Wednesday, June 1, 2011

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့
(ကဗျာရှင် ဗမာ့သွေး)
အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ   မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
 အမေ့က  အမြဲတမ်းလိုလို
ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက  သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။

သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း  အဖေ့ကို တမ်းတနေရတုန်းပါဘဲ  အဖေ....။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ
အဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စံနစ်
မထွန်းကားလို့ပါ ဆိုတဲ့စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ
မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ချယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့  အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့စကားကြောင့် တကိုယ်လုံး 
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။

သဘာဝ အတိုင်း နေထွက်လာတာ
မှန်ပေမယ့် အဲဒီနေ့ ပိုလှသလိုဘဲနော်
ဆိုတော့ အမေက ရီပြတယ်……..။
အဖေ့ အကြောင်းကို တွေးရင်း
ပျော်မြူးနေတဲ့ သမီးနဲ့အမေ
မနက်စာ အတွက် ၀မ်းဟာနေတာတောင်
သတိမထားဖြစ်ခဲ့ကြဘူး……..။

ဒီလိုနဲ့ အဖေကို သွားကြိုဖို့ အတွက်
ချီတက်ခဲ့ကြတယ်………..။
လူများစွာကို ငေးကြည့်ရင်းက
ဘ၀တူတွေ အများကြီးပါဘဲလားဆိုပြီး
အမေက အံ့သြစွာ စကားဆိုတာကို
သေချာ နားမလည်ပေမယ့် တခုခုတော့ ခံစားရသလိုပါဘဲ….။
 
ထောင်ဘူးဝက  အဖေထွက်အလာကို
စိတ်လှုပ်ရှားစွာ သမီးစောင့်ရင်း
အဖေထွက်လာခဲ့ရင်
ပြေးဖက်မယ် ဆိုတဲ့ စိတ်ကူးလေးနဲ့
ကြည်နူးခဲ့တယ် အဖေ………..။

လူတစ်ယောက် ထွက်လာတိုင်း
အမေ့လက်ကို ဆွဲကာ
အဖေလား ဆိုပြီး  သမီး ညွှန်ပြပေမယ့်
ထွက်ပေါက်ကို စူးစိုက်ကြည့်နေတဲ့ အမေ
စိတ်လှုပ်ရှားနေတယ် ဆိုတာ
အေးစက်တဲ့ အမေ့လက်ဖျားတွေက
သက်သေခံထားနေတယ်….. အဖေရယ်..။

သမီးတို့ နှစ်ယောက် ဗိုက်ဆာဖို့လည်း
သတိမရကြပါဘူး………..ထောင်ဘူးဝမှာ
မျှော်နေဆဲပါ……..
အဖေနဲ့ တူတူ ထမင်းစားမယ်ဆိုပြီး
သမီးနဲ့ အမေ တိုင်ပင်ထားတယ်
မြန်မြန်လာပါတော့ အဖေရယ်…..။

ဒီလိုနဲ့ နေတောင် အတော်စောင်းလို့
လူအပေါင်းလည်း ပြန်သွားကြပြီ
သမီး အဖေလည်း မလာသေးပါလား ဆိုပြီး
တုန်ရီနေတဲ့ အသံနဲ့ အမေပြောကြားရင်း
အရုပ်ကြိုးပြတ် အမေလဲကျသွားပြီ
အဖေ……..ရေ..။
ငယ်သံပါအောင် အော်လိုက်တဲ့
သမီး အသံကြောင့်
လူတစ်ယောက် အမေ့ကို ပြေးထူမကာ
အသဲအသန် လှုပ်နိုးပေမယ့်
စိတ်ထိခိုက်လွန်းတဲ့ ဒဏ်ကြောင့်
အသက်ပါသွားတဲ့အမေ
သမီးကို ထားခဲ့ပြန်ပြီ ….အဖေရယ်……..။

မိခင် အလောင်းကို ဖက်ငိုကာ
ထောင်ဘူးဝကို ငေးစိုက်ကြည့်ရင်း
ကလေးငယ်လေးက
နာကျင်စွာ ဟစ်အော်လိုက်တယ်.
အဖေ့ကို ပြန်လွှတ်ပေးကြပါတော့။

ဒီမြင်ကွင်းနဲ့ အသံကြောင့်
စိတ်လှုပ်ရှားသွားတဲ့ ကျနော်
တုန်ရီနေတဲ့ လက်များကို
ကြွေကွဲသွားတဲ့ နှလုံးသားက
မောင်းနှင်လို့ ကဗျာတပုဒ် အဖြစ်
မွေးထုတ်ကာ စဉ်းစားမိတာက
သူတို့သာ လူသားမှန်ရင်
ကိုယ်ချင်းစရာ တရားတော့
ရှိတန်ကောင်းပါရဲ့လို့တိတ်တခိုး  ရည်ရွတ်လျှက်………..။


ဒီကဗျာလေးကို ဖတ်ပြီး မိတ်ဆွေတို့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ  လာရောက် ရင်ဖွင့်ပြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။


ခင်မင် လေးစားလျှက်
ဗမာ့သွေးနှင့် အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်

No comments:

Post a Comment