Tuesday, August 31, 2010

ဗိုလ်ချုပ်မှူးကြီး ရဲ့ ကွက်ကျော်ချက်


  • သောကြာနေ့ ညနေက ထွက်ပေါ်ခဲ့တဲ့ နအဖရဲ့ ထိပ်ဆုံး ခေါင်းဆောင်၃ ဦး တပ်ရာထူးတွေမှ အနားယူခဲ့တယ် ဆိုတာကို ကြားသိရတော့ ရန်ကုန် နိုင်ငံရေး စိတ်ဝင်စားသူ၊ စီးပွားရေးနယ်ပယ်၊ သတင်းစာလောက အသီးသီးမှာ အံ့သြခဲ့ကြတာပါ။
  • ရန်ကုန်က သာမန်လူတွေ အကြားမှာတော့ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတာ မကြားရသေးပါဘူး၊ ဈေးတွေထဲ လမ်းတွေထဲမှာ ဒီသတင်းကို သိပ်မပြောဆိုကြတာပါ။ ပြည်ပရေဒီယို အစီအစဉ် ပုံမှန်နားထောင်သူတွေကြားထဲမှာသာ သိရှိကြတဲ့ သဘောဖြစ်ပါတယ်။
  •  နယ်မြို့ကြီး တစ်မြို့မှ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကတော့ သူ့အနေနဲ့ ရေဒီယိုနားထောင်လို့ ဒီသတင်းကို ကြားပြီးပြီလို့ ပြောပါတယ်။ နအဖ ခေါင်းဆောင်တွေ စစ်ရာထူးမှ နှုတ်ထွက်ပေမယ့် ရုတ်တရက် ဘာ အပြောင်းအလဲမှ ဖြစ်လာစရာ သူမမြင်ဘူးလို့ ပြောပါတယ်။ ဒီခေါင်းဆောင်တွေ အနေနဲ့ လက်ရှိအာဏာကို ကောင်းကောင်း ထိန်းထားနိုင်နေသေးတယ်လို့ပဲ သူမြင်ကြောင်း ပြောပါတယ်။
  • ဗိုလ်ချုပ်မှူးကြီး ရဲ့  ကစားကွက်
  • အသက် ၇၇ နှစ် အရွယ်ထိ စစ်တပ်ရာထူးတွေကို ဆုပ်ကိုင်ထားပြီးနောက် ရွေးကောက်ပွဲ မကျင်းပမီ လပိုင်းအလိုလေးမှာ တပ်ရာထူးတွေကို ရုတ်တရက်အနားယူထွက်သွားကြလို့  နအဖ စစ်ခေါင်းဆောင်တွေ စစ်တပ်ကို မခွာနိုင်ရဲ ကြတော့ဘူးလို့ ထင်မြင်ယူဆထားတာ မှားသွားပါတယ်။
  • မကြာခင်ကာလအထိ နိုင်ငံရေး စောင့်ကြည့်သူတွေက သူ့အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုသာ ဆက်လက်စွဲကိုင်ထားပြီး သူရရွှေမန်းကို သမတဖြစ်စေ လုပ်ခိုင်းလိမ့်မယ်လို့ တွက်ဆထားခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တန်းမှာ အများ မထင်မှတ်ထားတဲ့ အကွက်ကို ကစားခဲ့တာဖြစ် ပါတယ်။
  • မဆလ ခေါင်းဆောင် ဦးနေ၀င်းဟာ အာဏာသိမ်းပြီး ၁၂ နှစ်အကြာ ၁၉၇၄ ခုနှစ်မှာရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဝတ်လဲခဲ့ပါတယ်။ သူယုံကြည် စိတ်ချတဲ့  သူကိုကာကွယ်ရေး ဦးစီးချုပ် အဖြစ်ထားခဲ့ပြီး သူနဲ့ အတူ ဦးစန်းယု၊ ဦးစိန်ဝင်းတို့ကို အရပ်သားတွေ အဖြစ်ပြောင်းစေပြီး မဆလ အစိုးရအဖွဲ့အနေနဲ့ တပ်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်နောက်ပိုင်း တပ်ကသူ့အပေါ် သစ္စာဖောက်တဲ့ အဖြစ်အပျက် တစ်ခုမှ မဖြစ်ပျက်ခဲ့ပါဘူး။ စစ်ထောက်လှမ်းရေး ညွှန်ချုပ် ဖြစ်သူ ဗိုလ်ချုပ်တင်ဦး (မျက်မှန်ကြီးဟု လူသိများသူ) အဖြစ်အပျက်သာ ၁၉၈၃ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာပါ။
  • ဦးနေ၀င်း လုပ်သလို အခုလည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုက်လုပ်ရဲတာကို နိုင်ငံရေး အကဲခတ်သူတွေက အံ့အားသင့်ကြတာလည်း ဖြစ်ပါတယ်။ ဦးနေ၀င်းဟာ ပုဂ္ဂိုလ်ရေး သြဇာကြီးမားသူဖြစ်ပြီး သူ့ကို ရိုသေပြီး ကြောက်ကြတဲ့ တပ်ခေါင်းဆောင်တွေ အများကြီးရှိခဲ့တာပါ။ သူ့ရဲ့ အရှိန်အ၀ါ သမ္ဘာကိုမလွန်ဆံဝံ့ သူတွေ မဆလ ခေတ်တပ်မတော်ထဲ အများကြီးရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။
  • ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဦးနေ၀င်းလို ကစားကွက်မျိုး ကစားတယ်ဆိုရင် စွန့်စားမှုကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့  သူဟာ ဦးနေ၀င်းလို တပ်ကိုလွှမ်းမိုးနိုင်တဲ့ သမိုင်း အစဉ်အလာ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ သူလက်ရှိ တပ်ကိုချုပ်ကိုင်ထားတာဟာလည်း  စစ်အရာရှိတွေရဲ့ အကြောက်တရားနဲ့ အကျိုးစီးပွား ဆိုတဲ့ အချက်နှစ်ချက်ထဲနဲ့ ချုပ်ကိုင်ထားတာပါ။ ဦးနေ၀င်းဟာ ၈၈ ခုနှစ်နောက်ပိုင်း တပ်ကိုတိုက်ရိုက် မကိုင်တွယ်တော့တဲ့နောက် သူ့ရဲ့ သြဇာအာဏာ ကျဆင်းလာပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုအာခံပြီး သူ့ကိုယ်ပိုင်သြဇာကို ထူထောင်ခဲ့တာဖြစ်ပါတယ်။
  • အဲဒီလို တပ်ကိုတိုက်ရိုက်မထိတွေ့တော့ရင် တပ်ကိုထိတွေ့ တာဝန်ယူတဲ့သူရဲ့ အမိန့်က အာဏာဖြစ်လာတဲ့ သဘောပါပဲ။ အဲဒီ အချက်ဟာ န၀တ ၊ နအဖခေတ် စစ်တပ်ရဲ့ အစဉ်အလာ တခုဖြစ်ခဲ့ပါပြီ။ လက်ရှိစစ်အာဏာ ကိုင်ထားသူကိုသာ အကြောက်တရားနဲ့ သစ္စာခံရမယ် ဆိုတဲ့အစဉ်အလာပါ။ ဗိုလ်ချုပ်တွေရဲ့ လက်အောက်ငယ်သား စစ်အရာရှိတွေဟာ သူ့တို့ရဲ့ အထက်စစ်အရာရှိကြီးတွေ ဒီနေ့တပ်က အနားယူ သို့မဟုတ် အနားပေးခံရရင် နောက်ရက်တွေမှာ အိမ်ကိုလည်း မသွားရဲကြ၊ လူမှုရေးကိစ္စတွေမှာလည်း လည်ပတ်ဝင်ထွက်တာ မလုပ်ရဲကြတော့ပါဘူး။ မဆလခေတ်လို ရာထူးမရှိတော့လည်း ဆရာတပြည့် ဆက်ဆံရေးမျိုး မမွေးမြူထားရဲကြတောတာပါ။
  • ဒီအချက်က ဘာကိုပြသလဲ ဆိုရင် စစ်တပ်အရာရှိကြီးတွေ နဲ့လက်အောက် ငယ်သားတွေ အကြား ပစ္စုပ္ပန်ကျတဲ့ ဆက်ဆံရေးပဲ ရှိတာကိုပြတာပါ။ အခုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူလိုက်ပြီးနောက် သူအစဉ်အလာချခဲ့တဲ့ စစ်တပ်က သူ့ကိုဘယ်လို ဆက်ဆံမလဲဆိုတာ စောင့်ကြည့်စရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။
  • ဗိုလ်ချုပ်မှူးကြီး ရဲ့ ကွက်ကျော်ချက်
  • နကိုက မျှော်လင့်တွက်ချက်ထားကြသလို ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မခန့်အပ်ပဲ သူရရွှေမန်းကိုပါ အနားယူတဲ့ အထဲဆွဲခေါ်သွားတဲ့ အဖြစ်က မမျှော်လင့်ထားတဲ့ အဖြစ်ပါ။ သူ့ကိုပါ အနားယူစေပြီး သူ့ထက် တဆင့်နှစ်ဆင့် ငယ်တဲ့ ဒု- ဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို ကာကွယ်ရေး ဦးစီးချုပ်ခန့်လိုက်ပြီး ဒု- ဗိုလ်ချုပ်ကြီးကိုကိုကို က ဒုကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပါတယ်။
  • သူရရွှေမန်းကို ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မခန့်တော့တဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းက သူ့ကို ခန့်အပ်ရင်တပ်ကို အမှန်တကယ် ထိတွေ့စီမံခန့်ခွဲနိုင်မယ့် အရည်အချင်းရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ နအဖ ခေါင်းဆောင် ဗိုလ်ချုပ် သန်းရွှေအနေနဲ့ ကိုယ်တိုင်စီမံခန့်ခွဲ နိုင်စွမ်းရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ်ထက် သူရမြင့်အောင်က သူ့ထက်ပိုပြီး ၀ါရင့်တဲ့ ဗိုလ်ချုပ်ကြီးတွေကို ကျော်ပြီးခန့်လိုက်တဲ့ အတွက် သစ္စာစောင့်သိရမယ့် အချက်ကိုလိုချင်သလို သူ့အနေနဲ့ ကြိုးကိုင်ရလွယ်မယ့်သူ ကိုရွေးချယ်တဲ့ သဘောလည်း ဖြစ်ပါတယ်။ သူ့နဲ့ မတိမ်းမယိမ်း ဖြစ်သူ ဗိုလ်ချုပ် မောင်အေးကိုလည်း ချန်မထားတဲ့ အပြင် အခြားတပ်မှာ အနေကြာပြီး ရာထူးကြီးသူ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော်ကိုပါ တပ်ကနေ တခါထည်း ဆွဲထုတ်သွားခဲ့တာ ကိုလည်းတွေ့ရပါတယ်။
  • တပ်ကို အသက်ငယ်တဲ့ ဗိုလ်ချုပ်တွေနဲ့  အားသစ်လောင်းလိုတာထက် တပ်မှာ အနေမကြာသေးတဲ့သူတွေကို ရာထူးခန့်ခြင်းက ကြိုးကိုင်ရတာ လွယ်ကူမယ်ဆိုတာပဲ ဖြစ်ပါတယ်။

မောင်တစ်ထမ်း + မယ်တစ်ရွက် = ၂၉





၃၁.၈.၂၀၁၀ (အင်္ဂါ) နေ့ရက်သည် မြတ်ဗုဒ္ဓအလိုကျ ဗြဟ္မစိုရ်နှလုံးသားနှင့် လူမှုခရီး သွားနေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာခရီး (၂၉) နှစ်မြောက် အချိန်ကာလဖြစ်သည်။ ယင်းနေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအဟာရ စားသောက်ဆိုင်တွင် ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ/ သားများ၊ ဖိတ်ကြားထားသော အနုပညာသမားများ၊ ဧည့်သည်တော်များ၊ အလှူရှင်များကို သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ရေခဲမုန့်၊ အချိုရည်တို့ဖြင့် ဧည့်ခံကျွေးမွေး ဒါနပြုလုပ်ခဲ့သည်။ အသင်းသူ/သားများမှလည်း တက်ညီလက်ညီဖြင့် ၀ိုင်းဝန်း ဧည့်ခံကြိုဆိုခြင်း၊ အစားအသောက်များကို တည်ခင်း ဧည့်ခံပေးခြင်း၊ ပန်းကန် ခွက်ယောက်များကို ဆေးကြောသန့်စင်ပေးခြင်း တို့ကို လူမှုရေး စိတ်ဓါတ် အပြည့်အ၀ဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသည်။



          ထိုအခမ်းအနားတွင် ဦးကျော်သူ၏ မိခင်ဖြစ်သူ ဒေါ်မြသန်းမှလည်း ဆုတောင်းမေတ္တာပို့ စကားပြောကြားကာ အလုပ်အမှုဆောင်အဖွဲ့၊ အသင်းသူ/သားများ၊ ပန်းချီဆရာများ၊ ဧည့်သည်တော် များထဲမှ တစ်ဦးချင်း မင်္ဂလာဆုတောင်း စကားများကိုပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်း များကို ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ပေးအပ်ကြသည်။ ထို့ပြင် အလုပ်မအားလပ်၍ မလာနိုင်သော ကဗျာဆရာ ကိုစောဝေမှ ပန်းချီကားချပ်နှင့် “မောင်တစ်ထမ်း + မယ်တစ်ရွက် = ၂၉” ကဗျာအား အမှတ်တရ ရေးသားပေးပို့လိုက်ကာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ ရွတ်ဆိုပေးခဲ့ ပါသည်။ ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့မှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ရာတွင် ဦးကျော်သူမှ “ယခုကဲ့သို့ မိမိတို့၏ မင်္ဂလာ (၂၉) နှစ်မြောက်ကို ကြွရာက်အားပေး ချီးမြှင့်ခြင်းကို ကျေးဇူးအထူး  တင်ရှိပါကြောင်း၊ မိမိတို့သည် ဤလူမှုရေးလုပ်ငန်းကို အများပြည်သူတို့ လှူဒါန်းငွေတို့ ဖြင့် ဒုက္ခရောက်နေသော အများပြည်သူတို့အား ပံ့ပိုးကူညီ ဖေးမပေးဆပ်ခြင်း ဖြစ်ပါကြောင်း။ မိမိမှာ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရသည်မှာ (၃) နှစ်ရှိပြီ ဖြစ်ပါ၍ မိမိကိုယ်ပိုင်ဝင်ငွေ မရှိပါကြောင်း သို့သော် မိမိတို့ အလှူပွဲများ၊ ဧည့်ခံပွဲများ ယနေ့တိုင်ပြုလုပ် လှူဒါန်းနိုင်သည်မှာ ကျွန်တော်တို့၏ မိဘများ အားကိုးနှင့်သာ လှူဒါန်းနိုင်ခြင်းသာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ (၂၉) နှစ်မြောက် အခမ်းအနားကိုလည်း ကျွန်တော်၏ မိဘနှစ်ပါးဖြစ်သော ဦးစိန်တင် + ဒေါ်မြသန်း တို့မှ မင်္ဂလာပွဲ လက်ဆောင်အဖြစ် ဂုဏ်ပြုချီးမြှင့်ငွေဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း” ပြောကြားသွားသည်။



          နေ့လည် (၂း၀၀) နာရီ အချိန်တွင် ကွယ်လွန်သူ ဦးလှမြင့် အသက် (၈၁) နှစ်၏ နာရေး လမ်းကြောင်းကို ရန်ကုန်ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ (၂၉) နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ နှင့်အတူ လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ပါသည်။






























































အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား သွားရောက် ဂါရ၀ ပြု ဓါတ်ပုံမှတ်တမ်း

Monday, August 30, 2010

အကျဉ်းကျေ၇ွှဝါရောင်ဆရာတော် အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလျှုငွေသွားရောက်ပေးပို့ ထားတဲ့မှတ်တမ်း


ကျဉ်းကျေ၇ွှဝါရောင်ဆရာတော် အရှင်ဂမ္ဘီရ ထောင်ဝင်စာ အတွတ် မိသားစုသို့ အလျှုငွေ သွားရောက်ပေးပို့ ထားတဲ့မှတ်တမ်း ဓါတ်ပုံပါ။ံ နိုင်ငံရေး အကျဉ်းကျခံ  များအတွတ် လျှုဒါန်းလိုသူများ skype = shwekyaungtharr / email = shwekyaungtharr@gamil.com / phone = 0044 7915157660 သို့ တိုက်၇ိုက် ဆက်သွယ်လျှူဒါန်းနိုင်ပါသည်။ လျှူဒါန်းငွေအတိုင်း ရည်ရွယ်သူထံသို့  အတိအကျ သွားေ၇ာက်ပေးပို့ သွားမည် ဖြစ်ပါသည်။ မှတ်တမ်း ဓါတ်ပုံ BP

သုခအဟာရ ဖွင့်ပြီ

သုခအဟာရ ဖွင့်ပြီ



          ၂၉.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံတွင် လုပ်အားပေး အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ လူနာ/ရှင်များ၊ အလှူရှင်များ သုံးဆောင်ရန်အတွက် “သုခ အဟာရ” စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ စားသောက်ဆိုင်တွင် စားသုံးသူတို့ အဆင်ပြေ သုံးဆောင်နိုင်ရန် ချက်ပြုတ်ရေး မီးဖိုခန်းမှအစ ကျန်းမာရေးနှင့် ကိုက်ညီအောင် သန့်ရှင်းစွာဖြင့် ချက်ပြုတ်ခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်း၊ အရသာကောင်းမွန်စွာဖြင့် အဟာရ ပြည့်ဝ မည့်ဟင်းလျာများ ချက်ပြုတ်ရောင်းချပေးခြင်း၊ ကော်ဖီ၊ အအေးတို့ကိုလည်း သက်သာသော ဈေးနှုန်း ဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။
          ယနေ့ “သုခ အဟာရ” စားသောက်ဆိုင် ဖွင့်ပွဲတွင် ဖိတ်ကြားထားသော အလှူရှင်များ၊ ဧည့်သည်များ၊ လုပ်အားပေး အသင်းသူ/သားများ၊ မျိုးဆက်သစ် ကလေးသူငယ်များ၊ စာနယ်ဇင်းသ မားများ ကြွရောက်အားပေး ခဲ့ကြသည်။
          ထို့ပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသကြသော လူနာများကိုလည်း လာရောက် သုံးဆောင်ရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ “သုခ အဟာရ” စားသောက်ဆိုင်ဖွင့်ပွဲတွင် နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ သီးစုံပဲဟင်းနှင့် ရေခဲမုန့်တို့ကို “သုခ အဟာရ ” စားသောက်ဆိုင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးတင်မောင်အေး (မိသားစု)နှင့် အရည်အသွေး စစ်ဆေးရေး အင်ဂျင်နီယာ ဒေါ်သန္တာခိုင်တို့မှ ကျွေးမွေးလှူဒါန်း ခဲ့ပါသည်။





ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက်






“ငါနေထိုင်ရာဘ၀မှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါလွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘ၀ xxx အရာထင်ခြင်းများလဲမရှိတော့ ငါကျရှုံးနေ … အတိတ်တွေခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx  မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့ ”

အထက်ပါ သီချင်းစာသားကတော့ လူငယ် တေးရေး/တေးဆို- Japan ၏ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “နိဗ္ဗာန်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

“မင်းရဲ့ရှေ့မှာ သန်းပေါင်းများစွာ သွားလိုက်ကြ ဒီလမ်းမှာ xxx        မင်းလည်းတစ်နေ့မှာ သန်းပေါင်းများစွာ ထဲကတစ်ယောက် ဖြစ်ဦးမှာ”

        အထက်ပါ သီချင်းသည်လည်း လူငယ်များဖြစ်ကြသော တေးရေး - ဖိုးလ၊ တေးဆို - Alta တို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ရေးသား သီဆိုပေးထားသော “ခေါင်းလောင်းသံ” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများကို အများပြည်သူတို့မှ လက်ခံယုံကြည်ကြ သလို အနုပညာလောကအတွင်းမှ စာပေ၊ ပန်းချီ၊ ဂီတ အဖွဲ့ဝင်များကပါ တစ်ထောင့်တစ်နေရာမှ ပါဝင် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီ ဖြစ်ပါသည်။ အထူးအားဖြင့် ဂီတလောကမှ ဂီတပညာရှင်ကြီးများ ဖြစ်ကြသော ကိုစိုးပိုင်၊ မေခလာ၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ စိုးသိင်္ခ တို့သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် အတူလက်တွဲ၍ အများပြည်သူအတွက် လူမှုရေးလုပ်ငန်းများကို အထောက်အကူပြု တေးဂီတ သီချင်းများကို မေတ္တာစေတနာဖြင့် ပါဝင်လှုပ်ရှား ဒါနပြု ပေးဆပ်ကြ သလို လူငယ် ဂီတပညာရှင်များမှလည်း စိတ်ဝင်တစား တတပ်တအားဖြင့် အတူလက်တွဲ၍ ကျွန်တော် တို့ ရည်မှန်းထားသော ငြိမ်းချမ်းရေး ပန်းတိုင်သို့ အတူပျံသန်းကြသည်မှာ ကမ္ဘာမြေကြီးအတွက် လူမျိုးအတွက် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်သော အဖြူထည် ပေးဆပ်မှုပင် ဖြစ်တော့သည်။

ဂီတပညာရှင်တို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ်များ ရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူလက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။