Thursday, August 11, 2011

ကျည်ဆံခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်....

ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)
၂၀၁၁ နွေရာသီတွင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည်တောက်လောင်ခဲ့ပေသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုများပြား ပိုမိုပြင်းထန် လာခဲ့သည်။ အသက်များစွာ အသက်များစွာ သေဆုံးရကြောင်းလည်း သိရသည်။

ဤပြည်တွင်းစစ်မီးသည် ပို၍ပြင်းထန်၊ ပို၍ကျယ်ပြန့်၊ ပို၍အသက်သေကြေ၊ ပို၍ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ် စိုးရိမ်လာကြရသည်။

သေဆုံးကြရသူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြသည်။ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီး ဆုံးရှုံးရသည်မှာလည်း ဤနိုင်ငံနှင့် ဤနိုင်ငံသားများ၏ အိုး - အိမ် - ပစ္စည်း - ဥစ္စာ များသာ ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်၊ ဆုံးရှုံးရသမျှ အိုး - အိမ် - ပစ္စည်း - ဥစ္စာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အသွေးအသားများသာဖြစ်သည်။

ထိုဆုံးရှုံးမှုများကို ဆက်၍ မခံကြရစေရန် အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်စဲကြဖို့ မလုပ်မဖြစ် လိုအပ်နေပြီ။
ထို့ကြောင့် သက်ဆိုင်ရာအားလုံးတို့သည် -
၁။ ချက်ချင်း အပစ်အခတ်ရပ်စဲကြရန်
၂။ တွေ့ဆုံဆွေးနွေး၍ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန်
အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါသည်။
ငြိမ်းချမ်းရေးဖွဲ့စည်း ဆောင်ရွက်မှုများကို နိုးနိုးကြားကြား ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြပါရန် ပြည်သူအပေါင်းတို့အားလည်း လေးစားစွာ ပန်ကြားလိုက်ပါသည်။
(ကျည်ဆံခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်။)

ဒဂုန်တာရာ
၇.၈.၂၀၁၁၊ အောင်ပန်းမြို့၊ ရှမ်းရဋ္ဌ

No comments:

Post a Comment