Friday, December 11, 2009

ထူးကုမ္ပဏီ ၀န်ထမ်းများ မောက်မာရိုင်းပျ ပြီး ကျနော်တို့လို အငြိမ်းစားအရာရှိကြီး တွေကိုတောင် တိရစ္ဆာန်လို ဆက်ဆံတာခံရတာ သိပ်ခံပြင်းတယ်”


ကျနော်တို့လို အငြိမ်းစားအရာရှိကြီး တွေကိုတောင် တိရစ္ဆာန်လို ဆက်ဆံတာခံရတာ သိပ်ခံပြင်းတယ်”
ထူးကုမ္ပဏီ ၀န်ထမ်းများ မောက်မာရိုင်းပျ
တခါသုံး ဂျီအက်စ်အမ် ပရီပေးကတ် (GSM Prepaid Card) များကို တဦးတည်း လက်ဝါးကြီးအုပ် ရောင်းချခွင့်ရထားသည့် ဦးတေဇပိုင် ထူးကုမ္ပဏီ ၀န်ထမ်းများ အလွန်မောက်မာရိုင်းပျကြောင်း ပရီပေးကတ် ၀ယ်ယူသူများက ပြောသည်။

အက်ဖ်အီးစီ (၂၀) တန် ပရီပေးကတ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က ထူးကုမ္ပဏီပိုင် ဆူးလေဘုရားလမ်းရှိ Myanmar Shopping Mall တွင် သွားရောက်ဝယ်ယူခဲ့သည့် အငြိမ်းစားဗိုလ်မှူးကြီးတဦးက “ဒီ ထူးကုမ္ပဏီဆိုတာ တပ်မတော်အစိုးရ လက်ထက်မှာ အခွင့်အရေးမျိုးစုံရပြီး ကြီးပွားချမ်းသာလာတာ။ ခုတော့ ကျနော်တို့လို အငြိမ်းစားအရာရှိကြီး တွေကိုတောင် တိရစ္ဆာန်လို ဆက်ဆံတာခံရတာ သိပ်ခံပြင်းတယ်” ဟု ပြောသည်။

ကတ်ရောင်းချိန် နေ့ခင်း (၂) နာရီဟု သတ်မှတ်ထားသော်လည်း လာရောက်ဝယ်ယူသူများကို ပုံမှန်မရှိဘဲ ပြောချင်သလိုပြော၊ ရောင်းချင်သလိုရောင်းချနေကာ မရောင်းလိုပါက ဆိုင်ထဲသို့ပင် ၀င်ခွင့်မပေးဘဲ မည်သည့်အချိန်ပြန်လည်ရောင်းချမည် ဆိုသည်ကို ပြောဆိုခြင်းမရှိကြောင်း စသဖြင့် မောက်မာစွာ ပြောဆိုဆက်ဆံသည်ဟု ကတ်ဝယ်ယူရန် သွားရောက်ခဲ့သူများက ပြောကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အက်ဖ်အီးစီ (၂၀) တန် ဂျီအက်စ်အမ် တခါသုံးဆင်းကတ် ထုတ်လုပ်ရောင်းချခွင့်ကို ၂၀၀၈ ဒီဇင်ဘာကစပြီး ထူးကုမ္ပဏီ လက်အောက်ခံ Central Marketing ကုမ္ပဏီကို တဦးတည်း ရောင်းချခွင့်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆင်းကတ် တကတ်ကို တလအတွင်းသာ သုံးခွင့်ရှိပြီး တလပြည့်သည်နှင့် နံပါတ်ပင် ပြန်သုံး၍မရတော့ကြောင်း၊ ခေါ်ဆိုခ ဈေးကြီးခြင်း၊ ဖုန်းအ၀င်အတွက် ငွေပေးရခြင်း၊ နံပါတ် အသေမရခြင်း၊ တလသာ သုံးရခြင်း စသည့် ပြဿနာအမျိုးမျိုး ရှိနေသော်လည်း ပုံမှန်ဂျီအက်စ်အမ် ဆင်းကတ်တခု အနည်းဆုံး ကျပ် (၁၇) သိန်းခန့် ပေါက်ဈေးရှိနေသည့်အတွက် ငွေကြေးမတတ်နိုင်သူများက အဆိုပါ တခါသုံး ဆင်းကတ်ကို ၀ယ်သုံးကြသည်။

ဆင်းကတ်များကို Central Marketing ကုမ္ပဏီက အက်ဖ်အီးစီ (၂၀) သာ သတ်မှတ်ထားသော်လည်း တဆင့်ခံ ရောင်းသူများကိုသာ ရောင်းချပေးနေပြီး အဆိုပါ တဆင့်ခံရောင်းသူများက ဆင်းကတ်တခု ကျပ် (၂၅,၀၀၀) ခန့် ရောင်းချနေသည့်အတွက် သာမန်ပြည်သူများက အက်ဖ်အီးစီ (၂၀) ဖြင့် ၀ယ်၍ရနိုင်သည့် ထူးကုမ္ပဏီပိုင် Shopping Mall တွင် လာရောက်ဝယ်ကြခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါမောလ်က ထူးကုမ္ပဏီ ၀န်ထမ်းများသည် တခါသုံးကတ်များကို ပြိုင်ဘက်မရှိ ရောင်းချခွင့်ရကြပြီး မောက်မာရိုင်းစိုင်းခြင်း၊ တနေ့ မည်မျှ ရောင်းမည်၊ မည်သည့်အချိန်၌ ရောင်းမည်ဆိုသည်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခြင်း မရှိဘဲ မှောင်ခိုထုတ်ရောင်းနေကြခြင်းဖြစ်သည်။

အဆိုပါ Central Marketing ကုမ္ပဏီသည် တနှစ်အတွင်း ဂျီအက်စ်အမ် ပရီပေးကတ် (၅) သိန်းနီးပါး ရောင်းချခဲ့ရပြီး ဒေါ်လာ (၁၀) သန်း ရရှိခဲ့ပြီ ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် အက်ဖ်အီးစီ (၅၀) တန် စီဒီအမ်အေ တခါသုံးကတ် (၁) သောင်းကျော် ကိုလည်း ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

-- အီမေလ်သို့ ပေးပို့ လာခြင်းကို ပြန်လည်းဖော်ပြပါသည်။
ဧကရီ
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment