Saturday, August 22, 2009

နာဂစ် ပြန်လည်ထူထောင်ရေး မလုံလောက်ကြောင်း သီတဂူဆရာတော် မိန့်ကြား


နာဂစ်လေမုန်တိုင်းသင့် ဒေသတွေက ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပက
လက်ရှိ ကူညီမှုတွေဟာ လိုအပ်ချက်နဲ့ နှိုင်းစာရင် မပြောပလောက်တဲ့
အနေအထားမှာပဲရှိ သေးတယ်လို့ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့
သီတဂူအဖွဲ့ရဲ့ အကြီးအကဲ ဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရက
မိန့်ကြားပါတယ်။
အထူးသဖြင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ၅၀ ရာနှုန်းလောက်ပဲ
တည်ဆောက် ပြီးစီးနိုင်သေးတယ်လို့ ဆရာတော်က မိန့်ပါတယ်။
သီတဂူဆရာတော်။ ။ “ဟာ ခြုံကြည့်ရင်တော့ ငါတို့ လုပ်တဲ့ အတိုင်းအတာအရ
ပြောရမယ်ဆိုလို့ရှိရင်တော့ ဒို့ကတော့ ပြောနေကျ ဟို အညာသားပြော
ပြောလိုက်ရင် ဆင်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတယ်။ ဘာမှ သိပ်
ထိထိရောက်ရောက် မရှိဘူး။ စာသင်ကျောင်းပေါင်း ပျက်တာ ဒို့ သိရတဲ့
စာရင်းအရဆို ကျောင်းပေါင်း ၅၄၀ လောက် ပျက်စီးတယ်။ ဒို့အဖွဲ့က ဆောက်နေတာ
၂၀ ကျော်ပဲ ရှိတယ်။ တခြားအဖွဲ့တွေလည်း ဒီလိုပဲ ၂၀၊ ၃၀၊ ၄-၅၀ ပဲ
ဆောက်နိုင်မှာပဲ။ အဲဒီတော့ ဒို့ ခန့်မှန်းတယ်။ ကျောင်းပေါင်း ၅၀၀၊ ၆၀၀
လောက် ပျက်တဲ့အထဲ ပြန်ဆောက်နိုင်တာ တဝက်လောက်ပဲ ရှိမယ်လို့ ဒို့တော့
ဒီလိုပဲ ခန့်မှန်းတယ်။”
သီတဂူအဖွဲ့ဟာ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ကူညီထည့်ဝင်မှုနဲ့
မုန်တိုင်းသင့်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ
အခုဆိုရင် ကျပ်ငွေ သန်းပေါင်း ၈၅၀၀ လောက် သုံးစွဲ ပြီးသွားပြီလို့
ဆရာတော် အရှင် ဥာဏိဿရက ပြောပါတယ်။
သီတဂူဆရာတော်။ ။ “အကုန်လုံး ဗမာငွေ ဂဏန်းနဲ့ ပြောရင် ဒို့ အလှူဒါန
အားလုံးဟာ ၈.၅ ဘီလျံ မြန်မာကျပ်ပေါ့။ အဲဒီလောက် ဖြစ်သွားပါပြီ။
ပြည်သူဖက်က အလှူခံရလို့ လှူလိုက်တာတွေ။ အဲဒီတော့ ဂဏန်းလေးနဲ့ အဲဒီလောက်
ခြုံပြောပြီးလို့ရှိရင် နည်းနည်းလေး detail လုပ်မယ်ဆိုလို့ရှိရင်
ရွာပေါင်း ၃,၅၀၀ အထိ ဒို့ ရောက်တယ်။ ဆန်တွေ၊ အဝတ်အထည်တွေ၊ စားစရာတွေ၊
အိုးခွက်ပန်းကန်တွေ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ၊ အဲဒါ
ကားအစီးပေါင်း ၅၀၀ ကျော်၊ ကွန်တိန်နာ အလုံးပေါင်း ၅၀၀ ကျော်
ပို့ခဲ့ပြီးပြီ။”
သီတဂူအဖွဲ့ဟာ မုန်တိုင်းသင့်ဒေသတွေက အလယ်တန်းကျောင်း ၂ ကျောင်း အပါအဝင်
စာသင်ကျောင်း ၂၀ တည်ဆောက်ပြီးသွားပြီ ဖြစ်ပြီး၊ ကျပ်သိန်းတထောင်
ကုန်ကျမဲ့ အထက်တန်းကျောင်းတကျောင်းကို ဟိုင်းကြီးကျွန်းမှာ တည်ဆောက်နေဆဲ
ဖြစ်ကြောင်း ဆရာတော် ဦးဥာဏိဿရက မိန့်ကြားပါတယ်။
ဒါ့ပြင် ပျက်စီးသွားတဲ့ ဆေးရုံ ၁၂ ရုံကို ပြုပြင်ပြီး လိုအပ်တဲ့
ကိရိယာတွေ ဖြည့်တင်းခဲ့တဲ့အပြင် ဘိုကလေးနဲ့ ဖျာပုံမြို့နယ်တွေအတွင်း
သောက်သုံးရေသန့် ရရှိရေးအတွက် ရေကန်ပေါင်း ၅၀ ကို တူးဖော်မှု၊
ရေသန့်စက်တပ်ဆင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ
ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်းပေါင်း ၂,၂၄၀ အတွက် တကျောင်းကို
သွပ်အချပ် ၁၀၀ နဲ့ ငွေတသိန်းစီ အပြင် အထက်တန်းကျောင်း ငါးကျောင်းစာအတွက်
တကျောင်းကို ကွန်ပျူတာ ဆယ်လုံးစီ တပ်ဆင်ပြီးစီးသွားပြီလို့ သိရပါတယ်။
ပြည်တွင်းကူညီရေး အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့
လက်ရှိ ပံ့ပိုးဆောင်ရွက်နေတဲ့ မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး
လုပ်ငန်းတွေမှာ အရေးကြီးဆုံးအဖြစ် ဦးစားပေး ဆောင်ရွက်ဖို့ လိုနေတဲ့
လုပ်ငန်းဟာ လမ်းပန်းဆက်သွယ်ရေး ဖြစ်တယ်လို့ ဆရာတော် အရှင် ဥာဏိဿရက
မိန့်ကြားပါတယ်။
သီတဂူဆရာတော်။ ။ “လမ်းပန်းဆက်သွယ်ရေး၊ လမ်းတွေကို ကောင်းကောင်း
ဖောက်ပေးဖို့ရယ်၊ ပြီးတော့တခါ လမ်းမရှိတဲ့နေရာမှာ ရေကြောင်းက
သွားမယ်ဆိုလို့ရှိရင် ခေတ်မီတဲ့ သင်္ဘောတွေ မော်တော်ဘုတ်တွေ ရှိနေဖို့ရယ်၊
အဲဒီဥစ္စာက နံပါတ်တစ် လိုမယ်။ အဲဒါ ရှိရင် ပုသိမ်က ဆန်ဟာ
တောကြိုတောင်ကြားကို လွယ်လွယ်လေးနဲ့ ရောက်သွားမယ်။ ပြီးတော့
ဆောက်လုပ်ရေးနဲ့ ပတ်သက်လာရင်လည်းပဲ လမ်းပန်းဆက်သွယ်ရေး သိပ်
ခက်ခဲတဲ့အတွက်ကြောင့် ပုသိမ်က ဘိလပ်မြေ တအိတ်ဟာ ရန်ကုန်ကနေ ပုသိမ်၊
ပုသိမ်ကနေ အဲဒီ ပျက်စီးနေတဲ့ တံတားကနေ ကျောင်းတွေ ရှိတဲ့နေရာကို
သယ်ယူပို့ဆောင်တဲ့ ဘိလပ်မြေအိတ်ရဲ့ တန်ဖိုးဟာ ဘိလပ်မြေ တအိတ်ကို ၅၀၀
လောက်ဆိုရင် သယ်ယူပို့ဆောင်ခက ၂,၀၀၀ လောက် ဖြစ်တယ်။ အဲဒါကြောင့်
communication ကို အဓိကထား ဦးစားပေးပြီးတော့ လုပ်ဖို့ လိုအပ်မယ်လို့
အဲဒီတချက် တွက်မိတယ်။”
နာဂစ်လေမုန်တိုင်းဘေးကြောင့် လူ ၁ သိန်း ၄ သောင်း နီးပါး သေဆုံးခဲ့ရပြီး၊
ဒေသခံ ၂ သန်း ၄ သိန်းလောက် အတိဒုက္ခ ရောက်ခဲ့ရပါတယ်။ အခုအခါ ကုလသမဂ္ဂ၊
မြန်မာစစ်အစိုးရနဲ့ အာဆီယံတို့ ပါဝင်ဖွဲ့စည်းထားတဲ့ TCG သုံးပွင့်ဆိုင်
ဗဟိုအဖွဲ့က ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဒါ့ပြင်
လာမဲ့ ၃နှစ်တာအတွက် အမေရိကန်ဒေါ်လာ သန်း ၆၉၀ ကျော် အကူအညီ လိုအပ်နေကြောင်း
TCG အဖွဲ့က သတင်းထုတ်ပြန်ထားပြီး၊ နိုင်ငံတကာ အလှူရှင်တွေကို
မေတ္တာရပ်ခံထားပါတယ်။

No comments:

Post a Comment