
ကာတွန်း ဆရာကံချွန် (အသက် ၆၄ နှစ်) သည် မန္တလေးနေအိမ်တွင် အသည်းကင်ဆာဖြင့် ယနေ့ ညနေ ၃ နာရီ ခွဲတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။
အရွယ်စုံ ပရိသတ်ရှိသူ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို မနက်ဖြန် နေ့လည် ၁ နာရီတွင် မန္တလေးမြို့ ကြာနီကန် သုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။
“သူက အခုလို ဖြစ်နေတာ ၆ လလောက်တော့ ရှိနေပြီ။ အသည်း အနာဖြစ်ရာကနေ ခွဲလိုက်တာ။ ခွဲပြီးတော့ ဆေးဖြန်းလိုက်တာပေါ့။ ဆေးဖြန်းပြီးတော့ ဒီပြန်ရောက်ပြီး ၂ ပတ်လောက်နေတော့ ဆေးရုံပြန်တက်ရတယ်။ သူက မတ်လ ၂၉ ရက်က ဗိုက်ခွဲရတယ်။ ပြီးတော့ ရန်ကုန်ကိုသွားပြီး အသည်း ဆေးဖြန်းရတယ်” ဟု သူ၏ သားမက်ဖြစ်သူ ဦးမြင့်အောင်က ပြောကြားသည်။
ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးဖြစ်သူ မိသားစုများ ကျန်ရစ်သည်။
ယနေ့ သူကွယ်လွန်ချိန်တွင် သူ့ကို ချစ်သော ပရိသတ် အပါအ၀င် နယ်ပယ်အသီးသီးမှ မိတ်ဆွေများ သူ့အိမ်တွင် စုရုံးရောက်ရှိနေပြီး၊ သူ့နောက်ဆုံး ခရီးအတွက် ၀ိုင်းဝန်းပြင်ဆင်ပေးနေသည်။
အသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ယခုလ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ Oriental House တွင် သူ၏ တကိုယ်တော် ပန်းချီပြပွဲကို ပြုလုပ်နေပြီး ယနေ့တွင် သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ ညနေတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
“ဆရာ ကံချွန်က မန္တလေးမှာတင် မကဘူးခင်ဗျ။ ကျနော်တို့ ဗမာ စာပေနယ်မှာကိုပဲ သူ ဆုံးသွားတာက အင်မတန်ကြီးတဲ့ ကွက်လပ်ကြီး ဖြစ်သွားတာဗျ။ သူက ကာတွန်းလည်း ဆွဲသလို ၀တ္ထုလည်း ရေးတယ်။ ဆောင်းပါးတွေလည်း အများကြီး ရေးတယ်။ ကျနော်တို့ မြန်မာပြည်မှာ ထုတ်နေတဲ့ ဂျာနယ် အစောင်ပေါင်း မြောက်မြားစွာမှာ သူက တပြိုင်ထဲ ရေးနေတာ။ မဂ္ဂဇင်းတွေရော၊ ဂျာနယ်တွေရော။ အဲဒီတော့ သူ ဆုံးသွားတယ်ဆိုရင် အဲဒီကွက်လပ်ကြီးက အကြီးကြီး။ အဲဒါကြီးကို ပြန်ဖြည့်ဖို့၊ ဖြည့်နိုင်ဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်” ဟု မန္တလေးသား စာရေးဆရာ ဆရာကျော်ရင်မြင့်က ဆိုသည်။
ဆရာကံချွန်က သူ၏ ကိုယ်ရေးအကြောင်းအရာကို ယခုကဲ့သို့ သူ၏ တကိုယ်တော် ပန်းချီပြပွဲ လက်ကမ်းစာစောင်တွင် ရေးသားသွားခဲ့သည်။
သူ၏ ပန်းချီပြပွဲတွင် သူကိုယ်တိုင် ရေးသားခဲ့သော ကိုယ်ရေးရာဇ၀င်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။
“ကံချွန်ဆိုတာ မြန်မာပြည်က ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာပါ။ မန္တလေးမြို့မှာ မွေး၊ မန္တလေးမြို့မှာ ကြီး၊ မန္တလေးမြို့မှာပဲ နေပါတယ်။ လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် အမှတ်တရ၊ မန္တလေးအငြိမ့် အလွမ်းပြေ VCD ရိုက်ကူးခဲ့တယ်။ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ ဟာသတိုများနဲ့ လူငယ် ပညာပေး အတွေးအခေါ်ဆိုင်ရာ စာပေမျိုးစုံကို ရေးသားပြုစုခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကာတွန်း ရေးခဲ့တယ်။ ကာတွန်း ဇာတ်လမ်းရှည်တွေလည်း ရေးခဲ့တယ်။ ဂျာနယ်တွေမှာ ကွက်ဆက် ကာတွန်းနဲ့ တကွက်ချင်း ကာတွန်းတွေ ရေးခဲ့တယ်။ ပန်းချီကားများစွာ ရေးခဲ့သလို ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆ ခုမှာ ထူထောင်ခဲ့တယ်။ အနုပညာအလုပ်တွေ အများကြီးကို တပြိုင်တည်း လုပ်နေတာဟာ ဆရာကံချွန်ပါပဲ။ သူ့ပုံရိပ်ကို ခွဲခြားပြီး ပြောပါ့မယ်။ ကလောင်အမည် ကံချွန်၊ အမည်ရင်း ကံချွန်။ အဖနဲ့ အမိ ဦးဘဌေး- ဒေါ်အေးရွှင်။ မွေးရက် ၄ ရက်၊ ဧပြီ ၁၉၄၆ ။ မွေးရာဇာတိ မန္တလေးမြို့၊ မြန်မာပြည်။ မွေးချင်း ဘိုမောင် (ကာတွန်းဆရာ)၊ လှဝင်း (ဓာတ်ပုံဆရာ)၊ မျိုးဆက်သမီး စိန်စိန်ဦး၊ သမက် ကိုမြင့်အောင် (ထုတ်ဝေသူ)၊ မြေး -မောင်အောင်မျိုးဦး၊ မောင်အောင်မင်းဦး၊ မနှင်းပွင့်ဖြူ”
ဆရာကံချွန် ကွယ်လွန်သွားကြောင်းကြားသိရတဲ့ အတွက် မိသားစုနှင့် အတူထပ်တူထပ်မျှဝမ်းနည်ရပါကြောင်း



No comments:
Post a Comment