Friday, January 20, 2012

ရေသန့်မှ လူသန့်မည်။

စင်ကြယ်သောရေကို မြန်မာမှုပြုခဲ့သူမှာ ရှေးမြန်မာပညာရှိကြီးတစ်ဦးဖြစ်သူ ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်သည်။ ကမ္ဘာ့တစ်ဘက်ခြမ်း၌ “အများသုံးရေ” ကို ဖောဖောသီသီ သုံးနေရချိန်တွင် အခြား ကမ္ဘာ့တစ်ဘက်ခြမ်း၌ အများသုံးရေအဖြစ် မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်၊ ရေတွင်း၊ စိမ့်စမ်းများမှ ရေများ ကို မလောက်မင သုံးစွဲနေကြရသည်။ စင်ကြယ်သောရေထဲသို့ ညစ်ညမ်းစေသော ပစ္စည်းများ (လူတိရစ္ဆာန် တို့၏ မစင်ချေးများ၊ ဗက်တီးရီးယားပိုးမွှားများ၊ အဆိပ်အတောက်ဖြစ်စေသော သတ္ထုဒြပ်စင်များ၊ ဓါတ် ဆားများ၊ သီးနှံစိုက်ပျိုးရာတွင်သုံးသော ပိုးသတ်ဆေးများ၊ စက်ရုံအလုပ်ရုံများမှ စွန့်ပစ်ပစ္စည်းများ ရောက်ရှိ သွားပါက လူများအစုလိုက် အပြုံလိုက် သေကျေနိုင်စေသည်။ ဤကဲ့သို့ မသန့်သော ရေဆိုးများ၊ ဘေးမကင်းသောရေများ၊ စိတ်ချလုံခြုံမှု မရှိသောရေများကို သန့်စင် သုံးစွဲသောက်သုံးဖို့ လိုအပ်ပေသည်။ လူထုကျန်းမာရေးအရ အရေးကြီးလှသည်ဟု ဆရာ ဦးဝင်းမောင် B.E. (Mechanical)/1970 ရေးသားထားသော “စင်ကြယ်သောရေမှ ရေကောင်းရေသန့်သို့” ဟူသော ပညာရေးပေး စာအုပ်စာပေမှ သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်တို့၏ မြန်မာနိုင်ငံတွင် တွေ့ကြုံခံစားနေရသော နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း သောက်သုံးရေရှားပါးမှု ပြဿနာရပ်များအား တစ်နိုင်တစ်ပိုင် ဖြေရှင်းနိုင်ရန်အတွက် Community Engineering Team မှ Team Leader ဆရာ ဦးသန်းနိုင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဆက်သွယ်ပူးပေါင်း၍ တစ်နိုင်တစ်ပိုင် ရေသန့်သောက်ရေစစ်အိုး ပြုလုပ်ပုံနည်းစနစ် ပညာရပ်အား ၁၉.၁.၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံမြို့နယ်၌ လူမှုရေးသမားများ၊ အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ စိတ်ဝင်စားသူ လူမှုရေးအဖွဲ့များအား လာရောက် လက်တွေ့သင်ကြား ပြသခဲ့သည်။ မရှင်းမလင်းသော အချက်အလက်များအား မေးမြန်းခြင်း တို့ကို ရင်းနှီးပွင့်လင်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ အမှန်စင်စစ် ထိုကဲ့သို့ သင်တန်းပို့ချချက်များသည် လူသားအားလုံးသိရှိသင့်သော ဗဟုသုတပညာရပ်ဖြစ်သည်။ မိမိတို့၏ အရပ်ဒေသ၊ နေအိမ်အသီးသီး တို့တွင် လွယ်ကူသက်သာစွာဖြင့် တစ်နိုင်တစ်ပိုင် ရေသန့်သောက်ရေစစ်အိုးများ ပြုလုပ်သုံးစွဲနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သော ရေကောင်းရေသန့်များကို သုံးစွဲပါမှ ကျန်းမာသန်စွမ်းပြီး အသက်ရှည်စွာ မိမိတို့ မိသားစုအရေး၊ နိုင်ငံအရေးကိစ္စများကို အကျိုးရှိရှိ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရေသန့်မှ လူသန့်မည်။ လူသန့်မှ တိုင်းပြည်သန့်မည် ဖြစ်တော့သည်။

No comments:

Post a Comment