Thursday, April 7, 2011

အီဝါးတဲ့ခရိုင် ရိကုဇဲန်း တာကာတာမြို့ရှိ ဆူနာမိ ရေဘေးဒဏ်ခံရတဲ့ ဂျပန်ပြည်သူများအား မြန်မာအစားအစာများ သွားရောက် လှူဒါန်းမည့် အစီအစဉ် အသိပေးနှိုးဆော်ချက်....


ဆူနာမိရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီးသွားတဲ့ အီဝါးတဲ့ခရိုင်မှ Rikuzen Takata မြို့မြင်ကွင်း..

လုပ်ဖော်ကိုင်ဘက် မိတ်ဆွေများခင်ဗျာ....

ဧပြီလ ၉ ရက်နေ့မှာ အီဝါးတဲ့ခရိုင် ရိကုဇဲန်း တာကာတာမြို့မှာရှိတဲ့ ခိုလှုံရေးစခန်းတခုက ဘေးသင့်သူတွေ ကို နေ့လည်စာ ချက်ကျွေးမယ့် အစီအစဉ်ကို အဲန်ဒီဘီက စီစဉ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံသားများရဲ့ အလှူဖြစ်တယ်လို့ နာမည်တပ်ချင်ပါတယ်။ အဲဒါကို သဘောတူခွင့် ပြု မပြု ဆိုတာ ကျနော့်ဆီ အကြောင်း ပြန်ပေးစေချင်ပါတယ်။

ကြက်သား အာလူး ကို ကာလသားချက် အဖြစ် လူ ၃၀၀ စာ ချက်ပြီးကျွေးမှာဖြစ်ပါတယ်။

အဲဒါအပြင် ကြက်ဥ ခရမ်းချဉ်သီးချက်လည်း ပါဝင်မှာဖြစ်ပါတယ်။

လူတိုင်းကို ရေအေးကြမ်းနဲ့ ၅၀၀ မီလီ လီတာ တဘူးစီလည်းပေးလှူမှာဖြစ်ပါတယ်။

ကိတ်မုန့်လည်းဖုတ်ပြီး ယူဆောင်သွားမှာဖြစ်ပါတယ်။

ခိုလှုံရေးစခန်းနဲ့ အလှူရှင်တွေအကြား စီစဉ်ဆောင်ရွက်ပေးနေတဲ့ အီဝါးတဲ့ခရိုင်ရုံးက ၀န်ထမ်းတဦးရဲ့ အဆိုအရ ရိကုဇဲန်း တာကာတာမြို့ ခိုလှုံရေးစခန်းတွေမှာ နေနေတဲ့ ဘေးသင့်တဲ့သူတွေ အလိုရှိနေတာ တချို့ကို သိခဲ့ရပါတယ်။

၁။ ရေနွေးထဲမှာထည့်ထားပြီး ပူလာတဲ့အခါ အထုပ်ဖောက်စားလို့ရတဲ့ စားစရာများ(ဥပမာ Curry ထုပ်၊ ဆန်ပြုတ်ထုပ် လိုမျိုး)

၂။ စည်သွပ်ဘူးများ( အသား ငါး အသီးအရွက်) တွေဖြစ်ပါတယ်။

လှူဒါန်းလိုသူများ ကိုယ်တိုင်ဝယ်ယူပြီး တာကာဒါနိုဘားဘားမှာရှိတဲ့ ပတ္တမြားစားသောက်ဆိုင်သို့ လာရောက် ပေးအပ်နိုင်ပါတယ်။ ဧပြီလ ၈ ရက် သောကြာနေ့ ညနေ ၆ နာရီမှာ ကားထွက်ဖို့ စီစဉ်ထားတဲ့ အတွက် လှူဒါန်းလိုသူများ အမှီလာရောက်ပေးစေလိုပါတယ်။

အဲဒါအပြင် ထမင်းဟင်း ချက်ကျွေးလိုသူများ ရှိနေတဲ့အတွက် နောက်တကြိမ်ထပ်မံ သွားရောက်ပြီး ချက်ပြုတ်ကျွေးနိုင်ဖို့အတွက် အီဝါးတဲ့ခရိုင်တွင်းသို့ နောက်တခေါက် သွားချင်ပါတယ် ဆိုတဲ့အကြောင်း အသိပေးထားပါတယ်။ တကယ်လို့များ နောက်တကြိမ် သွားဖြစ်တဲ့အခါ ဧပြီလ ၉ ရက်နေ့မှာ မလိုက်ရပဲ ကျန်နေခဲ့ရသူများ အတွက် စီစဉ်ပါမယ်။ ဒါကြောင့် ငွေကြေးအလှူနဲ့ လုပ်အားအလှူများ ပေးနိုင်ရန် ကြိုတင်နှိုးဆော်ပါတယ်။

ဧပြီလ ၁၀ ရက် ဆုတောင်း မေတ္တာပို့သပွဲပြီးတဲ့အခါ ငလျင်နဲ့ ဆူနားမိဘေးသင့် သူများအတွက် ကောက်ခံ ရရှိတဲ့ ဂျပန်ရောက်မြန်မာများရဲ့ စုပေါင်းအလှူငွေကို ဘေးသင့်သူများထံ တိုက်ရိုက်ပေးလှူချင် တယ်ဆိုတဲ့ အကြောင်းကိုလည်း ကြိုတင် အသိပေးထားပြီး ဖြစ်ပါတယ်။

အဲဒါအပြင် ဘေးသင့်ခံရတဲ့ ဒေသထဲကို လူများများ ၀င်ရောက်နိုင်ပြီး နေအိမ်များ။ အဆောက်အဦများ။ လမ်းများ မြေကွက်များသန့်ရှင်းရေးအတွက် လုပ်အားပေးနိုင်မယ့်အခြေအနေရှိရင် မြန်မာများက ဘတ်စ် ကားနဲ့ ကိုယ်တိုင်လာရောက်ပြီး သန့်ရှင်းရေး လုပ်ပေးလိုတယ်ဆိုတဲ့အကြောင်းကိုပါ ကြိုတင်အသိပေး ထားပြီး ဖြစ်တယ်ဆိုတာတွေကိုပါ ကျနော်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အသိပေးပါရစေ။

ကျော်ကျော်စိုး
__._,_.___
 ငလျင်ဒဏ်နှင့် ဆူနာမိ ဘေးအန္တရယ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဘာသာပေါင်းစုံ အမျှပေး ဆုတောင်းပွဲ ဖိတ်ကြားစာ...

No comments:

Post a Comment