Wednesday, August 26, 2009

Comments (3) ကိုးကန့်ခေါင်းဆောင် ၀နယ်မြေသို့ဝင်ရောက်ခိုလှုံ


ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ကြောင်းနှင့် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက်သို့ ရှောင်တိမ်းသွားကြောင်း သိရသည်။ အာဏာသိမ်းခံရသူ ဦးဖုန်ကျားရှင်က ၀ တိုင်းရင်းသား တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေသို့ ခိုလှုံသွားသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစာမှ အယ်ဒီတာတဦးဖြစ်သူ ဦးစိန်ကြည်က ပြောသည်။

“ဒီနေ့မနက် ၇ နာရီလောက်မှာ ကိုးကန့်ကား ၈ စီး၊ တရုတ်ကား ၁ စီး၊ ၀ ကား ၁ စီး နမ့်တင်ချောင်းကို ကူးလာပြီးတော့ ၀ တပ်မဟာ ၃၁၈ ကို ရောက်လာတယ်၊ နံပါတ်ပြား ဖြုတ်ထား တယ် ”ဟု ဦးစိန်ကြည်က ပြောပြသည်။

အာဏသိမ်းခေါင်းဆောင်မှာ ဒု ဥက္ကဋ္ဌ တာဝန် ယူခဲ့သူ ပယ်စောက်ချိန် ဖြစ်ပြီး ၎င်းနှင့် ကိုးကန့် ခေါင်းဆောင်ဟောင်း တဦး ဖြစ်သော ဦးရန်မိုးလျံ တို့ ပူးပေါင်းကာ ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
မူဆယ်မြို့ အရှေ့တောင်ဘက် တရုတ်မြန်မာ နယ်စပ်ရှိ ကိုးကန့်တပ်ဖွဲ့များနှင့် စစ်အစိုးရ တပ်များ အကြား စစ်ရေးတင်းမာ နေသော ဧရိယာအား မြေပုံတွင် မြှားအနီရောင်ဖြင့် ညွှန်ပြထားသည် (Map created by Transnational Institute)


ဦးရန်မိုးလျံ သည် ကိုးကန့် ခွဲထွက် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဖွဲ့ အတွင်း အာဏာ လုမှုတွင် အရေးနိမ့်သဖြင့် ခွဲထွက်သွားပြီး လားရှိုးမြို့တွင် သွားရောက် နေထိုင်ခဲ့သူဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းမှု အပြီးတွင် မြန်မာ့ တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်လည်း ကိုးကန့် တို့၏ နယ်မြေဖြစ်သည့် လောက်ကိုင်မြို့သို့ ရောက်ရှိနေကြောင်း ဦးစိန်ကြည်က ပြောသည်။

ယခုအခါ စစ်အစိုးရတပ်များသည် ကိုးကန့်ဒေသ တခုလုံးကို ထိန်းချုပ်ရန် အတွက် တပ်များ ဖြန့်ချထားသည်ဟု သိရသည်။

“ချင်းရွှေဟော်၊ တာရွှေထန်၊ လောက်ကိုင် မြို့ကြီးတွေကို ချုပ်ကိုင်နိုင်ရင် ပြီးပြီ။ ဖုန်ကျားရှင်အဖွဲ့ တောင်ပေါ်မှာနေလည်း နအဖက ဂရုစိုက်မှာ မဟုတ်ဘူး”ဟု ဦးစိန်ကြည်က သုံးသပ်သည်။

တရုတ် မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း တရုတ် မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့များ အနက် အားနည်းသော လက်နက်ကိုင် အဖွဲ့များကိုသာ စစ်အစိုးရက ရွေးပြီး ဖြိုခွဲနေခြင်းဖြစ်သည်ဟု သုံးသပ် ပြောကြားသည်။

“အခုအဖွဲ့တွေထဲမှာ ကိုးကန့်က အား အနည်းဆုံး ဖြစ်တယ်။ သူတို့တတွေက တရုတ်ပြည် လင်ချန်နယ်က လာတာ။ အများစုက တရုတ်လူမျိုးတွေ ဖြစ်တယ်။ ခေါင်းဆောင်ပိုင်းမှာ မိသားစုအလိုက် စီးပွားရေး ပြိုင်ဆိုင်မှုတွေ ရှိတယ်။ အဲ့ဒါ အားနည်းချက်ပဲ” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်နေမှု၊ မိသားစု အနွယ်ဝင်များကသာ အာဏာကို ချုပ်ကိုင်ထားမှုများသည် ကိုးကန့် နှင့် ၀ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ၏ အားနည်းချက် ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

[ကိုးကန့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - shanstateforum)]

ကိုးကန့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - shanstateforum)
“ကိုးကန့် အများစုက ဘိန်းနဲ့ ပတ်သက်တယ်။ သူ့ဒေသထွက်ဖြစ်တယ်။ ကိုးကန့် ခေါင်းဆောင်ပိုင်းမှာ နှစ်၂၀ အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စ၊ သစ်ကိစ္စ တို့ ဥပဒေနဲ့ မလွတ်တဲ့ ကိစ္စတွေ ရှိတယ်။ အစိုးရကလည်း တမင် လွှတ်ထားတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

မကြာသေးမီက ကိုးကန့်၊ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ၊ မိုင်းလား အဖွဲ့ နှင့် ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ တို့ ပူးပေါင်းပြီး စစ်ရေးမဟာမိတ် အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ထိုမဟာမိတ် အဖွဲ့သည်လည်း ယခု ကိုးကန့် အမျိုးသား အချင်းချင်း ကြားတွင် ဖြစ်ပွားနေသော ပြဿနာကို ၀င်ရောက် စွက်ဖက်နိုင်ခြင်း မရှိဟု သိရသည်။

စစ်အစိုးရက ကိုးကန့် အဖွဲ့ကို ဖြိုခွဲခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် မိုင်းလား အထူး ဒေသ နှင့် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ကိုလည်း ဆက်လက်ပြီး ဖြိုခွဲနိုင်သည်ဟု သျှမ်းသံတော်ဆင့်မှ ဦးစိန်ကြည်က ယူဆနေသည်။

“ကိုးကန့်ကို ကောင်းကောင်း ထိန်းနိုင်ပြီ ဆိုရင်၊ မိုင်းလားကို လှည့်မယ်ကြားတယ်၊ ပြီးရင် သံလွင် အရှေ့ဘက်ကမ်း မြောက်ပိုင်း SSA လာမယ်၊ ၀ နယ်ကို ညှပ်ထားလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ကိုးကန့်ဒေသသည် ၀ နယ်မြေ၏ မြောက်ဘက်တွင် ရှိပြီး၊ မိုင်းလား အထူးဒေသသည် တောင်ဘက်တွင် ရှိသည်။

အာဏာသိမ်းမှုကြောင့် တရုတ်-မြန်မာ နယ်စပ်တွင်လည်း တရုတ်စစ်တပ်များ အင်းအားတိုးချဲ့ပြီး နေရာယူထားသည်ဟု သိရသည်။ လောက်ကိုင်မြို့နေ လူ တသောင်း ကျော်သည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကျားရှင်၏ အိမ်တွင် လက်နက်စက်ရုံရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင် ကူးပြောင်းရန် အတွက် စစ်အစိုးရက လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖိအားပေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ အနာဂတ်တွင် ထိုအဖွဲ့များကို မူးယစ်ဆေးဝါး၊ လက်နက် ကိစ္စတို့ဖြင့်သာ အရေးယူလာဖွယ် ရှိကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။

No comments:

Post a Comment