Wednesday, July 6, 2011

ပုဂံက ဘုရား၊ စေတီပုထိုးတွေ သွားရောက် ဖူးမျှော်ကြည်ညိုခဲ့တဲ့ အမေစုရဲ့ ဆုတောင်းမေတ္တာများအား ခံစားပုံဖော်ကြည့်ချင်း..

ပြည်တွင်းမှ မိတ်ဆွေများ အမေစုရဲ့ ပုဂံဘုရားဖူး ဓာတ်ပုံများထပ်မံကြည့်ချင်ရင် 

https://picasaweb.google.com/demowaiyen/DawAungSanSuuKyiInBagan
ဒီနေ့(၅)ရက်နေ့မှာတော့ ကျွန်တော်တို့ လူထုခေါင်းဆောင် အမေစုနဲ့  ပုဂံက ဘုရားလေးဆူကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်...။ ပုဂံမှာ အနုမှာ အာနန္ဒာ၊ အမြင့်မှာသဗ္ဗေညု၊ ထုမှာဓမ္မရံလို့ နာမည်ကျော်ကြားလှတဲ့ ဘုရားပုထိုးတော်တွေထဲက အာနန္ဒာဘုရား၊ သဗ္ဗေညုဘုရား၊ ကျန်စစ်သားမင်းကြီးရဲ့ သားတော် ရာဇကုမာရ် ရေးထိုးထားတဲ့ မြစေတီကျောက်စာ ရှိရာ မြစေတီဘုရားနဲ့ အကျဉ်းစံဘဝနဲ့ ခံစားရတဲ့ မွန်းကြပ်မှုတွေကို ပေါ်လွင်အောင် တည်ထားကိုးကွယ်ခဲ့တဲ့ မနူဟာမင်းကြီးရဲ့ မနူဟာဘုရားတို့ကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်..။

အာနန္ဒာဘုရား
အာနန္ဒာဘုရားစေတီတော် အတွင်းမှာ ဆုတောင်း မေတ္တာပို့သနေတဲ့ အမေစုနဲ့ သားငယ်ကိုထိန်လင်း..။ မြန်မာ့သမိုင်းမှာ အရည်အချင်းရှိပြီး မင်းကောင်း မင်းမြတ်ထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်တော်မူတဲ့ အမေတောင်းမယ့် ဆုကတော့ ငရမာန်ကန်းနဲ့ စောလူးမင်းတို့လက်ထဲ ရောက်နေရတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် အမေဆုတောင်း ပေးနေမှာကို ယုံကြည်မိပါတယ်...အမေ..။
ကျန်စစ်သားမင်းကြီးရဲ့ ရွှေစည်းခုံဘုရား ကျောက်စာမှာပါတဲ့`ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို့လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊ တဲ့....

တိုင်းပြည်မှာတော့ ပြည်သူတို့၏ မျက်ရည်တွေလည်း ခန်းခြောက်နေပါပြီ အမေ..။ ယာလက်ဖြင့် လယ်မြေတွေ ဆန်စပါးတွေ မြေနေရာတွေ အတင်း ဓမ္မသိမ်း ဝဲလက်နဲ့ ဆွဲပြီး ဂုတ်သွေးစုပ်ခံနေရပါတယ် အမေ...။ ပြည်သူတွေရဲ့ ဘဝကို အမေ နှစ်သိမ့်ပေးပါဦး အမေ...။

သဗ္ဗေညုဘုရား


ပုဂံမှာ အမြင့်ဆုံးစေတီဖြစ်တဲ့ သဗ္ဗေညုဘုရားကို ဆက်လက်ဖူးမျှော်ကြတဲ့ အမေစုနဲ့ သားငယ် ကိုထိန်လင်း...။

မြန်မာလူမျိုးတွေ  ပြည်တွင်း၊ ပြည်ပမှာ နိမ့်ကျနေတဲ့ ဘဝတွေ အနှိမ်ခံနေရတဲ့ ဘဝတွေကို မြင့်မားလာစေဖို့ အမေသစ္စာဆို ဆုတောင်း ပေးနေတယ်လို့ ယုံကြည်မိတယ်.. အမေ...။

မြစေတီဘုရားနဲ့ မြစေတီ ကျောက်စာ....

ကျန်စစ်သားမင်းကြီးရဲ့ သားတော်ရာဇကုမာရ် မင်းသားက ဖခင်ကကျန်စစ်သား မင်းကြီး နတ်ရွာစံခါနီး သေအံ့မူးမူး နာမကျန်း ဖြစ်နေချိန်မှာ ရွှေဆင်းတုတော်သွန်းလုပ် လှူဒါန်းပြီး ဖခင်အတွက် ကောင်းမှုကုသိုလ်ပြုလုပ် ပေးခဲ့ပြီး ရေစက်သွန်းချ အမျှတန်းဝေပေးခဲ့ပါတယ်..။  မြေးတော် အလောင်းစည်သူကို အိမ်ရှေ့နန်းလျာပေးခဲ့တာကိုတောင် နားလည် ခွင့်လွှတ်ပေးတဲ့ ရာဇကုမာရ် မင်းသားရဲ့ ပျူ၊ မွန်၊ မြန်မာနဲ့ ပါဠိဘာသာ တွေနဲ့ ရေးထိုးထားတဲ့ ကျောက်စာပေါ့...။

ထို့အတူ ကျွန်တော်တို့ အမေဟာစုလည်း မိမိအသက်အန္တရာယ်ကို ရန်ပြုရန်ရှာတဲ့ ရန်သူကိုတောင်မှ တိုင်းပြည်အကျိုးကို ကြည့်ပြီး အာဃာတ မထားပဲ ကျေအေး ခွင့်လွှတ်တတ်တဲ့ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ ကျွန်တော်တို့အမေပါ...။ တိုင်းပြည်အကျိုးအတွက် အမုန်းတရား၊ အာဃာတတွေ ဘေးဖယ်ပြီး အမေသစ္စာဆို ဆုတောင်းနေမယ်လို့ ယုံကြည်မိပါတယ် အမေ...။

မနူဟာဘုရား...
အနော်ရထာမင်းကြီး သုဝဏ္ဏဘုမ္မိ သထုံကို သိမ်းပိုက်ပြီး ပိဋကတ်သုံးပုံနဲ့ သထုံပြည့်ရှင် မနူဟာမင်းကြီး ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်...။ မနူဟာမင်းကြီးဟာ အကျယ်ချုပ် အကျဉ်းစံဘဝဖြင့် နေရစဉ်မှာ ပါလာတဲ့ လက်စွပ်ကို မြင်းကပါ သူဋ္ဌေးကို ရောင်းပြီ မိမိရဲ့ ကျဉ်းကြပ်စွာ နေရတဲ့ဘဝ ပေါ်လွင်အောင် ကြီးမားလှတဲ့ ဘုရားဆင်းတုတော်ကို ကျဉ်းမြောင်းတဲ့ အဆောက်အဦးအတွင်းမှာ တည်ဆောက်ထားတဲ့ မနူဟာ ဘုရားပါ...။ ပုဂံရောက်ဖူးသူတိုင်းသိပါတယ်..။ အထဲရောက်တဲ့ အခါမှာ အင်မတန်မှ စိတ်ကျဉ်းကြပ် ကိုယ်ကျဉ်းကြပ်မှုကို ခံစားရပါတယ်...။ မည်သူမှ မိတကွဲ ဖတကွဲ၊ သားတကွဲ မယားတကွဲ ပြင်ပလောကနဲ့ အဆက်ပြတ်ပြီး အကျဉ်းကျခံရတဲ့ ဘဝတွေကို မလိုလားကြပါဘူး...

တိုင်းပြည်တွင်းမှ ပြည်သူတွေ ဘဝဟာလည်း အလားတူပါပဲ...။ ထိုအတူ အမေစုဟာလည်း ကိုယ်တိုင် မတရား အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် မတရား ထိန်းသိမ်းခံခဲ့ရသလို မြန်မာပြည်တွင်းမှ အဖိနှိပ်ခံ ပြည်သူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် လွတ်မြောက်ဖို့ ပန်းရေချမ်း ဆက်ကပ်ပြီး ပြည်သူပြည်သားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဆုတောင်းပေးခဲ့မှာ မလွဲမသွေပါပဲ..။

ယနေ့အမေစု ပြုလုပ်ခဲ့သမျှ ကုသိုလ် ကောင်းမှုတွေကို သာဓု အနုမောဒန သုံးကြိမ်ခေါ်ဆိုရင်း ကိုယ်တိုင်လည်း မြန်မာပြည်သူပြည်သားတွေ အဖိနှိပ်ခံဘဝတွေမှ အမြန်ဆုံးလွတ်မြောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားတွေလည်း အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်..။

ဒီမိုဝေယံ..

No comments:

Post a Comment