Tuesday, May 10, 2011

မာယာသာထေယျ လောက်ကောင်များသို့ မေတ္တာစာ


မာယာသာထေယျ လောက်ကောင်များသို့ မေတ္တာစာ (ဆောင်းပါးရှင် မောင်ကိုဦး)


မာယာသာထေယျ လောက်ကောင်များသို့ မေတ္တာစာ
(ဆောင်းပါးရှင် မောင်ကိုဦး)

အခုတလော (ပိုတိကျအောင် ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း၊ နအဖ တဖြစ်လဲ အစိုးရသစ် အာဏာဆက် တည်မြဲသွားတဲ့ နောက်ပိုင်း) ကိုယ့်ကိုယ်ကို ဒီမိုကရေစီသမားပါလို့ ခေါင်းမြီးခြုံထား သူတွေထဲမှာ ဒီမိုကရေစီတိုက်ပွဲကြီးကို ပြိုကွဲစေအောင်၊ အချင်းချင်းသွေးကွဲအောင်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအကြား သို့လောသို့လော အထင်မှားအောင် အကွက်ကျကျ သပ်လျှိုထိုးနှက် တိုက်ခိုက်တဲ့ နအဖ အာဏာပိုင်တွေ သဘောခွေ့ မနောတွေ့စေမယ့် ဆောင်းပါးတွေ၊ ပစ်စာတွေ၊ အတော်များများ ထွက်ပေါ်လာတာကို စိတ်မသက်သာဖွယ် တွေ့မြင်လာရပါတယ်။ (စေတနာမှန်နဲ့ တင်ပြ ဆွေးနွေးသူများကို မဆိုလိုပါ)

အထူးသဖြင့်တော့ တချိန်က (၂၀၁၀ရွေးကောက်ပွဲကာလအထိ) ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ မိခင်လိုတမျိုး၊ သူရဲကောင်း လိုတသွယ်၊ ကိုးကွယ် ဆည်းကပ်ရာ အဖြစ်တဖုံ၊ ဦးခေါင်းပေါ် တင်ထားမတတ် ပြောဆိုခဲ့သူတွေ၊ ဒေါ်စုအရိပ်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက် ဖြစ်စေ ခိုလှုံ စားသောက် နေသူတွေ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး ရည်ရွယ်ချက်ရှိရှိ ထိုးနှက် တိုက်ခိုက် လာတာတွေကို တွေ့မြင်လာရခြင်းပါပဲ။

ထူးခြားတာက အရင်တုန်းက (တခြားခေါင်းဆောင်တွေ ရှေ့ဆင့်နောက်ဆင့် ထွက်လာပေမယ့်)မပြောခဲ့ဘဲ ဒေါ်စုထွက်လာမှဘာလို့ပြောကြတာလဲ။ ၂၃နှစ်လုံးလုံး တိုက်ပွဲပျော်လိုလို၊ နိုင်ငံရေးသမား တော်လှန်ရေးသမားလိုလို အရေခြုံခဲ့ကြသူတွေက အခုမှ ပွဲလန့်တုန်း ဖျာခင်းတဲ့ကိစ္စဟာ ရိုးသားရဲ့လားလို့ တွေးစရာဖြစ်လာပါတယ်။ နအဖ ခြေကုပ်ခိုင်သွားပြီလို့ ယူဆပြီး ဘက်ပြောင်းချင်လို့လား၊ ခြံခုန်ကောင်းအောင် မျက်နှာပြောင်တိုက်တာလား။ ကျားရိုးသွေးတိုက်တာပဲ ခံလိုက်ရ လို့လား။ မူလကတည်းက ဒီအကြံနဲ့ ဒီလိုရံခဲ့ကြတာလား။ ဒီလိုရေးသားပြောဆိုတာတွေဟာ ရိုးသားမှု ရှိရဲ့လား၊ လိပ်ပြာလုံရဲ့လား ဆိုတာကိုတော့ မှန်ရှေ့မှာ ကိုယ့်မျက်စေ့ကိုယ်တိုင် ရဲရဲကြည့်ပြီး မေးကြည့်နိုင်ဖို့တော့ လိုနေတာ အမှန်ပါပဲ။

ဒီဆောင်းပါးဟာ ဒေါ်စုနဲ့ ခေါင်းဆောင်တွေကို ထိလို့ ဆတ်ဆတ်ထိမခံ၊ အဝေဖန်မခံနိုင်လို့ ပြန်ချေပတဲ့ သဘောတော့ မဟုတ်ဘူး။ ဝေဖန်သင့်တာ ဝေဖန်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဝေဖန်သူဟာ ပညာဥာဏ် စဉ်းစားဥာဏ်ရှိပြီး ရန်သူ့လူမဟုတ်တဲ့ ရိုးသားစိတ်ရှိသူဆိုရင်တော့ ကာလံဒေသံ အဂ္ဂံ ဓနံ ဆိုတာတွေကို တွေးချင့်မယ်လို့ ယူဆမိပါတယ်။ တကယ်ကောင်းစေချင် ပြင်စေချင်တဲ့ စိတ်ကောင်းနှလုံးကောင်း ရှိသူ မှန်ရင်တော့ ဒီလို မီဒီယာက ပေါ်ပြူလာဖြစ်ရေး ဦးတည်ပြီး ဖွတာ ရေးတာမျိုး မလုပ်ပဲ သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီ တိုက်ရိုက် ရေးသား အကြံပြု တင်ပြ ဆွေးနွေးတာမျိုး လုပ်ကြမှာ အမှန်ပဲ။ ဒေါ်စုကိုယ်တိုင်က လူထုအသံ ကြားချင်ပါတယ်ဆိုတာ လူထုရဲ့ ဝေဖန်အကြံပြုတင်ပြ တာကို လိုလားလက်ခံ တံခါးဖွင့်ထားတာပဲ မဟုတ်လား။

“ဘာပဲဖြစ်ဖြစ် ဝေဖန် အကြံပြုတာပဲ။ မှန်တယ်လို့ ထင်တာကို တင်ပြပြောဆိုရဲရမယ်။ ဒါသူရဲကောင်းစိတ်ဓါတ်ကွ။ ဒီမိုကရေစီပဲ။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိတယ်“ ဆိုပြီး ဟုတ်လှပြီထင်တလုံးနဲ့ ငါ့စကား နွားရ ပြောဆိုရေးသားနေကြတာလည်း တွေ့ရပါသေးတယ်။ ဝေဖန်အကြံပြုတယ်ဆိုတဲ့နေရာမှာ စိတ်စေတနာကောင်းနဲ့ အကြံပြုတာလား၊ အထင်ကရတွေကို ထိပါးစော်ကား ဝေဖန်လိုက်ရင် ပါမွှားကနေ အထင်ကရ ဖြစ်လာမလားဆိုပြီး တိုက်ခိုက်တာလား ခွဲခြားဖို့တော့ လိုပြန်တယ်။ မှန်တယ်ထင်တာကို တင်ပြ ပြောဆိုတာလား။ သူများမြှောက်ပေးလို့ ကြားဖူးနားဝ အခြေအမြစ်မရှိပဲ ဆင်ကန်းတောတိုးလုပ်နေတာလားဆိုတာလည်း သုံးသပ်ဖို့ လိုပြန်တယ်။ ဒီမိုကရေစီ ဒိမိုကရေစီဆိုပြီး ဒီမိုကရေစီကို မြတ်နိုးတာလား။ ဒီမိုကရေစီ ဆေးဆိုးတာလားဆိုတာလည်း ၀န်ခံရဲဖို့ လိုပြန်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပေါက်လွတ်ပဲစား ပြောဆိုခွင့်နဲ့တော့ မတူဘူးဆိုတာကိုတော့ သတိချပ်စေချင်တယ်။
ကိုယ်က ဟုတ်မယ်ထင်တဲ့ သတင်းလေးနည်းနည်းရရုံ၊ ဒီလိုလေးတော့ ဖြစ်မယ်ထင်တယ်လို့ တွေးမိရုံ၊ ဒီလိုဆော်လိုက်လို့ ကတော့ ငါတော့ နာမည်ကြီးတော့မယ်၊ ပွဲဆူတော့မယ်လို့ ယူဆရုံနဲ့ အတင်းကာရော ရေးသင့်မသင့် ချင့်ချိန်ဖို့ လိုပါတယ်။ ဟုတ်မဟုတ် တိကျဖို့ လိုပါတယ်။ ရန်သူကဖြန့်တဲ့ သတင်းမှားကို အဟုတ်ထင်ပြီး စွတ်မတင်မိဖို့ လိုပါတယ်။ ဟုတ်တဲ့သတင်း၊ မှန်တဲ့အကြောင်းအရာ ဖြစ်တယ်ဆို ရင်တောင် ဒီလို ဖေါ်ထုတ်ရေးသားရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာတော့ တွေးဖို့ သင့်ပါတယ်။ ရေးချင်တိုင်းရေးလိုက်လို့ အမျိုးသားရေး စိတ်ဝမ်းကွဲစရာ၊ ဒီမိုကရေစီရေး ပြိုကွဲေ၀၀ါး တွေဝေ တွန့်ဆုတ်စရာဖြစ်မယ်ဆိုရင် ဆင်ခြင်ဖို့ လိုလာပါလိမ့်မယ်။ တချို့ကိစ္စ တွေမှာ မီဒီယာက “ဖွ” မယ့်အစား စိတ်စေတနာကောင်းနဲ့ သက်ဆိုင်သူတွေဆီ တိုက်ရိုက်ဆွေးနွေးတင်ပြရင်ပိုအကျိုးရှိနိုင်တာမျိုးကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။
ဒီနေရာမှာ စကားစပ်လို့ ဆရာလူထုစိန်ဝင်းရဲ့ သတင်းစာပညာ သောင်းပြောင်းထွေလာထဲက ကောက်နှုတ် တင်ပြချင်ပါတယ်။ တိုက်ရိုက် မဟုတ်တောင်၊ တိုင်းပြည်၊ လူမျိုးနဲ့ချီပြီး ထိခိုက်နစ်နာစေတာမျိုး မဟုတ်တာ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်လျှောက်နေတဲ့တိုက်ပွဲ တော်လှန်ရေးအတွက် မထိခိုက် မနစ်နာရအောင် ဆင်ခြင်သတိပြုသင့်တာလေးတွေ ဆင့်ပွားတွေးခေါ်နိုင်အောင်ပါ။
“တိုင်းပြည် အကျိုးစီးပွား လူမျိုးရဲ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့သတင်းမျိုးဆိုရင် ဘယ်လောက်ပဲမှန်တဲ့သတင်း၊ ကောင်းတဲ့သတင်းဖြစ်ဖြစ် ၊ သတင်းစာသမားတွေဟာ သတင်းကို လုံးဝဖျောက်ပစ်လိုက်တတ်ကြပါတယ်။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်မြောက်ဖို့ တိုက်ခိုက်နေကြတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ပအကူအညီရှာဖို့ တိတ်တဆိတ် နိုင်ငံခြားကို ထွက်ခွာ သွားခဲ့ ပါတယ်။ နောက်တော့ ဂျပန်မှာ စစ်သင်တန်းတက်ဖို့ လူငယ်လူရွယ်တွေကို တိတ်တဆိတ်စုဆောင်းပြီး တစ်သုတ်ပြီးတစ်သုတ် ဂျပန်ကို ပို့ပေးခဲ့ပါတယ်။ ဒီကိစ္စတွေကို နယ်ချဲ့အစိုးရရဲ့ ပုလိပ်နဲ့ ရဲစုံထောက်တွေ မသိကြပေမယ့် မျိုးချစ်မြန်မာတွေနဲ သတင်းစာဆရာတွေကတော့ ရိပ်မိ သိရှိနေကြပါတယ်။ ဒါပေမဲ့ ဘယ်သတင်းစာကမှ လေသံလေး တစ်သံတောင် ထွက်မလာရလေအောင် သတင်းတွေကို ဖျောက်ထား ခဲ့ကြ ပါတယ်။

ဂျပန်တော်လှန်ရေးကာလမှာ ဗိုလ်မှူးကြီးဗထူးဟာ မလွှဲမရှောင်သာတဲ့ အကြောင်းများကြောင့် တစ်နိုင်ငံလုံးအတွက် သတ်မှတ် ထားတဲ့ ရက်မတိုင်မီမှာ စောပြီး ဂျပန်ကို တော်လှန်တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီအခါမှာ ဂျပန်တွေကို လှည့်စားဖို့အတွက် ဗိုလ်မှူးကြီး ဗထူးက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဂျပန်ရုပ်သေး မြန်မာအစိုးရကိုပါ ဆန့်ကျင်ပုန်ကန်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး တပ်ဖျောက် သွားခဲ့ ပါတယ်။ ဒီသတင်းရဲ့ ဇာစ်မြစ်အမှန်ကိုလည်း သတင်းစာဆရာတွေရော မြန်မာတမျိုးသားလုံးပါ သိနေကြတာပါပဲ။ ဒါပေမယ့် ဒီသတင်းကိုလည်း ဂျပန်တွေမသိအောင် မြန်မာတမျိုးသားလုံးက ဖျောက်ထားနိုင်ခဲ့ကြပါတယ်”


၆ နှစ်မက လူထုရှေ့က ဖယ်ရှားထိန်းသိမ်းခံထားရသူက ၄-၅လ အတွင်းမှာ အရာခပ်သိမ်းနီးပါးကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ… ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာကိုလည်း ဝေဖန်အကြံပြုပါတယ် ဆိုတဲ့သူတွေ စဉ်းစားစေချင်ပါတယ်။ ဒေါ်စုပြောတဲ့ထဲမှာ မှားသွားတာတွေရှိမယ်။ ကိုယ့်အယူအဆနဲ့ မတူတာတွေရှိမယ်။ အခြေအနေအချိန်အခါအရ ထိန်းသိမ်းပြောဆိုလုပ်ကိုင်တာတွေဟာ ကိုယ့်သဘောနဲ့ မတိုက်ဆိုင်တာ၊ မတူညီတာတွေရှိမယ်။ ဝေဖန်ခွင့်ရှိပါတယ်။ အကြံပြုခွင့်ရှိပါတယ်။ ဒါပေမယ့် ဘာကြောင့်ဒီလိုပြောသလဲ။ ဘာကြောင့်ဒီလိုလုပ်သလဲ။ ကိုယ်မသိ ကိုယ်မတွေးမိတဲ့ အခြေအနေ ရှုထောင့်တွေရှိနေလား။ ချင့်ချိန်စေလိုပါတယ်။ ကိုယ်က ပညာဥာဏ် ရှိသူမို့ ဝေဖန်မယ် ဆိုရင်လည်း ပညာတတ်ပီပီ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်မြင်တာ၊ ကိုယ်လုပ်စေချင်တာကို တဖက်သား လက်ခံလာအောင် ပြောဆိုရေးသားတင်ပြတဲ့ နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုးတိုးတိတ်တိတ် ဝေဖန်အကြံပြုသင့်ရင် ပြုရပါမယ်..။ တင်ပြ ဆွေးနွေးတာဟာ တိုက်ခိုက်တာနဲ့ မတူပါဘူး။ မြှောက်တင်လိုက် ရိုက်ချလိုက်လုပ်တာမျိုးဟာ ဘောလီဘောပွဲအတွက် အသုံးတည့် ကောင်းမွန် ပေမယ့် နိုင်ငံရေးဝေဖန်အကြံပြုတာဟာ ကစားပွဲမဟုတ်တာကို သတိပြုပါဦးလို့ ဆိုချင်ပါတယ်။ ကိုယ်က ခေါင်းဆောင်တွေ လုပ်တာ အားမရပဲ ခေါင်းဆောင်တွေထက်ပိုတွေးခေါ်နိုင်ပြီး တိုင်းပြည်အကျိုးအတွက် ခေါင်းဆောင်တွေ မှားနေတာကို ပြုပြင်လာအောင် ဝေဖန်အကြံပြုတယ်ဆိုရင်လည်း ခေါင်းဆောင်တွေ လိုက်နာနိုင်အောင် နည်းနာလေးတွေတော့ သုံးဖို့လိုအပ်မယ်ဆို သုံးသင့်ပါတယ်။ သိုသိပ် လျှို့ဝှက်စွာ တင်ပြခဲ့ပြီးပြီ။ မပြုပြင် မလိုက်နာလို့၊ မီဒီယာက ဒီလိုဖွင့်ချပြောဆိုဖို့ တကယ်လိုအပ်တယ်လို့ ယူဆပြီးတင်ပြရတာမျိုးဆိုရင် တော့ သဘောတော်အတိုင်းပဲ ရှိပါစေလို့ဆိုရမှာပါပဲ။

(ဘေးထိုင်ဘုပြောနဲ့ ကိုယ်တိုင်က ဘာမှ အဖြစ်ရှိအောင် မလုပ်ပဲ ထိုင်ဝေဖန်နေရင်တော့ ကိုယ့်တန်ဖိုးကိုယ် နားလည်ဖို့ ကောင်းပါတယ်။) ကိုယ်တိုင်က ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နေသလဲ။ ကိုယ်ရော တာဝန်ကျေရဲ့လား။ စေတနာရော မှန်ရဲ့လား။ ဆိုတာကိုတော့ ဦးစွာ သုံးသပ်ပါဦး။ ကိုယ့်ကိုယ်ကို အရင်ဝေဖန် ပါဦးလို့ ပြောပါရစေ။ ကိုယ်က ဘယ်ဘက်ကလဲ။ ဘယ်လိုလူမျိုးလည်း စဉ်းစားစေချင်ပါတယ်။ ဒီနေရာမှာ ဆရာတင်မိုးရဲ့ကဗျာတပုဒ်ကို ဖတ်ကြည့်စေချင်ပါတယ်။
ဘယ်ကရဲဘော်လဲ
တင်မိုး

သူ့မယုံရ ကိုယ့်မယုံရ
သံသယတွေပိုက်
ဟိုတစ သည်တစပြိုကွဲ
ဘယ်ကရဲဘော်ဖြစ်မှာလဲ။

တီးတိုးတီးတိုး
သဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။

နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည်သူ့အတွက်တဲ့
အရှက်ကနည်း၊ သွေးကခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။

ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ
ဘယ်ကရဲဘော် ဖြစ်မှာလဲ။
တင်မိုး ၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

ဒေါ်စုတို့ လုပ်သမျှ အကုန်မှန်ပါတယ်လို့ မဆိုလိုပါဘူး။ အမှားတွေ ရှိတာပါပဲ။ လမ်းများများလျှောက်သူဟာ ခလုပ်တိုက်မိတတ်ပါတယ်။ ကိုယ်က လမ်းကောင်းရောက်ဖို လမ်းဝင်မလျှောက်ပဲ ဘေးက ထိုင်နေမယ်ဆိုရင်တောင် “ဟော ခလုပ်တိုက်ပြီ။ တိုက်မှာပေါ့ အသုံးမှ မကျပဲ” လို့ ထိုင်ပြောနေမယ့်အစား “ခလုပ်တိုက်တော့မယ်.. ဘယ်လို ဘယ်သို့ ရှောင်ကွင်းပြီးတော့သွား” လို့ အကြံကောင်းပေးခဲ့သင့်တာပေါ့။
ဒေါ်စုဟာ သိကြားမင်းမဟုတ်ပါဘူး။ ဥုံဖွဆရာလည်း မဟုတ်ပါဘူး။ မိန်းမသားတဦးပါ။ အနှစ်၂၀ ကျော် တာဝန်ထမ်းဆောင်ပြီးပြီ။ တာဝန်မကျေခဲ့ဘူးလား၊ ရာနှုန်းပြည့်မဟုတ်တောင် ယေဘူယျအားဖြင့် သူ မှန်ခဲ့တာတွေ ထည့်မတွက်တော့ဘူးလား၊ သူမပါပဲနဲ့ ဖြစ်နိုင်သလား။ မျက်စိတဆုံးမကြည့်ဘဲ (မျက်ကန်းအကြား မျက်ကန်းအမြင်နဲ့) ကုန်းမအော်မိဖို့လိုပါတယ်။ ဒေါ်စု နောက်ဆုံးအကြိမ် ပြန်လွတ်လာပြီး နောက်တနေ့လူထုနဲ့ တွေ့ဆုံပွဲမှာ “ကျမကို ၀ိုင်းတာဝန်ပေးတာကို မကြောက်ပါဘူး၊ တာဝန်မကျေမှာပဲ ကြောက်တာပါ” လို့ ရိုးရိုးသားသား ပြောခဲ့တာလေးကိုတော့ သတိပြုစေချင်ပါတယ်။

ဘယ်အထိ လုပ်စေချင်တာလဲ။ နိုင်ငံရေးလုပ်တာဟာ ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ဖို့ဆိုတာ လူထုအားပါဖို့လိုပါတယ်။ လူထုထဲမှာ ဝေဖန်သူကိုယ်တိုင်လည်း လူထုဆိုတာ မမေ့သင့်ပါဘူး။ ကိုယ်ရော လုပ်နိုင်ပြီလား။ လုပ်နိုင်သလား။ လုပ်တတ်သလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ လူထု အထောင်အသောင်းကို မစည်းရုံးနိုင်ရင်နေပါ။ ပြည်ပမှာ ပေးစာကမ်းစာလေး လက်ဖြန့်နေရုံမဟုတ်ပဲ ပြည်တွင်းမှာ လူ၁၀၀ ပြည့်အောင် ကိုယ့်ကို ထောက်ခံအောင် လုပ်နိုင်ပြီလားလို့ ပြန်မေးစရာရှိပါတယ်။ အဲဒီလောက်လုပ်နိုင်ပါတယ်ဆိုရင်တော့ အဲဒီသူကို အားရပါးရ ကြိုဆိုလိုက်ချင်မယ်။ လူထုအတွက် လမ်းပြဦးဆောင် ပေးမယ့် အရည်အချင်းပြည့်တဲ့ ရိုးသားတဲ့ ခေါင်းဆောင်ကောင်းတွေ အင်မတန် လိုအပ်နေတာ မဟုတ်လား။ ဒီလိုမှမဟုတ်ပဲ ကိုယ့်လို ပုလင်းတူ အချင်းချင်းတောင် လက်ဆယ်ချောင်းပြည့်အောင်၊ ညီညွတ်အောင် စည်းရုံးနိုင်ပါရဲ့လားလို့ပဲ ကိုယ့်ကိုယ်ကို ပြန်မေးစေချင်ပါတော့တယ်။
ကျုပ်တို့က ဝေဖန်တဲ့သူ၊ အကြံပြုတဲ့သူ၊ နိုင်ငံရေးခေါင်းဆောင် လူထုခေါင်းဆောင်မဟုတ်ဘူး။ ကျုပ်တို့လုပ်ဖို့ မလိုဘူး။ သူပဲလုပ်ဖို့လိုတယ်ဗျ“ ဆိုပြီး ဆင်ခြေပေးမယ်ဆိုရင်တော့ ကိုယ့်အဆင့်ကို ကိုယ့်ဘာသာနားလည်ဖို့ကောင်းပြီလို့ပဲ ဆိုပါရစေ။
ဆွေးနွေးဝေဖန်ပါ။ ဒါပေမယ့် ရေးသားဝေဖန်ဆွေးနွေးသူတွေဟာ ရိုးသားရဲ့လား။ စေတနာ မှန်ရဲ့လား။ ရိုးသားစေတနာမှန်ပြီး ဒီမိုကရေစီတိုက်ပွဲအပေါ် သစ္စာမဖေါက်သူတွေဆို ရန်သူဝမ်းမြောက်အောင် ဒီလို သွေးခွဲစာတွေ ရေးပါ့မလား။ ရေးသူတွေဟာ ဒီလူတွေ မှားနေတယ်ဆိုရင် ဘာလို့ လွန်ခဲ့တဲ့ ၂၃ နှစ်လုံးလုံး မပြောပဲ ဘာတွေငုံပြီး နှုတ်ပိတ်နေခဲ့ကြတာလဲ။ အခုမှ ဥာဏ်အလင်းပေါ်ပြီး တရေးနိုး ထအော်တာဆိုရင်လည်း အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီး ကိုယ့်လုပ်ရပ်ကို ဆုံးဖြတ်ဖို့ လိုပါတယ်။ “ဟိုတုန်းထဲက ပြောမလို့၊ ပြောဖို့သင့်မသင့်၊ အကြံပြုဖို့ သင့်မသင့် သုံးသပ်ရင်း အချိန်ကုန်ခဲ့တာပါဆိုရင်လည်း ဒီလောက်အချိန်ကြာကတည်းက တွေးတောဆင်ခြင်နိုင် သူဆိုရင်လည်း ကိုယ့်စေတနာမှန်နဲ့ တင်ပြပြောဆိုမှုကို ဘယ်လိုတယ်ပြမှ ထိရောက်မယ်ဆိုတာကို သိမှာအမှန်ပါပဲ။ အခုလို မီဒီယာက ထိုးဖွ လိုက်ခြင်းအားဖြင့် (၁) ရန်သူဝမ်းသာမယ်။ (၂)ကိုယ့်အချင်းချင်းကြား သွေးကွဲပြီး ညီညွတ်မှုပျက်ပြားမယ်။ (၃)ပန်းတိုင်ေ၀၀ါးကုန်မယ်။ (၄)ကိုယ့်မှာ ဗျူဟာတွေရှိမယ်ဆိုရင်တောင် လျှို့လျှို့ဝှက်ဝှက် ကြံစည်ဆောင်ရွက်သင့်တဲ့ကိစ္စတွေရှိခဲ့ရင် အဟောသိကံဖြစ်ပြီး အကျိုးယုတ်ကုန်မယ် ဆိုတာမျိုးလောက်တော့ ထည့်တွက်သင့်မယ်ထင်ပါတယ်။ ရန်သူက အခြေခိုင်ပြီထင်ပြီး ခြေလှမ်းယိုင် ခြံခုန်ဖို့ ကြိုးစားတဲ့သူ၊ မူလကတည်းက သပ်လျှိုဒလံမို့ ဇာတိရုပ်ပြလာတဲ့ သူအတွက်တော့ အထွေအထူး ပြောစရာမလိုပါဘူး။

တခု ပြောလိုတာက မြန်မာလူထုရဲ့တော်လှန်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သွေးစည်းညီညွတ်မှု၊ ဒီမိုကရေစီ မြတ်နိုးမှု၊ သစ္စာရှိမှု၊ တာဝန်သိမှု၊ ကြိုးစားရုန်းကန် အနစ်နာခံမှုတွေကြောင့် စစ်အာဏာရှင်တွေ ဘယ်လိုပဲ အောက်လမ်း အထက်လမ်း နည်းအမျိုးမျိုး သုံးပြီးချေမှုန်းချေမှုန်း ဒီနေ့အထိ တိုက်ပွဲအရှိန်မသေသေးဘူး။ ဒီမိုကရေစီတိုက်ပွဲ မကျဆုံးသေးဘူး။ မြင့်မြတ်တဲ့ ခွပ်ဒေါင်းအလံမလှဲ ရဲရဲရင့်ရင့် တလွှင့်လွှင့်ပျံနေတုန်းဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ရှေ့ဆက်မတက်နိုင်ဘူးဆိုရင်တောင် နောက်မဆုတ်ပဲ ရတဲ့နေရာက ကျားကုတ်ကျားခဲ မားမားမတ်မတ်ရပ်တည်ပြီး ဒူးမထောက် အညံ့မခံစတမ်း ရပ်တည်နေကြတာကိုတော့ ဥက္ခော မပြုသင့်ဘူးဆိုတာပါပဲ။ ဆရာတင်မိုးကဗျာတပုဒ်ကို ထပ်ကိုးကားပါရစေ။
ခွပ်ဒေါင်းခင်းတဲ့လမ်း
တို့တိုင်းပြည်က ကမောက်ကမ
ခေတ်နောက်ကျလို့ ပက်လက်လန်
ယက်ကန် ယက်ကန်
တော်လှန်ဟေ့ တော်လှန်
အသံကမြည်ဟိန်း။
ကျောချင်းခွာ၊ ဖျာချင်းလု
ဘယ်သူ့ကိုတော်လှန်ရမလဲ
လက်စမသိမ်း။

ပန်းတိုင်ပျောက်ပါလို့
လှမ်းကိုင်ထောက်စရာ မရှိပြီ။
လက်ညှိုးတွေ ပြန်လှန်ထိုး
ယိုးစွပ်ကြသည်။

သွေးနဲ့လောင်းခဲ့ကြတဲ့
ခွပ်ဒေါင်းတို့ အာဇာနည်
ပြန်လှန်၍ကြည့်စမ်း
ကိုယ်ကျိုးကို ဘယ်မငဲ့
ခင်းခဲ့တဲ့လမ်း။
မင်းတဲ့တဲ့လှမ်း။

တင်မိုး ၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

ဒီခေါင်းဆောင်တွေ လမ်းလွဲနေပါတယ်ဆိုရင် ရေးသားဝေဖန်သူတွေမှာ လမ်းမှန်တွေ ရှိပါသလား။ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့ ကောင်းမွန် မှန်ကန်ပြီး လက်တွေ့ကျတဲ့ အစီအမံ တွေရှိသလား။ နည်းဗျူဟာ မဟာဗျူဟာကောင်းတွေရှိပါသလား။ ရှိခဲ့မယ်ဆိုရင်လည်း စေတနာမှန်နဲ့ ရိုးသားသူတွေဆိုရင်(အထက်မှာ ပြောခဲ့သလို) ပထမ ဒေါ်စုနဲ့အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစုတွေဆီ တင်ပြမယ်။ တင်ပြရဲ့သားနဲ့ (ကိုယ့်အယူအဆအရ) လက်မခံပဲ လမ်းလွဲသွားနေတယ်ထင်ရင် အဲဒီအခါမျိုးမှာမှ မီဒီယာက ဖွင့်ချချင်သပဆို ဖွင့်ချပေါ့။ ဘယ်နှစ်ခါလောက် တင်ပြခဲ့ဖူးပါသလဲ။ ဘယ်နှခါလောက် စေတနာမှန်မှန်နဲ့ အကြံပြုတင်ပြခဲ့ဖူးပါသလဲလို့ မေးဖို့ရှိလာပါတယ်။

တချို့လည်း တင်ပြအကြံပြုတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို မီဒီယာက ဖွင့်ချရေးသားလိုက်တဲ့အတွက် ကိုယ်လုပ်မယ့်အလုပ် က မှန်ကန်ကောင်းမွန်တယ်ဆိုရင်တောင် ရန်သူ့အတွက် ကြိုတင်ပြင်ဆင် ပိတ်ဆို့ဖို့ လုပ်ပေးလိုက်သလို ဖြစ်မသွားပေဘူးလား။

အကြံပြုတင်ပြသူတချို့က နည်းလမ်းလေးတွေတော့ ရေးဖူးတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာလက်တွေ့နဲ့ အံဝင် ခွင်ကျဖြစ်နိုင် မဖြစ်နိုင် ပြန်သုံးသပ်စေချင်ပါတယ်။ ဘယ်ဘုရားမှာ ဘာလုပ်၊ ဘယ်လိုအဓိဌာန်ပြု၊ ဟိုလူက ဟိုလိုလုပ်။ ဒီလူက ဒီလိုလုပ်၊ ဟိုလူက ဟိုမှာနေ ဒီလူက ဒီမှာနေ ဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကို ဗေဒင်ဆရာလိုလို၊ စခန်းမှူးလိုလို၊ ဘုရားကိုးဆူဆရာလိုလို စီမံနေရာချနေတဲ့ အကြံဥာဏ်မျိုး ကတော့ ကိုယ့်အချင်းချင်းမပြောနဲ့ ရန်သူတောင် ထိုင်ရယ် နေလိမ့်မယ်ဆိုတာတော့ တွေးဖို့ ကောင်းပါတယ်။ ဟိုနိုင်ငံမှာ ဟိုလိုလုပ်လိုက်လို့ အောင်မြင်တယ်ဆိုပေမယ့် ဒီနိုင်ငံမှာ ဒီလိုလုပ်ရုံနဲ့ အောင်ပါ့မလား။ အောင်ခဲ့ဖူးလား။ လက်တွေ့ကျကျ သုံးသပ်ဖို့ လိုလာပါတယ်။ ကိုယ်ဥာဏ်လေး တထွာတမိုက်နဲ့ ဟုတ်လှပြီဆိုပြီး ကလေးကလား ဗျူဟာကိုင်၊ ထိုင်ဆဲနေရင်တော့ နိုင်ငံရေး ကံကြီးထိုက်တတ်ပါတယ်။
>
ပြန်စဉ်းစားပါ။ ကိုယ်စေတနာဟာရိုးသားပါရဲ့လား။ တဖက်အုပ်စုက ခိုင်နေပြီထင်လို့ ဘက်ပြောင်းဖို့ မျက်စပစ်တဲ့သဘောလား။ ဒါမှမဟုတ် အရင်ထဲက အဲဒီဖက်သားတွေဖြစ်ခဲ့ပြီး အခုလို အပြောင်းအလဲကာလမှာ ခါတော်မှီ ထိုးစစ်စင်တာလား။ ကိုယ်သိသလောက်လေးနဲ့ ပိုင်ပြီထင်ပြီး ပေါ်ပြူလာ လုပ်ချင်တာလား။ ကိုယ်ဟာ မြန်မာ့ဒီမိုကရေစီတိုက်ပဲအတွက် ဖျက်ပိုးလား၊ လောက်ကောင်လား။ နိုင်ငံရေး မိစ္ဆာကောင်တွေဖြစ်နေပြီလား။ နိုင်ငံရေးကံကြီးထိုက်ရုံမက နိုင်ငံရေး ပါရာဇိက ကျမယ့်သူလား။ 

ဝေဖန်သူတိုင်းကို အပြစ်မပြောလိုပါဘူး။ စိတ်စေတနာကောင်းနဲ့ ဝေဖန်အကြံပြုကြတာ အများအပြားပါ။ နိုင်ငံချစ်စိတ်၊ အမျိုးသားစိတ်၊ ဒီမိုကရေစီစိတ် မွန်မြတ်တဲ့စိတ်နဲ့ ဝေဖန်အကြံပြုကြသူတွေကို လေးစားပါတယ်။ ချီးကျူးပါတယ်။ ပဲလှော်ကြား ဆားညှပ်ဆိုသလို သစ္စာဖေါက်ေ လာက်ကောင်တွေကြောင့် ညီညွတ်ရေးပျက်ပြား၊ ခေါင်းဆောင်မှုေ၀၀ါး အနှစ် ၂၀ကျော် တော်လှန်ခဲ့တဲ့ မြင့်မြတ်တဲ့သွေးတွေနဲ့ ထုဆစ်နေတဲ့ သမိုင်းဝင် တော်လှန်ရေးကြီးကို အိုးမဲအသုတ်မခံနိုင်လို့ ပြန်လည် တင်ပြ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။
ဝေဖန်သူတွေထဲမှာ မှန်ကန်သူတွေရှိပါတယ်။ ပညာရှိသတိဖြစ်ခဲ မှားသွားတာမျိုးလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီလို လူမျိုးအတွက်တော့ မန်လည်ဆရာတော် (မဃဒေ၀ပျို့) ထဲမှာ ဥာဏ်ရှိယောက်ျား၊ မှားလတ်သောခါ ဆေးလွန်နာကို ဆရာနောက်ဆက် အကုခက်သို့ ဖျက်၍အမြဲ ပယ်နိုင်ခဲ့၏။ လို့ဆိုခဲ့သလို ဥာဏ်ရှိယောက်ျားဆိုရင် ဆေးမလွန်ခင် ဆင်ခြင်စေချင်တဲ့ စေတနာနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ပဲ မုဆိုးတပိုင်း မိန်းမရိုင်းကြီးတွေလို စိတ်ရူးဝင်ပြီး အာဃာတပြင်းပြင်း အညှိုးအတေး သိပ်တင်းနေကြသူတွေကိုတော့.. ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထဲက စကားအတိုင်း….. ဥာဏ်ဝင်္ကန္တ၊ ယုတ်မာလှသော၊ အမိုက်မအတတ်၊ သင်းကြံ၍သတ်သည်ကား၊ ဆက်ဆက်မုချ၊ မှန်တော့သည်။ သို့စဉ်မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့်မိန်းမအား၊ မရသ၍ သူမမေ့ရှာပြီ။ ရှေ့သို့သံသရာ ဖြစ်တိုင်းမှာပင် လောင်စာရန်ငြှိုး၊ မီးဆက်၍ပျိုးမည်ကြောင့်… မိန်းမဆိုးအမုန်း သည်မျှနှင့် တုံးစေတော့.. လို့သာ မေတ္တာပို့ရတော့မယ် ထင်ပါရဲ့။

ဒီထက်ဆိုးတဲ့ သူတွေအတွက်တော့ ခပ်ရှင်းရှင်းပဲ ပြောရရင် ပုလင်းတူအချင်းချင်းကြား မြှောက်စားခံရလည်း မဆိုးလှဘူးအမြင်ကြံနဲ့ မိစ္ဆာဥာဏ် တထွာတမိုက်သုံးပြီး ရန်သူကြိုက် မျက်စပစ်၊ “ခွေးအ” ချင်း လက်ခုပ်ချူ ၊ ယုတ်ညံ့တဲ့စိတ်ဓါတ်နဲ့ ဒီမိုကရေစီ ပန်းတိုင်ပျက်အောင် ဘယ်လိုပင်အဆိပ်ခတ်ပေမယ့် လူထုခေါင်းဆောင်တွေ အတွက်ကတော့ “ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ” ဆိုသလိုပဲလိ ပြောလိုက်ချင်ပါတယ်။

သရော်စာလိုလို ကလော်စာလိုလို အရေးအသားတွေနဲ့ နိုင်ငံရေးက၀ိလိုလို ဟန်ဆောင်ပြီး ဒိမိုကရေစီကို အမဲဖျက်ဖို့ ကြံသူတွေအတွက် ဆရာဝင်းတင့်ထွန်းရဲ့ ကဗျာတပုဒ်နဲ့ လက်ဆောင်ပေးရင်း နိဂုံးချုပ်လိုက် ပါတယ်။

ခွေးတကောင်အကြောင်း
ဝင်းတင့်ထွန်း

ခွေးဆိုတာ
မွေးတဲ့အရှင်
သခင်အကြိုက်
ကိုက်ရ ဟောင်ရ
မာန်ဖီရ
ဗီဇကိုက တိရိစ္ဆာန်။

မှန်တယ် မှားတယ်
ဘယ်သို့ ဘယ်ဝါ
မသိပါ။
သိလည်းအလကား
ဘေးဖယ်ထား
စားရတဲ့ဘက် အမှန်ပင်
ကျွေးတဲ့ဘက်က နေမြဲပင်။

အိမ်ကြီးရှင်က
အစာချကျွေး
ခွေးကိုမွေးတာ
သူ့အိမ် သူ့ခြံ
ကာကွယ်စေဖို့
စောင့်ကြပ်ဖို့
ထိန်းသိမ်းပေးဖို့
ဟောင်ပေးဖို့။

သည်ကြားထဲ
အားမရသေး
ကျားရိုးသွေးတိုက်
ကိုက်စမ်း၊ မိုက်စမ်း
ရမ်းလိုက်စမ်းဟေ့
စေ့ဆော်ထပ်ဆင့်
သွေးထိုးပင့်သော်။

မည်းမည်းမြင်ရာ
ထင်ရာထိုးလိုက်
ဟိန်းလိုက် ဟောက်လိုက်
မာန်ဖီလိုက်နဲ့
ခွေးမိုက်တကောင် နာမည်ကျော်။

မောင်ကိုဦးhttp://demowaiy.appspot.com/www.demowaiyan.co.cc/2011/05/blog-post_9386.html

No comments:

Post a Comment