Sunday, January 16, 2011

နအဖ၏ လျှို့ဝှက်တည်ဆောက်ရေး လုပ်ငန်းများ (၂)


 ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်တစ်ခုပါ.. ညာဘက်က နှစ်ဦးကတော့ မြောက်ကိုရီးယား နိုင်ငံသားတွေဖြစ်ပြီး .. ဘယ်ဘက်က ဝေါ်ကီတော်ကီ.. ခါးကြားညှပ်ထားတာကတော့ စစ်အရာရှိတစ်ဦးပါ..။

မြန်မာစစ်အာဏာရှင်တွေဟာ မြန်မာပြည်အနှံအပြားမှာ လျှို့ဝှက်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ နှစ်များက စပြီးစစ်အစိုးရရဲ့ လျှို့တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ မြောက်ကိုရီးယား ပညာရှင် ၁၀၀ဦးခန့် လက်ရှိမြန်မာပြည်တွင်းမှာ ရောက်ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး လက်ခံရရှိထားတဲ့ သတင်းတစ်ချို့ထဲက ကျောက်ဆည်မြို့နဲ့ ၁၇မိုင်အကွာမှာ လျှို့ဝှက်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဖျောက်ဆိပ်ပင် ရေဒါစခန်းအကြောင်းကို မျိုးချစ်တပ်မတော်သားတစ်ဦး ပေးပို့လာတဲ့ သတင်းဓာတ်ပုံကို ရေးသား တင်ပြလိုက်ရပါတယ်..။

ဖျောက်ဆိပ်ပင်ရေဒါစက်ရုံဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ မွေးရာဇာတိ ကျောက်ဆည်မြို့အရှေ့ဘက် ၁၇မိုင်ခန့်အကွာက တောင်ကြားတစ်ခုမှာ တည်ဆောက်ထားပါတယ်..။ တောင်ကြားမှာ ရှိနေတဲ့ စက်ရုံကို အစိမ်းရောင်နဲ့ ဆေးသုတ်ထားတဲ့ အတွက် ရုတ်တရက်ကြည့်ရင် ပတ်ဝန်းကျင်တောင်ပေါ်က သစ်ပင်အရောင်တွေနဲ့ တစ်ထပ်တည်းကျနေတဲ့ အတွက် ရုတ်တရက်ကြည့်ရင် မမြင်နိုင်ပါဘူး (စက်ရုံဓာတ်ပုံများ ဆက်လက် ဖော်ပြပေးပါမယ်)။ အဆိုပါဒေသကို ကျောက်ဆည်မြို့ အရှေ့ဘက်ကနေ (ရှမ်းပြည်ဘက်) သွားတဲ့လမ်းမှာတော့ စက်မှု(၁)ဝန်ကြီးဋ္ဌာနရဲ့ စက်ဘီးစက်ရုံ၊ ဖိနပ်စက်ရုံစတဲ့ လူသိမများတဲ့ စက်ရုံတွေကို လမ်းတစ်လျှောက်မှာ တွေ့မြင်ရပါမယ်...။ Google Earth ကနေရှာကြည့်မယ် ဆိုရင်တော့  ဖြောင့်ဖြူးနေတဲ့ ကွန်ကရစ်လမ်းတွေက အစမြင်ရတယ်လို့ ဆိုပါတယ်.။ အဆိုပါ ဖျောက်ဆိပ်ပင် ဒေသနှင် အနီးအနား၌  ဖျောက်ဆိပ်ပင် ရေဒါတပ်၊ မိုင်းမောဆိုတဲ့ သံချပ်ကာတပ် ယင်းမာပင် တင့်ကားစက်ရုံက ထုတ်လုပ်လိုက်တဲ့ တင့်ကားများအား ပြင်ဆင်သည့်စက်ရုံ၊ ပခန ဆိုတဲ့ ပင်မခဲယမ်းမီးကျောက် ထုတ်လုပ်ရေး အလုပ်ရုံနဲ့ သပိတ်ကျင်းတပ်တို့ ရှိတယ်လို့ ဆိုပါတယ်...။

အဆိုပါ စက်ရုံစီမံကိန်း တွေကိုတော့ မန္တလေးက GE တပ်ကကိုင်တွယ် ဆောင်ရွက်တာလို့ ဆိုပါတယ်။ အဲ့ဒီ ဖျောက်ဆိပ်ပင်ကျေးရွာမှာ ရေဒါတပ်နဲ့ အဆင့်မြင့် ဆက်သွယ်ရေးတပ်ကို ဖွဲ့စည်းထားပြီး  လက်ရှိတပ်မှူးကတော့ ဗိုလ်မှူးချုပ်ဝေလွင် (ရေးသားထားချက်၌ အမည်စာလုံး ဝေဝါးနေပါသဖြင့် အနီးစပ်ဆုံးအမည်) ဖြစ်ပါတယ်။ စက်ရုံအဆောက်အဦး အများအပြား ယခုလက်ရှိ ဆောက်လုပ်လုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်..။ အဆိုပါစီမံကိန်းအား (၂၀၀၇) ကတည်းက စတင်ဆောင်ရွက်နေခဲ့ပြီး ဆက်စပ် ဖျောက်ဆိပ်ပင် ရေဒါစခန်းမှာ စက်ရုံပေါင်း (၂၇)ရုံရှိပါတယ်။

အဆိုပါဖျောက်ဆိပ်ပင် ဒေသ၌ မြောက်ကိုရီးယား ပညာရှင် (၁၀၀)ခန့် အဝင်အထွက်ရှိနေပြီး ၎င်းတို့အား ရန်ကုန်မြို့မှာထားရှိခြင်းမရှိပဲ တရုတ်ပြည်ကူးမင်းမြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက် ခေါ်ဆောင်လာတာဖြစ်ပါတယ်။ မန္တလေး ကူမင်း တိုက်ရိုက်ပျံသန်းနေတဲ့ လေယာဉ်နဲ့ ခေါ်ဆောင်လာတာဖြစ်ပါတယ်...။ ပြီးခဲ့တဲ့နှစ် မေလက မြောက်ကိုရီးယား အယောက် (၂၀)ခန့် ထပ်မံ ရောက်ရှိလာခဲ့ပြီး သပိတ်ကျင်းဒေသမှာတော့ အယောက်(၆၀)ခန့်ရှိတယ်လို့ သိရှိရပါတယ်..။ အများစုသော ပညာရှင်များဟာ ဆင်းရဲမွဲတေသည့် အသွင်အပြင်ဆောင် နေသည်ဟု ဆိုပါတယ်။ မြောက်ကိုရီးယား ပညာရှင် အများစုဟာ မိမိတို့ရဲ့ အရေးကြီး စာအုပ်စာတမ်းနဲ့ ပစ္စည်းများအား သေတ္တာများဖြင့် သယ်ဆောင်လာခြင်းမရှိပဲ ဂုံနီအိတ်ကဲ့သို့သောအိတ်များ ဂုံနီကြိုးများဖြင့် ထုတ်ပိုး သယ်ဆောင်လာကြ  တယ်လို့ဆိုပါတယ်...။

လက်ရှိ ထုတ်လုပ်နေတဲ့ ရေဒါအမျိုးအစား များထဲမှ တစ်ချို့ အဆင့်မြင့်ရေဒါတွေဟာ ဝေါ်ကီတော်ကီ အရွယ်အစားခန့်သာ ရှိပေမယ့် မိုင်(၁၀၀) အကွာအဝေးအထိနဲ့  မြေအောက်ပေတစ်ရာ အနက် လှိုဏ်ခေါင်းထဲအထိ ဖမ်းမိနိုင်ကြောင်း ဆိုပါတယ်။ အဆိုပါရေဒါ စက်ရုံစီမံကိန်းဟာ ကုန်ကြမ်းပြတ်လတ်မှုကြောင့် ၂၀၀၉ခုနှစ်မှာ ခေတ္တရပ်နားခဲ့ပြီး ၂၀၁၀မှာ ပြန်လည် ထုတ်လုပ်နေပြီဖြစ်ပါတယ်..။ အဆိုပါဒေသ စီမံကိန်းများ၌ ရေဒါများစက်ပစ္စည်းများနဲ့ အတူ ရေဒါပဲ့ထိန်းစံနစ်ပါ ထိန်းချုပ် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါဒေသများသို့ အပြင်လူများ လုံးဝဝင်ရောက်ခွင့် မရှိကြောင်းသိရှိရပါတယ်။ အဆိုပါ ဖျောက်ဆိပ်ပင် ဆောက်လုပ်ရေး စီမံကိန်းများအား  ဦးစိုင်းတင့်အောင် (ကျိုင်းတုံရှိ နောင်တုံ ဆောက်လုပ်ရေး ကုမ္ပဏီ)မှ ကန်ထရိုက် ရယူ  လုပ်ဆောင်ပေးလျှက် ရှိပါတယ်...။ အဆိုပါ ကန်ထရိုက် ဦးစိုင်းတင့်အောင်ဟာ ယခုလက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးတာဝန်ယူစဉ်က ဗိုလ်ချုပ်သိန်းစိန်ရဲ့ အလွန်ရင်းနှီးတဲ့ ပါတနာတစ်ဦး ဖြစ်ပါတယ်။

အဆိုပါ အစိမ်းရောင်သုတ်ထားတဲ့ အဆောက်အဦးများဟာ တောင်နံရံကို ပေါင်မုန့်ဖြတ်သလို ဖြတ်ပြီး ထိုအထဲမှာမှ ထည့်သွင်း တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် လေယာဉ်ပေါ်မှ ကြည့်လျှင်ပင် မမြင်နိုင်ပဲ ကွန်ကရစ်လမ်းများသာ တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။ အထဲ၌လည်း မည်သည့်နေရာ၌ မည်သည့် အဆောက်အဦးရှိသည်ကို မသိနိုင်ကြောင်း ရေးသားထားပါတယ်။ အဓိက ထုတ်လုပ်နေတာကတော့ အဆင်မြင့် ရေဒါစက်တွေနဲ့ ပဲ့ထိန်းသုံးရေဒါ စံနစ်ဖြစ်ကြောင်းသိရှိရပါတယ်..။

ယခုလက်ရှိ အဆိုပါစီမံကိန်းများအား ယခုဆက်သွယ်ရေး ဒုဝန်ကြီးဗိုလ်ချုပ်သိန်းထွန်း (ယခုကြံ့ဖွတ်အမတ် ဦးသိန်းထွန်း)မှ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်...။ ဗိုလ်ချုပ်သိန်းထွန်းဟာ ဆက်သွယ်ရေး ဒုဝန်ကြီးမဖြစ်ခင်က  (ကကဆက်) ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဆက်သွယ်ရေး ညွန်ကြားရေးမှူးရုံးရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။

ယခင်ဖော်ပြခဲ့တဲ့ နအဖရဲ့မိတ္ထီလာ လေယာဉ်တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံစီမံကိန်းအကြောင်း ပြန်ဖတ်ချင်ရင်. http://www.demowaiyan.co.cc/2010/12/blog-post_30.html

နောက်ဆုံးသိရှိရတဲ့ သတင်းများအရ အဆိုပါ မိတ္ထီလာ စက်ရုံမှ UAV (မောင်းသူမဲ့လေယာဉ်) နှင့် MISSILE ဒုံးကျည်များ စမ်းသပ်ထုတ်လုပ် အောင်မြင်နေပြီး ဖျောက်ဆိပ်ပင် ရေဒါစခန်းမှ ရေဒါပဲ့ထိန်းစံနစ်ဖြင့် ထိန်းချုပ်လျှက်ရှိတယ်လို့ သိရှိရပါတယ်. အဆိုပါ လျှို့ဝှက်တည်ဆောက်ရေး လုပ်ငန်းများဟာ တစ်ခုနဲ့တစ်ခု အဆက်အစပ်ရှိနေကြောင်း သိရှိရပါတယ်။

သတင်းများ ဆက်လက်ဖော်ပြပေးပါမယ်...။

ပြည်တွင်းမှ ပြည်ချစ်စစ်သည်များအား လေးစားဦးညွှတ်လျှက်..

သတင်း၊ ဓာတ်ပုံ .. ဒီမိုဝေယံ..။

No comments:

Post a Comment