Showing posts with label မှတ်စုများ. Show all posts
Showing posts with label မှတ်စုများ. Show all posts

Tuesday, February 12, 2013

♥Happy 98th Birthday of General Aung San (Myanmar National Hero) ♥ ( ပြည်သူများရဲ့တို့ဖခင်ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ကိုလေးစားစွာဖြင့်ဂုဏ်ပြုပါသည်)


♥နတ်မောက်...မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

♥
ခင်ကြည်...ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

♥
ဗိုလ်ထွန်းလှ...ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

♥
ဆရာတော်ဦးသောဘိတ....ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

♥
ဦးဘ၀င်း..ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

♥
ရဲဘော်ကျော်စိန်....ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

♥
ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

♥
ဗိုလ်မှူးကြီးဆူဇူကီး....တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

♥
အမွိုင်....မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

♥
ဦးစော...ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

♥
မစ္စတာနေရူး...ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

♥
ပဲခူးဆောင်...ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

♥
ညိုညိုစိန်....ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"
ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

♥
ဆြာ စတက်ဖို့ကရစ်ပ်....သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

♥
ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ.....
(
ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

♥
ဂျူဗလီဟော....ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

♥
ရဲဘော်ကလေးတွေ......စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"
ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

♥
ပြည်ထဲရေးဝန်ကြီးဦးမြ...ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

♥
ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

♥
မေမြို့....၀မ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

By Heinn Five Strings
မူလ စာရေးသူက တစ်ပါဒ စီ ရေးတင်ထားတာ ဖြစ်ပါတယ် ... တစ်ပါဒ စီ share လို့ ရနိုင်ပေမယ့် တစ်စုတစ်စည်းတည်း ဖတ်စေချင်လို့ (ဖတ်ချင်လို့) copy & paste လုပ်ပြီး credit ပေးပါတယ် ... ဒီမှာ နောက်ဆုံးပါဒကို မူလစာရေးသူက နောက်ဆုံးမှာ မထားပေမဲ့ ကျနော် နောက်ဆုံးကို ရွှေ့ထားဖြစ်ပါတယ် ... ကျနော်လေးစားတဲ့ ဗိုလ်ချူပ် (ဦးအောင်ဆန်း) ရဲ့ မွေးနေ့မှာ သူ့ကို အောက်မေ့တသတဲ့ အထိမ်းအမှတ်နဲ့ တင်ဖြစ်စေတဲ့ မူလစာရေးသူကိုကျေးဇူးတင်ပါတယ်
(note copy via 'Tin latt/photo fr'google)

photo'
ဗိုလ်ချုပ်အောင်ဆန်းမိသားစု (ဗိုလ်ချုပ်မိခင်ကြီးဒေါ်စုနှင့်အတူ)
ဖေဖေါ်ဝါရီ (၁၃. ၂. ၂၀၁၃)တွင် ကျရောက်သော တစ်မျိုးသား၏ ခေါင်းဆောင်ကြီး ။လွတ်လပ်ရေး ဖခင်ကြီး ဦးအာင်ဆန်း၏ (၉၈) နှစ်မြောက် မွေးနေ့ အား ဂုတ်ပြုသောအားဖြင့်၂၀၀၇ခုနှစ် မျိုဆက်မှာ အမှတ်တမ်းပြုပါသည်။

Tuesday, February 5, 2013

''ဖေဖေါ်ဝါရီ၁၃မွေးနေ့ရှင်”



***
ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းများ ***

၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။ ထိုစဉ်ကသူ့အသက် ၁၇နှစ်သာရှိသေး၏။
၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့၏။
၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏ ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။
၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရ၏။
၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူးဖြစ်လာ၏။
၆။သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်ပုံကန်ရန် အစီ အစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်သာရှိသေး၏။

(
ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ဖြစ်ပါ့ မလား -- လက်နက်ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည် ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အားလျော့တတ်ခြင်းမရှိ ``ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ ကျုပ်တို့ကော ဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ``ဟု တွေဝေနေသောသူ၏ရဲဘော်များကိုပြန်ပြောခဲ့၏။)
၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။
၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ``ဗမာ့လွတ်လပ်ရေး တပ်မတော်``ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား၂၆နှစ်အရွယ်ပင်ရှိသေး၏။
၉။အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍ တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံရေးလောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို တောင့်တင်းကြီးမားအောင် တည်ဆောက်စည်းရုံးခဲ့၏။
၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေးသမားကြီးများဖြစ်သော ဗြိတိသျှအစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေးဆွေးနွေးနိုင်ခဲ့ ပြောဆိုနိုင်ခဲ့၏။
၁၁။ ဗြိတိသျှတို့နှင့် အကြိတ်အနယ်အင်အား ပြိုင်အရေးဆိုပြောကြားပြီးနောက် ``တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ်`` ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာရှိသေး၏။
၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချပေးခဲ့၏။
၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချတည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။
ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လိုပညာထက်မြက်ခဲ့သည်၊ ဘယ်လိုဆရာသမား တွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာသင့်ပေသည်။
မောင်လွင်ဟိန်းကို

Monday, October 17, 2011

ပိုင်ရှင်အလိုရှိသည်





လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော် ရဲဖက်၊ လက်တွဲဖော် လက်တွဲဖက်ထူးခြားသောမိတ်ဆွေကြီးတစ်ဦး၏ မိခင်ဖြစ်သူဒေါ်လှကြည် (ခ) စာရေးဆရာမဒေါ်ကြည်ဦးအသက် (၈၄)နှစ်သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားပါသဖြင့် ကျွန်ုပ်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာဖြင့် နောက်ဆုံးခရီးအားအဆင်ပြေချောမွတ်စွာဖြင့်စည်ကားသိုက်မြိုက်စွာပို့ဆောင်ကူညီသင်္ဂြိုလ်ပေးခဲ့ရသည်။

          အမေဒေါ်ကြည်ဦး၏ သားဖြစ်သူကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးမှာ ပြင်ပလောကနှင့် ဝေးကွာအဆက်ပြတ်နေသော မြစ်ကြီးနားအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ပေးမှုကြောင့် ပြစ်ဒဏ် (၅၉)နှစ်အကျဉ်းကျခံနေရသူဖြစ်သည်။ ထို့ကြောင့် ထူးခြားသောမိတ်ဆွေကြီးမှာမိခင်ဖြစ်သူ၏ နောက်ဆုံးခရီးအားလိုက်ပါပို့ဆောင်ခွင့် မရခဲ့ချေ။ထိုစဉ်ကထူးခြားသောမိတ်ဆွေကြီးနှင့် အလားတူကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည်လည်းနေအိမ်အကျယ်ချုပ်ဖြင့် ပြင်ပလောကသို့ ထွက်ခွာခွင့် မရရှိသေးချေ။ သို့သော် အမေစုသည် လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာဖြင့် လူသားချင်းစာနာစိတ်ဖြင့် ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီး၏ မိခင်ဈာပနအခမ်းအနားတွင် “ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း” စာတမ်းပါ နှင်းဆီပန်းခြင်းအားဖဲကြိုးအနက်ရောင်ဖြင့် ကျွန်ုပ်ထံသို့ လူကြုံတစ်ဦးဖြင့် မရောက်ရောက်အောင် ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် ထိုလူကြုံမှ ကျွန်ုပ်အား “အမေကမှာလိုက်တယ်။

ဒီပန်းခြင်းကိုကာယကံရှင်ထံအရောက်ပို့ပေးပါ” တဲ့။ ကာယကံရှင်မှာကျန်ရစ်သူထူးခြားသောမိတ်ဆွေကြီး၏ ဖခင်နှင့် အကိုများသာ ရှိတော့သည်။ ကျွန်ုပ်ယုံကြည်မှုတစ်ခုရှိသည်။ ကျွန်ုပ်မသေခင် ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသည် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသို့ ပြန်လည်ရောက်ရှိကာကျွန်ုပ်နှင့် ပြန်လည်တွေ့ဆုံလိမ့်မည်ဟုယုံကြည်ထားသည်။ အမေဆိုလိုသောကာယကံရှင်ဟုဆိုရာ၌ ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးသာဖြစ်တော့သည်။ထို့ကြောင့် အမေ့၏မှာကြားချက်အား တာဝန် ကျေစွာထမ်းဆောင်နိုင်ရန်အတွက် ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။

          ဤတွင် မိခင်ကြီးဒေါ်ကြည်ဦး၏ ဈာပနအခမ်းအနားသို့ ကျွန်ုပ်ကိုယ်တိုင် နိဗ္ဗာန်မော်တော် ယာဉ်ပေါ်တင်ဆောင်၍ ရေဝေးသုဿန် ဈာပနအခမ်းအနားပြီးဆုံးသည့် အချိန်အထိကျွန်ုပ်၏ လက်မှ အောက်သို့မချပဲကိုင်ဆောင်ထားခဲ့သည်။ အခမ်းအနားပြီးဆုံးသည်နှင့် ကျွန်ုပ်သည် ဤလွမ်းသူပန်းခြင်းအားကျွန်ုပ်၏နေအိမ်သို့ သယ်ဆောင်ထားခဲ့သည်မှာယခုဆိုလျှင် (၂) နှစ်နှင့် (၇)လခန့် ရှိခဲ့ပြီ ဖြစ်သည်။

          ယခုအချိန်တွင် ထူးခြားသောမိတ်ဆွေကြီးသည်လည်းလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပသို့ လွတ်မြောက်လာပြီ ဖြစ်သည်။ သို့သော် ယခုအချိန်အထိထူးခြားသောမိတ်ဆွေကြီးနှင့် တွေ့ဆုံခွင့်မရသေး။ ကျွန်ုပ်တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း (၂) ကြိမ်ခန့် လေလှိုင်းထဲမှ စကားပြောခွင့်သာရခဲ့သည်။ လူကိုယ်တိုင် တွေ့ဆုံခွင့်ကားမရသေးချေ။ ကျွန်ုပ်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် တရားဝင်မှတ်ပုံတင် မကျသေး၍ ကျွန်ုပ်တို့၏ အသင်းသို့ ထူးခြားသောမိတ်ဆွေကြီးသည် မလာရောက်ခြင်းတော့ မဖြစ်နိုင်။

ထူးခြားသောမိတ်ဆွေကြီးမှာအလုပ်အလွန် များပြားလွန်းလှသောကြောင့်ပင် ဖြစ်မည်ဟုကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ဤစာကိုထူးခြားသောမိတ်ဆွေကြီးဖတ်မိသည့်အချိန်၌ ကျွန်ုပ်ထံသို့ အလျင်အမြန်ရောက်ရှိလာမည်ဟုမျှော်လင့်မိပါသည်။


* ယင်းလွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် * 
-      ၂၀၀၉ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ (၂၉) ရက်နေ့အထိ နှင်းဆီပန်းပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။
-     ယနေ့တိုင် ညှိုးနွမ်းသွားသော နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။


(ကျွန်ုပ်၏ ထူးခြားသောမိတ်ဆွေကြီးဆိုသူမှာ မည်သူမည်ဝါဖြစ်သည်ဟုဖော်ပြရန်လိုအပ်မည်မထင်ချေ။)





















Wednesday, July 13, 2011

ဘ၀ အတွက် အချိန်



ဘ၀ အတွက် အချိန်

ဦးဇင်းတို့ ဟာ အချိန်ကို လူတကူးပဲ လေးစားကြပြီး အချိန်နှင်အမျှစကားတွေပြောနေကြလိုက်တာ ဘ၀နေ၀င်ချိန်ကိုတောင် မေ့နေတက်ကြပါတယ်။ အချိန်သည် လူကိုမစောင့်။ အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးနေ၏။ “ငါနှင့်ရွယ်တူ၊ ငါ့အောက် လူ၊ ကြီးသူသေကြ များလှပြီ။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ချေပြီ။” ဦးဇင်းတို့အားလုံး သံသရာ အရေး မြှော်တွေးလို့ကြည့်လိုက်လျှင် ဘ၀တွေ မဆုံးနိုင်သမျှ ဒုက္ခတွေ ဒွန်တွဲလို့ရှိနေပါ ဦးမည်။ သံသရာခရီးသွားချင်းအတူ လက်တွဲလို့ကူကြရမည်။ တစ်ဦးအပေါ်တစ်ဦးတို့၏ တင်ခဲ့ သည့်ကျေးဇူးတရားတို့ကို တရားဖြင့်ပေးဆပ်၍ ကျေအေးနိုင်၏။လို့ဗုဒ္ဓမိန့်ဆိုထားပါတယ်။


ဦးဇင်းတို့ကိုယ်တိုင် တရားနှင့်နေခြင်းဖြင့် သူတစ်ပါးတို့ ချမ်းသာပွါးနိုင်ကြကုန်၏။ သူတစ်ပါးတို့ ကောင်းကျိုးချမ်းသားပွါးအောင် နေနေခြင်းသည်လည်း တရားအားထုတ်နေခြင်း ဖြစ်သည်။ အပြန်အလှန် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတို့ဖြင့် အချင်းချင်း ကူညီနေကြခြင်းဖြင့် အပြန်အလှန် ကျေးဇူးဆပ်ကြရာ၏။ တစ်နည်းအားဖြင့် မိမိ၏ ကိလေသာအကြွေးတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျောက်နိုင်ကြပါလျှင် မိမိအပေါ် တင်ခဲ့ဖူး သမျှသော မိဘကျေးဇူးလည်းကျေပြီ၊ ဆရာ့ကျေးဇူးလည်းကျေပြီ၊ ဘုရားရှင်၏ အလိုတော် လည်း ပြည့်စုံပြီဖြစ်ခြင်းကြောင့် ဘုရားရှင်၏ကျေးဇူးကိုလည်း ပေးဆပ်နိုင်ပေပြီ။ ထိုသို့ အားထုတ်နိုင်ပြီးပါက “မဂ်ဉာဏ်ဆိုက်ရောက်ကြပေမည်။
ဥင်္ီးဇင်းတိုအားလုံးဘ၀တွင် အချိန်သည် လူတိုင်းရရှိကြသည့် တူမျှသောအခွင့်အရေးတစ်ခုပင်။ အချိန်ကို မိမိတို့ ၏အသုံးချမှုအလိုက် ရရှိသည့်အကျိုးကျေးဇူးများ မတူကြပေ။ “အချိန်ရှိခိုက် လုံ့လစိုက်” နိုင်ကြရန်အတွက် အချိန်ကို မည်သို့အသုံးချကြရမည်ကို သိရှိပြီးဦးဇင်းတို့အားလုံး လိုက်နာကျင့်ကြံနိုင်ကြရန်
တိုက်တွန်းခြင်းအပ်ပါသည်။
တစ်နေ့တာတွင် အားထုတ်ရမည့် တရားငါးမျိုးတို့ကို မှတ်သားရလွယ်ကူ အောင် အောက်ပါလင်္ကာလေးကိုလိုက်ဆိုကြည်ပါ။

“
ကုသိုလ်ဥစ္စာ၊ ကျန်းခန့်သာ၍၊ ပညာတန်ခိုး၊ အမျိုးမျိုးမှ၊ ထိုနေ့အတွက်၊ ကျိုးမထွက်၊ သက်သက် အချည်နှီးတည်း။” တစ်နေ့တာအတွက်-
(
၁)ကုသိုလ်ရအောင်၊
(
၂)ဥစ္စာရအောင်၊
(
၃)ကျန်းမာအောင်၊
(
၎)ပညာရအောင်၊
(
၅)ဘုန်းတန်ခိုးရှိအောင်နေ့စဉ်နေ့တိုင်းကြိုးစားကြရမည်ဖြစ်၏။
တစ်နေ့တာအတွက် လူတစ်ယောက်၏အိပ်ချိန်သည် (၈)နာရီထားလျှင် ရှစ်သုံးလီ နှစ်ဆယ့် လေး (တစ်နေ့ ၂၄ နာရီမှ သုံးပုံပုံ တစ်ပုံ)မှာ အိပ်ခြင်းဖြင့်ကုန်၏။ အသက်ခြောက်ဆယ် နေရမည့်သူအတွက် အနှစ်(၂၀) အိပ်ချိန်ဖြစ်သည်။ တစ်နေ့အတွက် ကျန်ရှိနေသော (၁၆)နာရီသည် ဖော်ပြပါအကျိုးငါးမျိုးရရှိအောင် ကြိုးစားအားထုတ်ခွင့်ရှိသော အချိန်တို့ဖြစ်၏။ သတိတရားကင်းလွတ်ခြင်းဖြင့်- ထမင်းဟင်းချက်၊ ရေချိုးအ၀တ်လျှော်၊ အ၀တ်အစားလဲ၊ အလှအပပြင်၊ ဟိုရောက်သည်ရောက် စကားလက်စုံကျ၊ ပျော်ပွဲစားထွက်၊ အချင်းချင်း မပြေလည်ကြသည့်အခါ အပြန်အလှန်ဖြေရှင်းပြကြ၊ မကျေနပ်တော့ ရုံးရောက်ဂတ်ရောက်၊ ရန်ဖြစ်လို့ ထိခိုက်ရင် ဆေးရုံတက်ဆေးကုသ၊ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် သူ့အကြောင်း အပုပ်ချ၊ သူများထက် ကိုယ်ကသာသွားရင် ငါလိုလူ ဇမ္ဗူမရှိဟု မော်ကြွားကြ၊ ထင်သလို မဖြစ်လို့ အောင်မြင်မှုတွေ မရသည့်အခါမှာလည်း ရေစုံမျှောပြီး ကိုယ့်ဘ၀ကိုယ်ဖျက်သည့် အရက်သေစာဖြင့်သာ ခံစားမှုတို့ကို ဖြေဖျောက်ကြ၊ ကိုယ့်အပေါ် မှားဖူးလျှင် သူတစ်ပါးကို နာကျင်အောင်လည်း ကလဲ့စားချေကြ၊ ထိုကဲ့သို့ပင် လူ့ဘ၀ဆိုတာက “အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတော့ ကြုံတွေ့ရ” ဆိုသလို ပြဿနာပေါင်း သောင်းခြောက်ထောင် စုံနေအောင် ကြုံတွေ့ရသည်တွင် သံသရာနယ်ချဲ့တရား “ဒိဋ္ဌိ၊ တဏှာ၊ မာန” ဟူသော ပပဉ္စတရားတို့ဖြင့် နေကုန်အောင် ဖြေရှင်းနေကြပါလျှင် (၁၆) နာရီထဲက နှုတ်လိုက်ပါက တစ်နေ့တာအတွက် အချိန်ကို အကျိုးရှိအောင် အသုံးချသော နာရီမှာ သုညသာ အကြွင်းရှိတော့၏။ ထိုသို့ဆိုလျှင် လူ့ဘ၀ရခြင်းကား တန်ဖိုးမဲ့လှ၏။
ဦးဇင်းတို့အားလုံး ကျန်ရှိသည့်အချိန်တို့တွင် သတိသံဝေဂ,တရား အခါခါပွါးပြီး အချိန်ရှိခိုက် လုံ့လစိုက်မှ သင့်တော်ပေမည်။ ယီးတီးယောင်တောင် ယခုတိုင်အောင်နေနေလျှင်ကား စိတ်ချတော့ ဒုန်းဒုန်း သေမင်းက မြင်တိုင်းမုန်းတော့မည်။ သံသရာအဆက်ဆက် ဖွင့်နေကျ ဖြစ်ခဲ့သည့် ထို တဏှာဇာတ် ဓာတ်ပြားဟောင်းကြီးကိုသာ မငြီးမညူ မနားတမ်းဖွင့်နေခဲ့ကြသည်မှာ ယခုဖြင့် ငြီးငွေဖို့ သင့်လှချေပြီ။ ပြန်ပေးပါလို့ တောင်းမရတာက အချိန်၊ မကုန်ဆုံးရန် တားမရတာက လည်း အချိန်၊ ထို့ကြောင့် သတိပညာဖြင့်ချင့်ချိန်၍ အချိန်ရှိခိုက် လုံ့လစိုက် အားထုတ်မှ သင့်တော့မည်။
တစ်နေ့တာအတွက် ဖော်ပြပါတရားငါးမျိုးမှ တစ်ခုနှစ်ခုရလျှင် တော်သေးသည်၊ သုံးလေးခု ရလျှင် မဆိုးသေး၊ အားလုံးရရှိပါက ကျေနပ်စရာဖြစ်ပါသည်။ ထိုငါးမျိုး တစ်မျိုးမျိုးမှ တစ်နေ့တာအတွက် မရရှိလိုက်ပါလျှင် ထိုနေ့အတွက် သက်သက်အချည်းနှီးသော နေ့တစ်နေ့ သာဖြစ်သည်။ အကျိုးမရှိဘဲ ကုန်ဆုံးသွားသော နေ့တစ်နေ့ဖြစ်၏။ သေဖို့အတွက် စာရင်းသောက်ရင်း အိပ်ရင်းပျော်ပါးရင်းဖြင့် စောင့်နေရသည့် အလောင်းကောင်သက်သက် မဖြစ်စေ သင့်။ အလောင်းကောင်ကို အသုံးချ၍ အချိန်၏ ၀ါးမျိုးမှုအောက်မှရုံးထွက်နိုင်ကြပါစေ။
 
များသူငါကိုယ်စိတ်ချမ်းသာကြပါစေ။ 
စာရေးသူ ဖျာပုံ (အရှင်)