Thursday, November 25, 2010

ဘုန်းကြီးနဲ့ နိုင်ငံရေး အတွေးအမြင် (၁၁ ) ချက်


၁. အာဏာရှင်ဘေးကို ဆင်ခြင်ရမယ်။

စစ်အာဏာရှင်ကိုတော်လှန်ရဖို့အတွက်ပျင်းလာလျှင်ကြောက်လာလျှင်၊လူ့အခွင့်ရေးတွေကိုတောင်းဆိုဖို့အတွက် ပျင်းလာလျှင် ကြောက်လာလျှင် နှိပ်စက်ခံရမယ့်ဘေး၊ ညှင်းဆဲခံရမယ့်ဘေး၊လူ့အခွင့်ရေးတွေ ရှုံးဆုံးခံရမယ့်ဘေး လူနဲ့တူအောင်မနေရမယ့်ဘေးကို ဆင်ခြင်ရမယ်။

၂. ဒီမိုကရေစီ၏ အကျိုးအာနိသင်ကို သိရမယ်။

လူနဲ့တူအောင်နေခွင့် မရမယ့် စစ်အာဏာရှင်အောက်မှာ နေရမယ့် သားစဉ်မြေးဆက်ဒုက္ခနှင့် နှိုင်းစာလျှင် လူ့အခွင့်ရေးရဖို့အတွက် စစ်အာဏာရှင်ကို တော်လှန်နေရတဲ့ဒုက္ခက မပြောပလောက်ဘူး။ လူနဲ့တူအောင် နေရမယ့် သုံးရမယ့် ခံစားရမယ့် ဒီမိုကရေစီ၏ အကျိုးအာနိသင်ကို သိရမယ်။

၃. လမ်းစဉ်ကို ဆင်ခြင်ရမယ်။

ခေတ်အဆက်ဆက် မြန်မာ့သူရဲကောင်းနှင့်မြန်မာပြည်သူပြည်သားတွေဟာ ၀ီရိယနှင့်သတ္တိကို မူတည်ပြီး လူ့၏ အခွင့်ရေး နိုင်ငံ၏အခွင့်ရေးကို ရအောင်ယူခဲ့ကြတယ်။မပျင်းမရိ ဇွဲရှိရှိနဲ့ မိသားစုတိုင်းအတွက်ကြိုးစားခဲ့ကြတယ်။

၎. နိုင်ငံ၏ အကျိုးကို မျှော်ကိုးတတ်ရတယ်။

ပြည်သူလူထုတိုင်းမှာ အခွင့်အရေးနှင့် အကျိုးရှိလျှင် မိမိတို့နေထိုင်တဲ့နိုင်ငံမှာလည်း အကျိုးများမယ်။ မျက်နှာလှ မယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်လျှင်လည်းအောက်မကျဘူး။သူများနိုင်ငံများမှာလည်း မျက်နှာငယ်စွာအလုပ် သွားလုပ်စရာမလိုဘူး။ဝန်ထမ်းတွေ အကျင့်မပျက်ဘူး၊တောင်းစားစရာမလိုဘူး။ တိုင်းရင်းသားတွေ အချင်းချင်း စစ်ပွဲမဖြစ်ဘူး။ ကျောင်းသားနဲ့ ၀မ်ထမ်း ရန်မဖြစ်ဘူး။ကျောင်းသားအရွယ် ကျောင်းနေနိုင်တယ်။ဘွဲ့ရတဲ့ကျောင်း သားတိုင်း အလုပ်ရနိုင်တယ်။

၅. အမွေခံ ဖြစ်စေရမယ်။

လောကမှာ သားကောင်း သမီးကောင်းတွေသာ မိဘရဲ့အမွေကို ခံယူထိုက်တယ်။ ၀ီရိယနည်းတဲ့ သတ္တိနည်းတဲ့ ပုဂ္ဂိုလ်တွေ သူရဲကောင်းတွေရဲ့ အမွေကို မခံယူထိုက်ဘူး။ ၀ီရိယရှိမှ သတ္တိရှိမှ မြန်မာပြည်သူ မြန်မာပြည်သားဆို တဲ့အမည်ကို ခံယူထိုက်တယ်၊မြန်မာမှန်ရင် ရဲရင့်တယ် သတ္တိရှိတယ်။မြန်မာတွေဟာ ကြောက်စိတ်နဲ့ ကြောင်စိတ် ကို ခွဲခြားသိတယ်။ မကောင်းတာလုပ်ရမှာကို မြန်မာတွေက ကြောက်တယ်။ လူထုကောင်းဖို့အတွက် တိုင်းပြည် ကောင်းဖို့အတွက်ဆို မကြောက်ဘူးမကြောင်ဘူး။သတ္တိနဲ့ ၀ီရိယပြည့်စုံတယ်။သတ္တိနဲ့ ၀ီရိယဟာ ရှေးမြန်မာတို့၏ အမွေပဲ။

၆. မြန်မာပြည်ရဲ့တန်ဖိုးကြီးမားပုံ၊ နေရာအချက်ချာကြပုံကို

ဆင်ခြင်ရမယ်။


မြန်မာပြည်ဟာ သယံဇာတအားလုံး ပြည့်စုံတယ်။ ရေ-မီး အားလုံးပြည့်စုံတယ်။ သူများနိုင်ငံတောင် ရောင်းပေးနိုင်တယ်။ (ပြည်တွင်းသာ ရေ မီးမမှန်တာ) ရာသီဥတု ညီမျှတယ်။ ငတ်လို့သေတဲ့ သူဆိုလို့ စစ်အာဏာရှင် မတိုင်ခင်က မရှိခဲ့ဘူးဘူး။မုဆိုးမတောင် ဘုရား စေတီကို တည်နိုင်တယ်။ ကလေးတွဲ လောင်းနဲ့မိခင်တိုင်းလည်းအဘိဓမ္မာထဲကယမိုက်ကျမ်းပဋ္ဌာန်းကျမ်းတွေကို ရွတ်ဆိုနိုင်ကြတယ်။အခုမျက်မှောက် ကြီးပွားချမ်းသာနေတဲ့ စင်္ကာပူနိုင်ငံ တည်စကဆိုလျှင် မြန်မာပြည်၏ ကြီးပွားချမ်းသာပုံကို အားကျလို့ မြန်မာပြည်က ပညာရှင်တွေနဲ့ ဆွေးနွေးပြီး စင်္ကာပူနိုင်ငံမြို့ပြအကျိုးအတွက် မြန်မာကို အားကိုးခဲ့ရတယ်။ အလားတူ မြန်မာကို အားကိုးခဲ့တဲ့ အခြားနိုင်ငံများစွားလည်း ရှိခဲ့တယ်။ အခု စစ်အာဏာရှင်လက်ထက်ကြမှ အရင်က မြန်မာတွေနဲ့မတူအောင် ဖြစ် ကုန်ကြတယ်။ အခု စစ်အာဏာရှင်တွေကြောင့် မြန်မာအမျိုးသမီးတွေ မိသားစုတွေ ဘ၀ပျက်ကြရတယ်။ရဟန်းတွေ အကျင့်ပျက်တယ်။ ၀န်ထမ်းတွေ အကျင့်ပျက်တယ်။ တရားဟော့ ပရိတ်ရွတ်တဲ့ဘုန်းကြီးတွေ ထောင်ထဲရောက်ရတယ်။နိုင်ငံကြီး ချစားခံရတယ်။ ဟိုတုန်းက မြန်မာကို အားကိုး တယ်ဆိုတဲ့နိုင်ငံတွေဆီကို အခု မြန်မာတွေက အခြေခံ စစ်အစိုးရမကောင်းမှုကြောင့် ရုံးထွက်လို့ ပြေးကုန်ကြရ ပြီ။မပြေးနိုင်လို့ အတွင်းမှာ နေထိုင်နေကြရတဲ့ အချို့ ပြည်သူလူထုတွေမှာလည်း ကျီးလန့်စာ စားရဆိုသလို ဖြစ် ကုန်လို့နေရပြီ။ (နိုင်ငံအတွက်သာသနာအတွက်အုပ်ချုပ်ပုံ စနစ်ကောင်းလို့ လက်ရှိမြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အာဏာရှင်တွေ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်က ထွက်ခဲ့တာလည်းဆိုတာကို သိသူများရှိရင် ပြောပြကြပါ။)

၇. မြင့်မြတ်တဲ့ သတ္တိရှိတဲ့ မြန်မာလူမျိုး ဖြစ်ခွင့်ရတာကို

ဆင်ခြင်ရတယ်
ဂုဏ်ယူရတယ်။

မြန်မာလူမျိုးဆိုတာ ဂုဏ်ကြီးမားတယ်။သမိုင်းကြောင်းတွေမှာလေ့လာဘူးရင်ပိုသိနိုင်တယ်။ အနော်ရထာမင်း စောလူးမင်း ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်းစတဲ့ ပထမ မြန်မာနိုင်ငံတော် ပုဂံခေတ်။ ဘုရင့်နောင် ကျော်ထင်နော်ရထာမင်းတရားကြီး ၊ ငါးဆူဒါယကာ နန္ဒဘုရင် စတဲ့ ဒုတိယမြန်မာနိုင်ငံတော် ဟံသာဝတီခေတ်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ-နောင်တော်မင်းကြီး စတဲ့ တတိယမြန်မာနိုင်ငံတော် ကုန်းဘောင် ခေတ်။အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊နိုင်ငံတော် ၀န်ကြီးချုပ် သခင်နု စတဲ့ စတုတ္ထမြန်မာနိုင် ငံတော် ပြည်ထောင်စုခေတ်စတဲ့ ခေတ်တည်ထောင်ခဲ့သူတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေချည်းပါပဲ။ဒါ ကြောင့် ခေတ်ကာလအခြေအနေအရ ၀ီရိယနှင့်သတ္တိထားမှ တော်မယ်ဆိုပြီ ရှေးက သူရဲကောင်းတွေနဲ့ ဆွေမျိုး စပ်ရတယ်။ ဂုဏ်ယူတယ်။မြန်မာမျိုးဟေ့ တို့မြန်မာဆိုပြီ မြန်မာစိတ်ဓာတ်မရှိတဲ့ စစ်အာဏာရှင်တွေကို ဖယ် ထုတ်နိုင်အောင် ကြိုးစားရမယ်။တော်လှန်ရမယ်။

၈. ပြည်သူလူထုနှင့် မိသားစုများရှေ့ရေးကို ဆင်ခြင်ရတယ်။

နိုင်ငံသားတိုင်းမှာ နိုင်ငံရေးစိတ်ဓာတ်မွေးရမယ်။ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားတောင်မှ လူသား တွေအတွက် သိင်္ဂါလသုတ္တန်ကို လူမှုရေး သားရေး သမီးရေး ဆရာအရေး မိတ်ဆွေအရေးအနေနဲ့ ကဏ္ဍမျိုးစုံကို နိုင်ငံရေးတိုးတတ်စေဖို့အတွက် လူမှုရေး ပညာရေး တိုးတတ်စေဖို့အတွက် ဟောကြားခဲ့တယ်။ဒါကြောင့် ရဟန်း တော်တွေလည်း မြတ်စွာဘုရားသားတော်ဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ဒုက္ခကို လျစ်လျူရှု ဥပေက္ခာပြုထား လို့မရဘူး။ မြတ်စွာဘုရားနည်းလမ်းအတိုင်း နိုင်ငံရေးကို လုပ်ရတယ်။လုပ်တတ်ရတယ်။ ဒကာ ဒကာမတွေ ကပ် တဲ့ ဆွမ်းကို စားပြီး ဒကာ ဒကာမတွေ၏ ဒုက္ခ သုက္ခတွေကို လျစ်လျူရှုထားရင် တာဝန်မကျေဘူး။ အမှန်ကတော့ ရဟန်းတော်များဆိုတာ သာသနာ့ဝမ်းထမ်းပဲ၊ ဝန်ထမ်းဆိုတာ ကျလာတဲ့ တာဝန်ကို ကျေပြွန်အောင် ထမ်း ဆောင်နိုင်ရတယ်။ အခုဆို စစ်အစိုးရက သာသနာနဲ့ ဘာသာတွေ လူတွေကို စစ်ဘိနပ်အောက်ရောက်အောင် လုပ်နေကြလို့ ရဟန်းတွေတောင် ကိုယ်စီ ကိုယ်စီ တာဝန်တွေကိုထမ်းဆောင်နေကြရပါပြီ။( တစ်ချို့ ဒကာ ဒကာမ တွေက ရဟန်းတွေ နိုင်ငံရေးမလုပ်ကောင်းဆိုပြီး ကြားဘူးနားဝနဲ့ တလွဲဆံပင်ကောက်နေ ပြောနေကြတာ နေ့စဉ်နဲ့အမျှ ရဟန်းတော်ဖြစ်တဲ့ မေမေ့သား ရှင်ဝါ ကိုယ်တိုင်ကြားနေရပါပြီ) ပြောလာတဲ့ ဒကာ/ ဒကာမတွေကို ဦးဇင်း သတိပေးချင်တာက အပြစ်မပြောလိုပါဘူး၊ မြန်မာစစ်အစိုးရကိုယ်တိုင်က ဒီလို ထင်အောင် မြင်အောင် လုပ်ထားတယ်ဆိုတာကိုသာ သဘောပေါက်ကြပါ။မြန်မာနိုင်ငံထက်သင်္ဂါယနာတင်တာစောတဲ့ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော သီရိလင်္ကာနိုင်ငံမှာဆိုရင် ရွေးကောက်ပွဲတွေလုပ်တိုင်းမှာ ရွေးကောက်ပွဲမှာ ရဟန်းတော်တွေဖြစ်တဲ့
ဘုန်းကြီးတွေက ပါတီခေါင်းဆောင်အနေနဲ့သော်၎င်း၊ မဲးပေးလိုသော်၎င်း၊မဲ-မပေးလိုသော်၎င်း ပြုလုပ်လာကြတဲ့ အစဉ်အလာတွေ ယနေ့ထိ ရှိသေးတယ်ဆိုတာတွေကိုသာ (မြန်မာပြည်က ဘုန်းကြီးများ နိုင်ငံရေး မလုပ်ကောင်း ဘူးဆိုတဲ့ ဒကာ/ဒကာမတွေကို ) ပြောပြလိုပါတယ်။မြန်မာပြည်သူလူထုဟာ စေတနာကောင်းမှန်းသိလို့ စစ်အစိုး ရက အခွင့်ရေးယူပြီး အသံကောင်းလွှင့်ပြီး သူတို့လိုချင်တဲ့ ပညတ်ချက်တွေထုတ်နေတာပါ။ ဦးဇင်းဆိုလိုချင်တာ က ပြည်သူလူထုနှင့် မိသားစုများရှေ့ရေးကို တာဝန်တွေရှိတဲ့အတွက် တာဝန်သိသိနဲ့ဆင်ခြင်ရမယ်-စစ်အစိုးရက နိုင်ငံရေးစကားပြောရင်လုပ်ရင် ဖမ်းခံရမယ် အချုပ်ခံရမယ်ဆိုတဲ့အတွေးထက် ငါတို့ ပြောလိုက်မှ လုပ်လိုက်မှ အားထုတ်လိုက်မှ ငါနှင့်အတူ မိသားစု ပတ်ဝန်ကျင် ပြည်သူလူထုအားလုံး ဒီစစ်အာဏာရှင်ဒုက္ခတွေက လွတ် မြောက်မယ်ဆိုတဲ့အတွေးကို တွေးခေါ်စေချင်တာပါ။ဒါမှ ပြည်သူလူထုနှင့် မိသားစုရှေ့ရေးအတွက် တာဝန်ကျေ မှာပါ။

၉. လူပျင်း (လူမိုက်)ကို ရှောင်ကြဉ်ရတယ်။

၁၀. ဇွဲလုံ့လ သတ္တိရှိတဲ့သူတွေနဲ့ ပေါင်းသင်းရတယ်။

၁၁. စွဲစွဲမြဲမြဲဖြစ်အောင် အားထုတ်ပါ။ ကြိုးစားပါ။

လုပ်နိုင်တာကို လုပ်နိုင်တဲ့နေရာက တစ်ခုခုကို တာဝန်ယူပါ။

မေမေ့သား ရှင်ဝါ (MSMA)

No comments:

Post a Comment