Saturday, December 4, 2010

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ကိုဌေးကြွယ် စိုးရိမ်

ကိုထွေး
ဧရာဝတီ
၂၀၀၇ ခုနှစ် သြဂုတ်လက ရန်ကုန်တွင် တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ရသော ကိုဌေးကြွယ်။ (ဓာတ်ပုံ - AP)


ဒုတိယအကြိမ် ဒီပဲယင်း လုပ်ကြံမှုမျိုး ဒေါ်အောင်ဆန်းစုကြည် ထပ်မံ ကြုံတွေ့မည်ကို စိုးရိမ်ကြောင်း အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။




ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ကိုဌေးကြွယ်အား ဒီဇင်ဘာလ ၂ ရက်နေ့က ၄၅ မိနစ်ခန့် ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် ကိုဌေးကြွယ်၏ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းမှ တဆင့် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။




“ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ ဖြစ်ခဲ့စဉ်တုန်းက အကျဉ်းထောင် ထဲကနေ သူတို့ ကြားသိရတဲ့ အချိန်တုန်းက အိပ်လို့တောင် မပျော်ဘူး ပေါ့နော်။ ဒီတကြိမ် မှာလည်း အဲဒီလို အခြေအနေ ဆိုးမျိုးတွေ ကြားရမှာကို သူတို့ စိုးရိမ်တယ်။ ဒေါ်စုကို အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး သူပြောချင်တယ်” ဟု ကိုဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။




၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လုပ်ကြံမှုကြီးတွင် နအဖ အစိုးရဘက်မှ လူအင်အား ၅၀၀၀ ခန့်က ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို တုတ်၊ ဓား၊ ခဲများနှင့် တိုက်ခိုက်ခဲ့ကြပြီး ခန့်မှန်းခြေ လူ ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။




“အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ၀ိုင်းဝန်းထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကိုဌေးကြွယ်က ပြောတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိရင် မတိုးတက်နိုင်ဘူး။ ဒီအကြောင်းလည်း နည်းနည်း ဆွေးနွေးဖြစ်တယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။




ကိုဌေးကြွယ်သည် အစာအိမ်ရောဂါ အခံကြောင့် အစာမစားနိုင်သည့်အတွက် ပိန်သွားကြောင်း၊ ဘာသာရေးကိုလည်း လုပ်ဖြစ်ကြောင်း၊ ထောင်ထဲတွင် စာရေးရန်နှင့် ပန်းချီဆွဲရန်ရှိကြောင်း၊ တွေ့ဆုံမှုသည် အတိုင်းအတာတခုအထိ လွတ်လပ်သည် ဆိုသော်လည်း ရဲအထူး သတင်းတပ်ဖွဲ့ (SB) နှင့် ထောင်အာဏာပိုင်များက လိုက်လံ ရေးမှတ်မှုများရှိကြောင်း သိရသည်။




“တကယ်လို့ အခြေအနေတခု ဖြစ်လာမယ်ဆိုရင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို မိသားစုနဲ့ နီးတဲ့ ထောင်တွေမှာ အားလုံး စုထားနိုင်မယ်ဆိုရင်တော့ ကောင်းတယ်လို့လည်း ပြောတယ်။ လွှတ်တော်ပေါ်တဲ့ အချိန်မှာ အကျဉ်းသား ၁၀၀ လောက်လွတ်မယ်လို့ သူတို့ယူဆတယ်။ ဒါပေမယ့် အဆိုးကိုတော့ ပြင်ဆင်ထားတယ်လို့လည်း ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။


စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ မိသားစုနှင့် ဝေးလံသည့် ဒေသများရှိ ထောင်များသို့ ပြောင်းရွှေထားသည်။


ထောင်တွင်းရှိ အခြေအနေမှာ လူမဆန် ဆိုးဝါးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်းလည်း UPI သတင်းတရပ်တွင် ရေးသားထားသည်။




ကိုဌေးကြွယ်သည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရသည်။ ပထမအကြိမ် ထောင်မှ လွတ်ပြီးနောက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုပြုံးချိုတို့နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကို တည်ထောင်ခဲ့သည်။




၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ယင်းအဖွဲ့သည် အကြမ်းမဖက်သည့် နိုင်ငံရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့သည့်အတွက် ကိုဌေးကြွယ်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။




ကိုဌေးကြွယ် အကျဉ်းကျခံနေရသည့် ဘူးသီးတောင်ထောင်သည် နာမည်ဆိုးနှင့်ကျော်ကြားသော ထောင်တခုဖြစ်သည့်အပြင် လာဘ်စားမှု ပြဿနာများကြောင့် ထောင်အာဏာပိုင်များ မကြာခဏ နေရာ ပြောင်းခံရခြင်း၊ အရေးယူခံရခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။


ဘူးသီးတောင်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး၊ ကိုမြတ်သူနှင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မှ ဆရာတော်တပါးလည်း ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။




ကိုထွေး
ဧရာဝတီ

No comments:

Post a Comment