်ကွက် ကွင်းကွင်းကြီး မြင်ခွင့်ရလိုက်သည်။

ခရစ်ယာန် သူတော်စင် သီလရှင် မာသာထရီဇာ ပြောခဲ့သည့် စကားတခွန်း ရှိပါသည်။

“ မနေ့ဟူသော အတိတ်သည် လွန်ခဲ့ပေပြီ။ အနာဂတ် ဆိုသော မနက်ဖန်သည် ယခု မရောက်သေးပါ။ ယခု ခံယူရရှိနေသော ပစ္စုပ္ပန်၊ ယနေ့ကို တန်ဖိုးရှိစွာ စတင်ပြီး အသုံးပြုကြပါစို့ …”

မေတ္တာဖြင့်

နိုဝင်ဘာ ၂၆၊ ၂ဝဝ၉

No comments:

Post a Comment