Saturday, August 22, 2009

တာဝန်ရှိသူများက အမှုရှောင်လွှဲ၍ ရာအိမ်မှူးကို လူသတ်မှုနှင့်တရားစွဲဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ရယကအဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့်
သေဆုံးသွားသူအမှုတွင် တာဝန်ရှိသူများက အဆိုပါအမှုမှ ရှောင်လွှဲကာ
ရာအိမ်မှူးတဦးအား လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့တွင် ပုသိမ်မြို့၊ စိန်ကုန်း
တိုးချဲ့ရပ်ကွက်အမှတ် (၉) တွင် နေထိုင်သူ ကိုအောင်နိုင်ထွန်းသည်
ရယကရုံးတွင် ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးခဲ့ရသည်။
တိုးချဲ့ရပ်ကွက်အမှတ် (၉) တွင် နေထိုင်သူ ကိုအောင်နိုင်ထွန်းသည်
ရယကရုံးတွင် ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးခဲ့ရသည်။
အဆိုပါ (၁၉) ရက်နေ့က သံတိုသံစများ ရှာဖွေနေသည့် သေဆုံးသူ
ကိုအောင်နိုင်ထွန်းတို့ စက်လှေသည် စက်ပျက်ခဲ့ပြီးနောက် ကမ်းနားသို့
ဆိုက်ကပ်ခဲ့ရာ အထက်အမိန့်ဖြင့် ဗေဒါအမှိုက်များ ဆယ်ယူနေသည့်
ရယကအဖွဲ့ဝင်များနှင့် စတင်အချင်းများရာမှ ရယကရုံးသို့
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည်။
ရယကရုံးသို့ရောက်ရှိပြီး ရယကဥက္ကဌနှင့် အဖွဲ့ဝင်များက ၎င်းတို့အား
ဒဏ်ငွေအဖြစ် ငွေကျပ် ၆,၀၀၀ တောင်း ရမ်းခဲ့သဖြင့် အဖော်ဖြစ်သူ
ကိုတင်ထွန်းလွင်မှာ ငွေကြေးအား နောက်တနေ့နံနက်တွင် ရယကရုံးသို့
သွားပေးရာတွင် ကိုအောင်နိုင်ထွန်းအား ပြန်လည်လွှတ်ပေးလိုက်သည်ဟု
ရုံးတာဝန်ရှိသူများက ပြောဆိုခဲ့သည်။
ဖမ်းဆီးချုပ်နှောင်ခံထားရသူ ကိုအောင်နိုင်ထွန်း အိမ်သို့
ပြန်မရောက်လာသဖြင့် ရပ်ကွက်နေသူများနှင့် မိသားစုများက
လိုက်လံရှာဖွေခဲ့ရာ နောက်တနေ့ (၂၁) ရက်နေ့တွင် အမှတ် (၁) ရပ်ကွက်ရှိ
ရေခဲစက်နှင့် ဆားစက်အကြားတွင် ဦးခေါင်းတွင် ပြင်းထန်သည့်ဒဏ်ရာဖြင့်
သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် မိသားစုဝင်များက အဆိုပါအမှုအား အဆင့်ဆင့်
တိုင်ကြားအမှုဖွင့်ခဲ့ရာ သက်ဆိုင်ရာ ရယကအာဏာပိုင်များက
အချင်းများချိန်တွင် စတင်ခဲ့သူ ရပ်ကွက်ရာအိမ်မှူး ကိုထွန်းထွန်းအပေါ်
ပြစ်မှုအားလုံးပုံချကာ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“ကိုထွန်းထွန်းနဲ့ စဖြစ်တာကို ပုံကြီးချဲ့ပြီးတော့ ဆင်လိုက်တဲ့သဘော၊
မနက်ဘက်ဖြစ်ပြီးကတည်းက ကိုထွန်းထွန်းက ရုံးကိုမသွားတော့ဘူး၊ ညဘက်ကျတော့
သူက စက်ဘီးနဲ့ထွက်တယ်၊ သူတို့ ညနေက ရုံးကိုခေါ်သွားတဲ့လူက
သေလားရှင်လားမသိဘူး” ဟု ကိုထွန်းထွန်းနှင့်ရင်းနှီးသူ ဒေသခံက ဆိုသည်။
ယခုအခါ ကိုထွန်းထွန်းသည် ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး
ရပ်ကွက်နေသူများက မတရားစွပ်စွဲခဲ့သည့် လုပ်ရပ်အား မကျေနပ်၍ အဆင့်ဆင့်
တိုင်ကြားမှုများပြုလုပ်ရာ အာဏာပိုင်များက အဆိုပါရပ်ကွက် ရယကအဖွဲ့ဝင်
သုံးဦးအား ထပ်မံဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဆက်လက်ဖမ်းဆီးခံထားရသည့် ရယကအဖွဲ့ဝင်များမှာ ဦးလှမြင့်၊ ဦးလှမြိုင်၊
ဖိုးလပြည့်တို့ဖြစ်ပြီး ယခုလ (၁၀) ရက်နေ့ထုတ် မှုခင်းဂျာနယ်တွင်
ကိုထွန်းထွန်းအား အဓိက လူသတ်တရားခံအဖြစ် ဖော်ပြထားသည်ဟု ဒေသခံတဦးက
ပြောသည်။
“အတွင်းရေးမှူးတို့ ဥက္ကဌတို့ လုပ်တဲ့သူတွေက သူတို့ အဓိကလုပ်တာ၊ ရိုက်ဖို့
သူတို့အမိန့်ပေးတယ်၊ ခု ကိုထွန်းထွန်းကိုယ်တိုင်လည်း ကမ်းနားမှာ
စဖြစ်တုန်းက ပါးရိုက်တာတွေ ရှိတယ်၊ အခုဖြစ်စဉ်မှာက အတွင်းရေးမှူးတွေက
ဝိတ်အား၊ ငွေအားနဲ့ ဘေးဖယ်ထွက်နေပြီး ရာအိမ်မှူး ကိုထွန်းထွန်းကို
အမှုအကုန်လုံး ပုံချထားတယ်” ဟု ဒေသခံက ပြောသည်။
၎င်းတို့အားလုံးအား ပုဒ်မ ၃၀၂၊ ၃၄၁၊ ၂၁၀/၁၀၉ တို့ဖြင့်
တရားစွဲဆိုထားခြင်းဖြစ်ပြီး အဓိက အမိန့်ပေးခဲ့သည့် ရပ်ကွက်(ရယက)ဥက္ကဌ၊
အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို အရေးယူခြင်းမရှိကြောင်း ၎င်းက
ဆက်လက်ပြောဆိုသည်။
ယင်းနောက် ဖမ်းဆီးခံထားရသူ ကိုထွန်းထွန်း၏ သမီးဖြစ်သူက မကျေနပ်သဖြင့်
ခရိုင်(ခယက)ရုံးအပါအ၀င် အခြားဌာနများသို့ တိုင်ကြားစာ ၁၀ စောင်
ပေးပို့ခဲ့သဖြင့် ခယကရုံးမှ ဇနီးနှင့် သမီးဖြစ်သူအား ခေါ်ယူမေးမြန်းမှုများ
ပြုလုပ်ခဲ့သည်။
လူသတ်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိခြင်းကို သိရှိသည့် ရပ်ကွက်နေသူများက
၎င်း၏မိသားစုအား အစစအရာရာ ကူညီပေးခဲ့သည့်အပြင် အမှုရင်ဆိုင်ရာတွင်
ရှေ့နေငှားရမ်းစရိတ်ကိုပါ ၀ိုင်းဝန်းထည့်ဝင်ခဲ့ကြဟု သိရသည်။
”ရှေ့နေခ ကျမတို့က အကုန်အကျမခံနိုင်ဘူး၊ ရပ်ကွက်က ထောက်ပံ့တာပါ၊ ကျမတို့က
ဘာမှမရှိဘူး၊ ဆင်းရဲတယ်၊ ရပ်ကွက်က အကုန်လိုက်လုပ်ပေးနေတာ၊ မဟုတ်ဘဲနဲ့
ခံနေရတာကို ရပ်ကွက်က မကြည့်ရက်လို့ အားလုံးလိုက်လုပ်ပေးနေတာ၊
ကျမတို့ကလည်း အသနားခံစာ တင်ထားတယ်လေ” ဟု အကျဉ်းကျခံနေရသူ
ကိုထွန်းထွန်း၏ဇနီးက ပြောသည်။
ကိုအောင်နိုင်ထွန်း သေဆုံးသွားသည့် အမှုနှင့်ပတ်သက်၍ ယခုလ (၂၈)
ရက်နေ့တွင်လည်း ရုံးချိန်းရှိပြီး ပြီးခဲ့သည့်လ (၂၁) ရက်နှင့် (၂၈)
ရက်နေ့တွင်လည်း အမှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဇနီးဖြစ်သူက
ဆက်လက်ပြောဆိုသည်။
ယခု ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ ကိုထွန်းထွန်းသည် မိသားစုဝင်
၃ ဦးနှင့်အတူ ပုသိမ်မြို့ သစ်ညိုကုန်း အမှတ် (၁) ရပ်ကွက်တွင်
နေထိုင်သူဖြစ်သည်။


No comments:

Post a Comment