Monday, August 31, 2009

မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ကြေညာချက်အမှတ် (၁/၂ဝဝ၉)


ကြေညာချက်အမှတ် (၁/၂ဝဝ၉)

၁၃၇၁ခုနှစ်၊ တော်သလင်းလဆန်း ၁၁ရက်

(၂ဝဝ၉ခုနှစ်၊ သြဂုတ်လ ၃ဝ ရက်)

၁။ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်အဖွဲ့သည် ၁၉၈၉ခုနှစ်၊ မတ်လ (၂၁)ရက်နေ့မှစ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပါသည်။ အဆိုပါနေ့ရက်မှ ယခုအချိန်ထိ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလျက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုးကန့်ဒေသ သည် ယခင်ကာလ များနှင့်မတူဘဲ အထူးဖွံ့ဖြိုး တိုးတက်ခဲ့ပြီး ပြည်သူလူထု အနေဖြင့် လွန်စွာ စိတ်ချမ်းမြေ့ ခဲ့ကြပါသည်။ ထိုကဲ့သို့ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှုများအတွက် နိုင်ငံတော် အစိုးရ အနေဖြင့် လည်း အသိအမှတ် ပြုပါသည်။

။ သို့ရာတွင် အထူးဒေသ(၁) အဖွဲ့ခေါင်းဆောင် များဖြစ်သော ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်နှင့် ဦးဖုန်တာလီတို့ (၄)ဦးသည် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေများကို ချိုးဖောက်ခဲ့သည့် လုပ်ရပ်များ လုပ်ဆောင် ခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ ဖြေရှင်းရန် ၈-၈-၂ဝဝ၉ ရက်နေ့မှစ၍ ညှိနှိုင်းခေါ်ယူ ခဲ့သော်လည်း လာရောက်ခြင်းမရှိဘဲ ကိုးကန့်ဒေသမှ ရှောင်တိမ်း ထွက်ခွာသွားခဲ့ ကြပါသည်။

၃။ ထို့ပြင် မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်း နှစ်နိုင်ငံ နယ်ခြားဂိတ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ဦးဖုန်ကြားရှင်ကို သစ္စာခံသည့် ကိုးကန့် တပ်ဖွဲ့ဝင်များက ၂၇-၈-၂ဝဝ၉ရက် နေ့တွင် ဖမ်းဆီးခဲ့ခြင်းအပေါ် ညှိနှိုင်းဖြေရှင်းသော်လည်း ပြေလည်မှုမရှိခြင်းကြောင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရန် စီစဉ်ဆောင်ရွက်ခဲ့ ရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ကိုးကန့် တပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်သဖြင့် မိမိတပ်ဖွဲ့ဝင်များ၏ လုံခြုံရေး၊ ဖမ်းဆီးခံထားရသော ရဲတပ်ဖွဲ့ဝင် များ၏ လုံခြုံရေးတို့အတွက် ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရပါသည်။ ထိုပစ်ခတ်မှုများသည် ၂၉-၈-၂ဝဝ၉ရက်နေ့ တွင် အဆုံးသတ်ခဲ့ပါသည်။

၎။ ယခုအခါ နယ်မြေအေးချမ်းနေပြီဖြစ်၍ နယ်မြေအေးချမ်း တည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပုံမှန်အတိုင်း ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုအောက်တွင် အထူးဒေသ(၁) ကိုးကန့်အဖွဲ့ မှ အသစ်ဖွဲ့စည်းလိုက်သော ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီကလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

၅။ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ဥပဒေဖောက်ဖျက် ကျူးလွန်မှုများမှာ အထက်ပါ ပုဂ္ဂိုလ် (၄)ဦးနှင့်သာ သက်ဆိုင်ပြီး ကျန်လူများနှင့် မသက်ဆိုင်ပါ။ ထို့ပြင် ပစ်ခတ်မှုများတွင် ဥပဒေဖောက်ဖျက် ကျူးလွန်သူ မဟုတ်ဘဲ တစ်ဖက်သတ် အမိန့်အရ လိုက်ပါဆောင်ရွက်ရသော တပ်ဖွဲ့ဝင် များအနေဖြင့် မသိ/နားမလည်ဘဲ လိုက်ပါဆောင်ရွက် ခဲ့ရကြောင်း သိရှိနားလည် သဘောပေါက်ပါသည်။ ထို့ကြောင့် မသိ/နားမလည်ဘဲ ဆောင်ရွက်ခဲ့ကြသူ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ဥပဒေဘောင်အတွင်း လုံခြုံစိတ်ချစွာ ပြန်လည်ဝင်ရောက် နေထိုင်ခွင့် ပြုမည်ဖြစ်၍ ကိုးကန့်တပ်ဖွဲ့ဝင်များ အနေဖြင့် လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီသို့ ဆက်သွယ် ဝင်ရောက်ကြရန် ကြေညာလိုက်သည်။


အမိန့်အရ

(ပုံ) သန့်ရှင်း

ဗိုလ်မှူးကြီး

အတွင်းရေးမှူး

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့

No comments:

Post a Comment