Wednesday, June 23, 2010

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်အစိုးရက လူ့ရာဇဝတ်မှုတွေ ကျူးလွန်


နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်အစိုးရက စံနစ်တကျ ဖိနှိပ် ညှင်းပန်းနေတာတွေဟာ နိုင်ငံတကာ ဥပဒေ အရ လူလူချင်း စာနာမှုကင်းတဲ့ ရာဇဝတ်မှု မြောက်တယ်လို့ အိုင်ယာလန်နိုင်ငံ အမျိုးသား တက္ကသိုလ်၊ အိုင်းရစ် လူ့အခွင့်အရေး ဆိုင်ရာ ဌာန Irish Centre for Human Rights ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒီအစီရင်ခံစာကို မြန်မာနိုင်ငံတွင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေကို အချိန်အတော်ကြာ သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းပြုစုခဲ့တာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေကို ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးကို တင်နိုင်တဲ့ နိုင်ငံတကာဥပဒေတွေ၊ အရင် ယူဂိုဆလပ်ဗီးယားနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေက တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို တင်ရာမှာ သုံးခဲ့တဲ့ ဥပဒေတွေနဲ့ စီစစ်ပြီး မြန်မာစစ်အစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် ပြုမူမှုတွေဟာ Crime Against Humanity လူလူချင်း စာနာ ထောက်ထားမှု ကင်းမဲ့တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ အဲဒီအစီရင်ခံစာကို ရေးသားရာမှာ ပါဝင်ခဲ့တဲ့ အို်းရစ် လူ့အခွင့်အရေးဆိုင်ရာ ဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခဝီလျံရှဘတ်က ပြောပါတယ်။
ဒီလို လူလူချင်း စာနာ ထောက်ထားမှု ကင်းမဲ့တဲ့ ရာဇဝတ်မှုတွေ ရှိနေတာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ICC ကို တင်နိုင်အောင် ရည်ရွယ်ချက်နဲ့ ဒီအစီရင်ခံစာကို ဖြန့်ဖြူး ထုတ်ဝေခဲ့တာလို့ သူက ပြောပါတယ်။

No comments:

Post a Comment