Sunday, December 5, 2010

ရာဇဝင်ထဲကအလင်းရောင်

နေ့သစ်
စကြာဝဠာအကြောင်း ရေးသားထားတဲ့ စာတစ်အုပ်ကိုဖတ်ဖူး တယ်။ သင်ယခုမြင်နေရတဲ့ ကြယ်တွေဟာ အခုရှိနေတဲ့ကြယ် တွေ မဟုတ်ဘူး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်တည်ခဲ့ တဲ့ကြယ်တွေပါတဲ့။ အလင်းနှစ်များစွာကို ဖြတ်သန်းပြီးတော့မှ သင့်ထံရောက် လာတာပါ။ မျက်မြင်ကိုကြည့်ပြီးဝဠာပြင်မှာ အခုတည်နေတဲ့ကြယ်လို့ သင်ထင်နေတာပါ ဆိုတဲ့စကားက ဒီစာပန်းချီကားကိုရေးဖို့ အကြောင်းရင်းပါပဲ။
ဟုတ်တယ် မိုးကောင်းကင်ကြီးမှာ ကြယ်များစွာဟာ ဖြစ်တည်နေတယ်။ ဒါတွေဟာ ပစ္စုပ္ပန်ကာလ မဟုတ်တော့တာ သေချာတယ်။အကျွန်ုပ်တို့ ယနေ့ မြင်နေရတဲ့ကောင်း ကင်ပြင်ကြီးဟာ အတိတ်ရုပ်ပုံကားချပ်ကြီးပါပဲ။ နှစ်သန်းပေါင်းများစွာကြာအောင် ချီ တက်ခဲ့ရတဲ့သူ့ရဲ့ဇွဲ ပင်ကိုယ်က မခမ်းခြောက်တဲ့ စွမ်းရည်တွေကြောင့် ယခုလို လင်း လက်နေ တောက်ပနေတဲ့ ကြယ်တွေအဖြစ် မြင်ကြရတာမဟုတ်လား။
ရာဇဝင်ထဲမှာထားခဲ့လို့မရသူတွေဟာ အတိတ်ထဲကနေ ပစ္စုပ္ပန်အထိ ခုန်ထွက်လာလျှံ ကျလာတဲ့ သူတို့ရဲ့ စွမ်းရည်သတ္တိတွေကြောင့်လို့ဆိုရင် မှားမယ်မထင်ဘူး။ နိုင်ငံသမိုင်း ရဲ့ မိုးကောင်းကင်မှာ ကြယ်စင်များစွာ တောက်ပလင်းလက်နေပါတယ်။ ဟိုးရှေးကဆို တဲ့ မမီလိုက်မတွေ့လိုက်ရတဲ့ အနေအထားအဖြစ်အပျက်တွေထက် သိလိုက်မိကြား လိုက် မိတာကိုပြောချင်ပါတယ်။
လက်တကမ်းက စကားတွေအဖြစ်အပျက်တွေထဲက ပြောရရင်အောချရမည့်သူတွေလဲ ရှိနေပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ပြောချင်တယ်။ ဖြတ်သန်းခဲ့ရတဲ့ အခက် အခဲအပေါ်ရင်ဆိုင်ကြပုံတွေကိုနောက်လူတွေကိုလက်ဆင့်ကမ်းထားခဲ့ချင်ပါတယ်။
၁၉၉၀လောက်က အင်းစိန်ထောင်ထဲနေခဲ့ဘူးသူတွေရဲ့ ယုံကြည်ချက် ဒိုင်ယာရီထဲမှာ စက်တင်ဘာ ၂၅ ဆိုတာ ဖျက်မရတဲ့ နေ့တနေ့ ဖြစ်ပါတယ်။ အဲ့ဒီနေ့ရဲ့ စာမျက်နှာထဲမှာ အော်ဟစ်သံငြီးငြူသံတွေဟာ ဆူညံနေပါတယ်။ အော်ဟစ်သံတွေကို ဖုံးအုပ်ဖို့ လေး ဘက်လေးတန်က ဖွင့်ထားတဲ့သီချင်းသံတွေကလဲ အဲဒီတနေ့လုံးကို မင်းမူနေပါတယ်။ သူတို့ အမှတ်မိဆုံးသီချင်းကတော့ စာဥ သီချင်းပါပဲ။ ဟင်္သာတထွန်းရင်ရဲ့ ကြည်နူး ဘွယ် တေးသီချင်းသံနဲ့ ကာရံ ဖုံးအုပ်ထားတဲ့အောက်မှာတော့ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကိုတွေ့ရမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂၅ ကို ဖြတ်ကျော်ခဲ့သူတိုင်းက မမေ့မပျောက်ပြောကြ။ နှုတ်မှတ်တမ်းတင် ကြတာ မပါမဖြစ်ကတော့ စာဥပါပဲ။ စာဥလို့ဆိုလိုက်တာနဲ့ သူတို့ရဲ့ နာကျည်းခဲ့ရတဲ့ နေ ရက်တွေကို ပြန်လည်ပုတ်နှိုးလိုက်တာပါ။ အသစ်လို ဖြစ်သွားတာာချည်းပါပဲ။ ဒီစက်တင် ဘာ ၂၅ ရဲ့ သမိုင်းကို သိမီတကယ်ပါဝင်ခဲ့သူတွေက ဖွင့်ဟထားခဲ့ဖို့ လိုပါလိမ့်မယ်။ အ ဖြစ်အပျက်တွေကို ဒီအတိုင်းထားခဲရင် မြစ်ချောင်းတွေလိုပဲ တိမ်ကောသွားမှာ ရေလမ်း ပြောင်းသွားမှာ စိုးပါတယ်။ ကိုယ်ဖြတ်သန်းခဲ့ရတာတွေကို မခြွင်းမချန်နှောင်းလူတွေကို ဖွင့်ဟထားခဲ့ဖို့လိုနေပါပြီ။ အာဏာရှင်တို့ရဲ့ သမိုင်းပုံဖျက်မှုတွေဆိုတာ အနာဂါတ်မျိုး ဆက်သစ်တွေဆီ အမွေဆိုးကို လက်ဆင့်ကမ်းနေတာပါ။
အခုရေးနေတဲ့စာသားတွေက စက်တင်ဘာ ၂၅ ရဲ့သမိုင်းမဟုတ်ပါဘူး။ ထိုကာလ ထိုအ ချိန်က ဖြတ်ကျော်ခဲ့ကြတဲ့ ရဲဘော်များရဲ့ သမင်လည်ပြန်စကားတွေမှာ နာကျည်း တောက်ခတ်သံတွေ ကိုကြားရသလို ကိုယ်ကျွေးမွေးထားတဲ့ဝန်ထမ်းတွေရဲ့ ကျွေးထား တဲ့လက်ကို ပြန်ကိုက်တဲ့ကိစ္စပါ။ ဒါဟာ ကျေးဇူးမသိတတ်ခြင်းကိုပုံဖေါ် ပြောဆိုနေမှန်း ကြား သိသူတိုင်းခံစားမိမှာပါ။ လေးစားတန်ဘိုးထားမိတာကတော့ အရိုက်ခံရသူတိုင်းရဲ့ နောက်ဆုံးပိတ် ပြောတတ်တဲ့စကားကိုပါ။
ဒါကတော့ သူတို့ ကျောနဲ့ ရင်းလိုက်ကြတယ်တဲ့။ နောက်လေးစားတာတခုက အနိဋ္ဌာရုံ ကို ရယ်မောဟားတိုက်တဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ကိုပါ။ ကျေးဇူးသိတတ်သူတချို့ တ လေရဲ့ လုပ်ရပ်ကြပြန်တော့လဲ ကြားရသူတွေစိတ်ချမ်းသာစရာပါ။ ဆရာဒေါက်တာ အေး ချမ်း ပြောပြဘူးတဲ့သူ့ကိုယ်တွေ့လေးကတော့ စိတ်ဝင်စားစရာပါ။ သူ့ကိုလာခေါ်တဲ့သူက သူနဲ့ တတန်းတည်းသူငယ်ချင်း။ သူကထောင်မှူး ကိုယ်ကအကျဉ်းသားဖြစ်နေတဲ့အချိန်။ နာမည်ကိုပါ ဆရာကမကြာခဏ ပြောပြလို့ အလွတ်ရနေပါတယ်။ ထောင်မှူးအမည်က ပြုံးချို။ နာမည်လေးကလှပါပေ့၊ နာမည်နဲ့ စိတ်နဲ့ကတော့ တခြားစီဖြစ်နေတာပါ။
သူ့မှာသူငယ်ချင်းဆိုတဲ့ အသိစိတ်ကတော့ ရှိချင်ရှိမှာပါ။
“သူငယ်ချင်းထွက်မယ်”
ဒီလိုခေါ်ပြီး အခန်းအပြင်ကိုခေါ်ထုတ်ပေမယ့်
“လက်ထိပ်ခတ်မယ်”
စကားသံနဲ့အတူ ဆရာကို ခေါင်းစွပ်စွပ်လိုက်တော့တာပါတဲ့။
သူငယ်ချင်းမို့ပြလိုက်တဲ့ လက်စွမ်းကို ဆရာတော်တော်ခံလိုက်ရတယ်။ တကိုယ်လုံးနေ ရာလပ်မရှိလို့ ဆိုရမယ်။ သူ့ဘေးမှာလဲ နိုင်ငံရေးသမားများစွာတို့ရဲ့ ငြီးငြူသံတွေကို ဆရာကြားနေရတယ်တဲ့။ အသားနဲ့ ဂန်းပိုက်ထိတဲ့အသံ၊ နာကျင်လို့ အော်မြည်သတွေ က ဆူညံနေတယ်။ လူပေါင်းများစွာကို လက်ထိပ်ခတ်ခေါင်းစွပ်ပြီးရိုက်ရဲတဲ့ သတ္တိရှင်တွေ ကတော့ အံ့သြလောက်ပါပေတယ်။
ဒီအချိန်မှာပဲ ကံကြမ္မာက ဘယ်သဘောနဲ့ ဆရာထံရောက်လာတယ်မသိ။ အသံတသံကို ဆရာကြားလိုက်ရတယ်တဲ့။
“ဟိုတိုက်ကလူကြီးလားဆရာ ကျွန်တော့်ကိုရစ်ထားတာ ပညာပေးရမယ် ပေး ကျွန်တော့် ကို”
ဆရာ့သူငယ်ချင်း ကျောင်းနေဖော်ကြီးက သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကို လက် ဆောင်တွေတနင့်တပိုးပေးပြီး သူ့လိုအစွမ်းရှိမည်ထင်သူကို လက်လွှဲသွားတယ်။ အခုလူ ရောက်လာတာဟာ ဆရာ့အတွက် စက်တင်ဘာ ၂၅ ရက် အကြောင်းတွေကိုပြောတိုင်း မပါမဖြစ်ပါရမယ့် အဖြစ်အပျက်တခု ဖြစ်သွားရတယ်။
“ဆရာ ဘာမှကြောက်မနေနဲ့ ကျနော်ရှိတယ်”
ဒီလိုပြောတဲ့ဝန်ထမ်းက တသက်လုံးအမှတ်ရစရာတွေ ပေးသွားခဲ့တယ်။ အခြားနေရာ ကရိုက်ပြီးလာကြတဲ့သူတွေက လက်စွမ်းပြချင်တဲ့စကားသံတွေနဲ့ ပြောဆိုလာတဲ့အခါ သူက အကာအကွယ်ပေးခဲ့တယ်။
“ငါရိုက်လို့ခဏ နားနေတာ  ဆက်ရိုက်ဦးမှာ”
ရောက်လာတဲ့ဝန်ထမ်းများကို ဆရာဆီမလာရန် သူကအကာအကွယ်ပေးတယ်။ ဒီဝန် ထမ်းအကာအကွယ်နဲ့ ဆရာ့ကျောပေါ် ဒုတ်ချက်တွေ မကျရောက်တော့ဘူး။ (ဆရာ့ သူ ငယ်ချင်း ပြုံးချိုမှာ နောင်အခါ ထောင်ပိုင်ကြီးအဆင့်အထိဖြစ်ပြီး ကလေးရဲဘက်စခန်း တခု၌ မိမိကိုယ်ကို သတ်သေသွားသည်)
စက်တင်ဘာ၂၅ ကို ဖြတ်သန်းခဲ့ဖူးသူတို့၏ ပြောစကားမှာ ကြားရသူတို့၏ ကျောကုန်းနှင့် ရင်ဘတ်ထဲအထိ ဒဏ်ရာတို့က ကျရောက် လာတယ်။ စအရိုက်ခံစက ယောက်ကျားပဲ အံကြိတ်ခံမယ်ဟု စဉ်းစားထားတာပါ။ ဆယ်ချက်လောက်အထိတော့ သိနေသေးတယ်။ နောက်အသားက လုံးဝမနာတော့ဘူး။ နောက်ဒုတ်ကျမှန်းတောင် မသိတော့ဘူး။ နောက် ဘာမှကို မသိတော့ဘူး။ သတိရလို့ ကြည့်လိုက်တော့ အခန်းထဲမှာ တယောက်တည်း ဘယ်အချိန်ဘယ်ကာလက ရိုက်နှက်ပြီး အခန်းထဲ ဆွဲသွင်းထားသည်မသိ တကိုယ်လုံး နာကျင်နေတာနှင့် သွေးတွေအလိမ်းလိမ်း ပေကျံနေတဲ့ အ၀တ်အစားတွေကို ပထမဦး ဆုံး သတိထားမိလိုက်တယ်လို့ ဆိုပါတယ်။ ကိုဂျင်မီ မကြာခဏ ပြောဖူးတဲ့ စကားတခွန်း ကို မှတ်မိနေသေးတယ်။ သူ့ကိုရိုက်တော့ အံကြိတ်ပြီးတော့ ငါတော့ ဗိုလ်ချုပ်စိတ်ဓာတ် နဲ့ ခံကြည့်လိုက်မယ်ပေါ့။ ဒါနဲ့ တချက်၊ နှစ်ချက် နောက်အချက်ပေါင်းများလာတော့ သူ့ရဲ့ သတ္တိတွေနဲ့ ခုခံထားတဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ စွန်းထင်းကုန်တယ်တဲ့။
အဲဒီအချိန်က ဒုချုပ် အုန်းဟန်ကို နင်ပဲ ငဆပြန်လှန်ပြောဆိုတဲ့ ဗိုလ်ကြီး စိုင်းဝင်းကျော်ရဲ့ သတ္တိပြောင်တဲ့ တုန့်ပြန်မှုကို နောက်လူတွေပြောမဆုံးဘူး။ နောက်ပြစ်ဒဏ်ပေးမယ်ဆို တာ သိသိနဲ့ အဲဒီဒုချုပ် အုန်းဟန်ကိုပဲ ရဲဝံ့စွာ ရင်ဆိုင်ခဲ့တဲ့ ကဗျာဆရာ စာရေးဆရာ ရွှေ ဘုန်းလူ (တာရာမင်းဝေ) ရဲ့ အဖြစ်အပျက်တွေကတော့ နှစ်ဆယ့်ငါးစက်တင်ဘာထဲ မပါ မဖြစ်တဲ့ ဇာတ်လမ်းတွေပဲနေမယ်။
အင်းစိန်တထောင်လုံး ငရဲပွက်တဲ့နေ့မှာ အပြင်လောက က လူတွေကတော့ စာဥသီချင်း သံ တညံညံနဲ့ ထောင်ထဲလူတွေ အငြိမ့်သားဖြစ်နေပြီလို့ ထင်မှာ တကယ်ကတော့ ရာစု နှစ်များစွာ လူသားဂုဏ်သိက္ခာတွေကို ပြောဆိုကြတဲ့အခါ ဂုဏ်သိက္ခာ အဖျက်ဆီး ခံရမှု ရဲ့ လက်သည်တွေကိုတော့ ဘယ်သူမှ ချန်လှပ်ထားခဲ့မှာ မဟုတ်ဘူး။ ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းကို ၂ တိုက်က ရဲဘော်တွေက ပြောမဆုံးအောင်ရှိကြတယ်။ ဒဏ် ရာဗလပွနဲ့ ဆရာ့ကိုဆွဲပြီး တိုက်ထဲလှည့်ပတ်ပြတာဟာ လူတယောက်ဂုဏ် သိက္ခာမဲ့ အောင် အရှက်ရအောင် ပြစ်ဒဏ်ပေးတာပဲ မဟုတ်လား။
အာဏာရှင်တို့ရဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့လေးစားရတဲ့ ဆရာဝန်ကြီးကိုတောင် ငါ တို့က နှိပ်ကွပ်ပြလိုက်ပြီ။ မင်းတို့လည်း သဘောပေါက်ထားလို့ ဒီလို မက်ဆေ့ခ်ျမျိုးပေး ချင်တာထင်ပါတယ်။ ဒါပေမဲ့ မြင်ရသူအပေါင်းကတော့ ငါတို့ဆရာကို နှိပ်စက်နေပါလား တရားမှုလုံးဝမရှိဘူးဆိုတဲ့ အသိနဲ့ ဒီအာဏာရှင်တွေအပေါ် မြင်တဲ့အမြင်၊ ထားတဲ့ စိတ် ဓာတ်တွေက မာသထက်မာ၊ ခိုင်သထက် ခိုင်လာသူချည်းပဲ။
အဲဒီတုန်းက သူတို့တွေကိုချက်ခြင်းနေရာတွေ ပြောင်းပစ်လိုက်တယ်။ နေရာပြောင်းတာ က အင်းစိန်ထောင်ဝန်းထဲတင် ရွှေ့လိုက်တာမဟုတ်ပါဘူး။ တချို့ကိုသရက် တချို့ကို သာယာဝတီ နေ့ချင်းရွေ့ပစ်တာပါ။ အရွှေ့ခံရသူတွေဟာ အိမ်နဲ့ရက်ပေါင်များစွာ ကြာ တဲ့အထိ မတွေ့ကြရပါဘူး။ တနေကုန် လက်စွမ်းပြခံထားရတဲ့ တကိုယ်လုံးက ဒဏ်ရာ တွေကို ဘယ်သူကမှ ဆေးမကုပေးပါဘူး။
တခါက စကားဝိုင်းတ၀ိုင်းမှာ ဆရာအေးချမ်းပြောနေတာကို အမှတ်ရလိုက်တယ်။ အိန္ဒိ ယ ၀န်ကြီးချုပ်မိုရာဂျီဒေဆိုင်းဟာ သွားလေရာမှာ ကြေးအိုးလေးတလုံး အမြဲပါတယ်။ ပြောင်လက်နေတဲ့ အဲဒီကြေးအိုးဟာ သူ့ရဲ့ ဆေးခွက်ပါပဲ။ ဆေးကတော့ တခြားက ရှာ တာမဟုတ်၊ သူ့ခန္ဓာကိုယ်က စွန့်ပစ်တဲ့ ယူးရီးယားဓာတ်ကြွယ်ဝတဲ့ သောက်သုံးရေဟာ သူ့ရဲ့ ဆေးပါပဲ။ အဲဒီဆေးရဲ့ အစွမ်းထက်ပုံတွေကိုလည်း အိန္ဒိယဆေးကျမ်းတွေမှာ ညွှန်း ထားတယ်ဆိုပဲ။ ဒဏ်ရာများစွာကို သက်သာစေတဲ့ ဆေးဆိုတဲ့ စကားကိုတောင် ဆရာ ပြောနေတယ်ထင်တယ်။ ရက်ပေါင်းများစွာ အခန်းကျဉ်းလေးထဲ ဒဏ်ရာတွေနဲ့ ပစ်ထား တုန်းက ဆရာတို့အဖွဲ့တွေ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ ဆေးနဲ့များ ဒဏ်ရာတွေကို ကုသခဲ့ကြ သလားမသိဘူး။
ရက်ပေါင်းများစွာ ကြာလာတော့ စက်တင်ဘာ ၂၅ ရက်ကို ဖြတ်သန်းခဲ့သူတိုင်းရဲ့ စကား သံတွေထဲမှာ ဒဏ်ရာတွေကို မေ့ထားလိုက်တယ်။ သောကတွေကို ရယ်မောပစ်တယ်။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်နေကြတာဆိုတဲ့ အတွေးတွေက သူတို့ဒဏ်ရာတွေ ကို ပျောက်ကင်းစေတယ်။ စိတ်ထဲက ထွက်နေတဲ့သွေးတွေကို တိတ်သွားစေတယ်။ မ ဖြစ်မနေ ကျော်ဖြတ်ရမဲ့ ခရီးတခုကို ငါတို့ ကျော်ဖြတ်နေပါလားလို့ ခံယူသူတွေချည်းကို သာ တွေ့လိုက်ရတော့ သူတို့တွေကို မလေးစားဘဲ မနေနိုင်တော့ဘူး။ အတိတ်ဆိုတာ ပြီးသွားတဲ့ အရာပါ။
ဒါပေမဲ့ အတိတ်ထဲမှာပဲ ချောင်ထိုးထားခဲ့ရမဲ့ အဖြစ်အပျက်များစွာဟာလည်း ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ထဲမှာ ထားခဲ့လို့မရတဲ့ ရာဇ၀င်ထဲမှာ သော့ခတ်သိမ်းထားခဲ့လို့ မရတဲ့ အဖြစ်အပျက်များစွာဟာလည်း ရှိနေမှာပါ။ အတိတ်က သူတို့တွေ ရုန်းကန်ခဲ့ရ၊ ရင်ဆိုင်ခဲ့ရ ၊ ဖြတ်သန်းခဲ့ရတာတွေရဲ့ ပြောင်မြောက်တဲ့ နေ့ရက်တွေဟာ နောက်လူတွေ ကို အားကျစရာ၊ အတုယူစရာ၊ အမွေတွေပေးနေတဲ့ အဖြစ်အပျက်တွေ များစွာဟာ လည်း ရှိနေမှာပါ။ ဒီထဲမှာ ထောင်ထဲက စက်တင်ဘာ ၂၅ သမိုင်းရဲ့ အံကြိတ်သံ၊ တောက်ခေါက်သံတွေ၊ စာဥသီချင်းသံတွေနဲ့ ပွက်လောရိုက်နေတဲ့ နေ့ရက်တရက်က တော့ သော့ခလောက်အထပ်ထပ်နှင့် လူတွေမသိအောင် ဖုံးအုပ်ထားပေမဲ့ လျှံကျလာပွင့် ထွက်လာမယ့် ရာဇ၀င်ထဲက သတ္တိခဲတွေရဲ့ နေ့ရက်တွေသာ ဖြစ်ပါလိမ့်မယ်။
အရှင်ဇ၀န
နိုင်ငံရေးအကျဉ်းသားဟောင်း

No comments:

Post a Comment