Monday, July 25, 2011

နော်ဝေ အကြမ်းဖက်မှု NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

 ဧရာဝတီသတင်း
နော်ဝေနိုင်ငံ အော်စလိုမြို့၌ ဇူလိုင်လ ၂၃ နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၂ ခုတွင် လူပေါင်း ၉၂ ဦး အသက် ဆုံးရှုံးခဲ့ရမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ပေးပို့လိုက်သည်။

Norway-terror-attacks
“အထွေထွေအတွင်းရေးမှူး လက်မှတ်နဲ့ စနေနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီးဆီကို အထူးဝမ်းနည်းကြေကွဲကြောင်း၊ နော်ဝေနိုင်ငံသားများနှင့်ထပ်တူ ခံစားရပါကြောင်း သ၀ဏ်လွှာကို ပါတီကိုယ်စား ပေးပို့ခဲ့တာဖြစ်ပါတယ်” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

အော်စလိုမြို့လယ်ရှိ ၀န်ကြီးချုပ်ရုံးနှင့် ၄င်း၏ လေဘာပါတီ ဌာနချုပ်တည်ရှိရာ အစိုးရအဆောက်အဦများတွင် ဗုံးဖောက်ခွဲမှုကြောင့် ၇ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း နော်ဝေရဲတပ်ဖွဲ့က ဆိုသည်။ 

နာရီပိုင်းအကြာတွင် ယူတိုယာကျွန်း၌ အာဏာရ လေဘာပါတီ၏ နွေရာသီ လူငယ်စခန်းတွင် လက်ယာအစွန်းရောက် ဝါဒီ၊ ရဲအရာရှိ အယောင်ဆောင် သေနတ်သမား အန်ဒါစ် ဘယ်ရင် ဘရီးဗစ် (Anders Behring Breivik) က ပစ်ခတ်မှုကြောင့် လူ ၅၀၀ အနက် လူငယ် အများအပြား အပါအဝင် ၈၆ ဦး သေဆုံးခဲ့သည်။

မြန်မာဒီမိုကရေစီအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် နော်ဝေရောက် မြန်မာများကလည်း  ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခြင်း၊ ၀မ်းနည်းခြင်း ဆုတောင်းပွဲများ ကျင်းပကြသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က မြန်မာ့ ဒီမိုကရေစီအရေး တစိုက်မတ်မတ် ထောက်ခံနေသည့် နော်ဝေနိုင်ငံတွင် ဖြစ်ပွားခဲ့ရမှုသည် အလွန်ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်ရပ်ဖြစ်ပြီး နော်ဝေနိုင်ငံသားများနှင့်ထပ်တူ ၀မ်းနည်းကြောင်း၊ အထူးသဖြင့် ယခုဖြစ်ရပ်တွင် အများဆုံး သေဆုံးခဲ့သော လေဘာပါတီလူငယ်အဖွဲ့နှင့် လူ့ဘောင်သစ်ပါတီတို့မှာ မဟာမိတ် အဖွဲ့အစည်းများဖြစ်ကြောင်း ပြောသည်။

ကိုအောင်မိုးဇော်က “၀မ်းနည်းခြင်း သ၀ဏ်လွှာလည်း ကျနော်တို့ ပို့ထားတယ်။ ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ဘူး။ ဥရောပမှာ အခုလို လက်ယာအစွန်းရောက်တွေ ခေါင်းထောင်လာတာ ဥရောပအတွက်ရော တကမ္ဘာလုံးအတွက်ပါ ကောင်းတဲ့အလားအလာ မဟုတ်ဘူး” ဟု ကိုအောင်မိုးဇော်က ဧရာဝတီသို့ ပြောသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနသည် အော်စလိုမြို့တွင် ရုံးချုပ်တည်ရှိပြီး နော်ဝေနိုင်ငံက ငွေကြေးထောက်ပံ့မှုများလည်း ပေးထားသည်။ DVB ရုံးချုပ်သည် ဗုံးခွဲခံရသည့် ဝန်ကြီးချုပ်ရုံးနှင့် အလှမ်းမဝေးကြောင်း သိရသည်။

DVB သတင်းဌာနမှ ဒါရိုက်တာတဦးဖြစ်သည့် ဦးခင်မောင်ဝင်းက “ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးနေတဲ့နိုင်ငံမှာ ဒီလို အကြမ်းဖက်မှုဟာ အလွန်ဝမ်းနည်း ထိပ်လန့်စရာကောင်းတယ်။ အစပိုင်းက လူတွေထင်သလို မဟုတ်ဘူး။ နော်ဝေ နိုင်ငံသားကိုယ်တိုင်က နိုင်ငံခြားက ပြောင်းရွှေ့ဝင်ရောက်လာသူတွေကို မလိုလားလို့လုပ်တာ ဖြစ်တယ်။ မွတ်စလင် အစွန်းရောက်ဝါဒကို လက်မခံနိုင်လို့ ဒီလိုလုပ်ရပါတယ်ဆိုတော့ နော်ဝေမှာရှိတဲ့ နိုင်ငံခြားသားတွေအတွက် စိတ်ပူ စရာဖြစ်တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အော်စလိုမြို့အခြေစိုက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့က ၁၉၉၁ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခဲ့သည်။

သို့သော်လည်း နော်ဝေ လူ့အဖွဲ့အစည်းတွင် မြန်မာလူမျိုးများအနေဖြင့် နာမည်ကောင်းရှိကြောင်း၊ ထို့အတွက် ဂုဏ်ယူကြောင်း၊ နော်ဝေပြည်သူအများစုက ထိုကဲ့သို့ အကြမ်းဖက်လိုသည့် သဘောထား မရှိကြောင်း ဦးခင်မောင်ဝင်းက ရှင်းပြသည်။

“ဇူလိုင်လ ၃၁ ရက်နေ့အထိ ၀မ်းနည်းခြင်းအတွက် နော်ဝေနိုင်ငံသားအားလုံးနဲ့ တသားတည်းရှိတယ်ဆိုတာကို ဖော်ပြသွားဖို့ရှိတယ်” ဟု နော်ဝေနိုင်ငံရောက် မြန်မာတဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးကာလတွင် နော်ဝေနိုင်ငံ၌ လူဦးရေ ၄ သန်းမျှသာ ရှိသော်လည်း နော်ဝေနိုင်ငံသား ၃၀၀၀ ကျော်က အနီရောင်များဝတ်ဆင်ကာ မြန်မာနိုင်ငံသားများနှင့် တသားတည်းရှိကြောင်း ပြသခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။ 

အကြမ်းဖက်မှုကို ကျူးလွန်ကြောင်း ၀န်ခံထားသည့် အန်ဒါစ် ဘယ်ရင် ဘရီးဗစ်သည် အစ္စလာမ် ဆန့်ကျင်ရေးသမားဖြစ်ပြီး အခင်းဖြစ်ပွားမှုမတိုင်ခင် ရက်ပိုင်းက ၄င်း၏ စာမျက်နှာ ၁၅၀၀ ရှိ အစ္စလာမ်ဆန့်ကျင်ရေး အကြောင်းများကိုလည်း အင်တာနက်တွင် ရေးသားဖြန့်ဝေထားသည်။

နော်ဝေ ၀န်ကြီးချုပ် ယန်း စတော်လ်တင်ဘတ် (Jens Stoltenberg) က ယခုဖြစ်ရပ်သည် နော်ဝေနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ၀မ်းနည်းဖွယ် ဖြစ်ရပ်ဖြစ်ကြောင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တ၀က်လွှင့်ထူကြောင်း၊ ယခု လုပ်ရပ်၏ လက်သည်သည် သူရဲဘောနည်းသူဖြစ်ကြောင်း ၀မ်းနည်းမှု အခမ်းအနားတွင် ပြောကြားသွားသည်။

“တိုက်ခိုက်တဲ့သူတွေကို ကျနော်တို့ နော်ဝေနိုင်ငံသားတွေ ပြောချင်တာက ဒီမိုကရေစီစနစ်နဲ့ အကောင်းဆုံး စံချိန်စံညွှန်းတွေကို ခင်ဗျားတို့ မဖျက်ဆီးနိုင်ဘူး ဆိုတာပဲ” ဟု နော်ဝေ ၀န်ကြီးချုပ်က ပြောသည်။

နော်ဝေနိုင်ငံသည် မြန်မာဒုက္ခသည်အများစုကို အခြေချနေထိုင်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက်ထောက်ခံသော နိုင်ငံဖြစ်သည်။

နော်ဝေ အကြမ်းဖက်တိုက်ခိုက်မှုကြီးကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် နေတိုးအဖွဲ့တို့ကလည်း ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

နော်ဝေနိုင်ငံသည် အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ပွဲများကို ထောက်ခံပြီး အာဖဂန်နစ္စတန်နိုင်ငံသို့လည်း တပ်သားများ စေလွှတ်ထားသည်။

အကြမ်းဖက်မှုကြီး ဖြစ်ပွားပြီးနောက် သတင်းမီဒီယာများက အစ္စလာမ်အစွန်းရောက်များ၏ အကြမ်းဖက်မှုကြီးအဖြစ် အလျင်စလို မှားယွင်းစွာဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး ထိုအခင်းဖြစ်ပွားရာနေ့သည် နော်ဝေနိုင်ငံအတွက် ၀မ်းနည်းဖွယ် နေ့တနေ့ဖြစ်သကဲ့သို့ စာနယ်ဇင်းပညာ (မီဒီယာ) အတွက် အရှက်ရဖွယ် နေ့တနေ့ဖြစ်ကြောင်းလည်း The Straits Times သတင်းစာကြီးက ဝေဖန်ရေးသားထားသည်။

No comments:

Post a Comment