Thursday, September 3, 2009

သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ်


ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး (၂ ) နှစ်ပြည့် နီးကပ်လာချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ကံဆောင်ရန် ပြင်ဆင်နေသည့်အတွက် ရန်ကုန်မြို့ရှိ စာသင်တိုက် တချို့မှ သံဃာတော်များကို စစ်အစိုးရ အာဏာပိုင်များက လုံခြုံရေး တင်ကျပ်ထားကြောင်း သိရသည်။

၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရန်ကုန်မြို့ရှိ စာသင်တိုက်များအနီးအနား၌ ကြံ့ဖွံ့ နှင့် စွမ်းအားရှင်များကို လုံခြုံရေးချထားပြီး ၎င်းကျောင်းတိုက်များမှ သံဃာများအား စောင့်ကြည့်လေ့လာနေသည်ဟု ရန်ကုန်မြို့တွင်သီတင်းသုံးသည့် စာချဆရာတော်တပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“စာသင်တိုက်တွေအနီး အခုနောက်ပိုင်း ဆိုင်တွေပေါ်လာတယ်၊ ကွမ်းယာဆိုင်တွေ တည်လာတယ်၊ ကွမ်းယာ ဆိုင်တည်ပြီးတော့ ကွမ်းယာတွေဝယ်စားတဲ့ ဘုန်းကြီးတွေနဲ့ စကားပြော၊ အဲဒီလို သတင်းယူတဲ့ပုံစံမျိုး တော်တော် များများကို တွေ့ရတယ်”ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များက ကံဆောင်ရန် ပြင်ဆင်နေသည်ကို အာဏာပိုင်များအနေနှင့် နည်းအမျိုးမျိုးဖြင့် သတင်းယူနေ သည့်အတွက် အတတ်နိုင်ဆုံး သတိထားရန်လိုအပ်သည်ဟုလည်း ၎င်း စာချဆရာတော်က မိန့်သည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးကမူ“လုံခြုံရေးလှည့်တာကတော့ ရန်ကုန်မှာ ဖောက်ခွဲရေး သမားတွေ ဘာတွေ ရှိနိုင်တယ် ဆိုပြီးတော့ အာဏာပိုင်တွေဘက်က ပြောနေတယ်၊ ဒါပေမယ့် စက်တင်ဘာ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးလာတဲ့အတွက် ကြိုပြီးတော့ အင်အားပြထားတာ”ဟု ပြောဆိုသည်။

ထို့အပြင် မြင်းခြံ၊ မုံရွာနှင့် မန္တလေးတို့မှ နာမည်ကြီး ကျောင်းတိုက်များ အနီးတွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများ ပုန်းလျှိုး၍ စောင့်ကြည့်မှုများရှိနေကြပြီး အခါအားလျော်စွာ ကျောင်းတိုက်တွင်းဝင်၍ စစ်ဆေး မေးမြန်းနေ သည်ဟု ဒေသခံများ ပြောပြချက်များအရ သိရသည်။

လွန်ခဲ့သည့် သြဂုတ် ၃၁ ရက်နေ့တွင် မကွေးတိုင်း ရေနံချောင်းမြို့ရှိ စနေနံကျောင်းတိုက်မှ ကျောင်းထိုင် ဆရာ တော် ဦးဝိမလနှင့် ရွှေစေတီ ပါဠိ တက္ကသိုလ်ကျောင်းတိုက်မှ လက်ထောက် ဆရာတော် ဦးဝါယမ တို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရေနံချောင်းမြို့ ဒေသခံ တဦးပြောပြချက်အရ ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းတိုက်မှ လက်ထောက် ဆရာ တော် ဦးဝါယမကို ပြန်မလွှတ်ပေးသေးကြောင်း၊ စနေနံကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိမလကိုမှု သံဃာတော်အများစုက တနယ်နှင့် တနယ် အဆက်အသွယ်လုပ်သည့် ကိစ္စများကို စစ်ဆေးမှုများ ပြုလုပ်၍ ပြန် လွှတ်ပေးခဲ့သည်ဟု ပြောသည်။

ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် ရေနံချောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက အထိမ်း အမှတ်နေ့များတွင် ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်ဟု သိရသည်။

ရဟန်းပျိုများသမဂ္ဂ နှင့် သံဃသာမဂ္ဂီအဖွဲ့တို့က တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အဖွဲ့ခွဲများ ဖွဲ့ထားပြီး သံဃာ ထုက တတိယ အကြိမ် သပိတ် တိုက်ပွဲ ဆင်နွှဲမည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် သံဃာ ထုအပေါ် စောင့်ကြည့် စစ်ဆေးမှုများကို အာဏာပိုင်များက ပိုမို ပြုလုပ်လာကြခြင်း ဖြစ်သည်။

သံဃာအဖွဲ့များက အကျဉ်းကျ သံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များ အပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။

တောင်းဆိုချက်များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုသွားမည် ဟု ထုတ်ပြန် ကြေညာထားသည်။

စစ်အစိုးရဘက်က ဖိနှိပ်မှု ကြီးမားလွန်းသည့်အတွက် ဤကဲ့သို့ သံဃာတော်များ၏ သပိတ်မှောက်ကံဆောင် မှု အမှန်တကယ်ဖြစ်ပေါ်နိုင်ခြင်း ရှိ မရှိ ကို လေ့လာသူများကလည်း ဝေဖန်ဆန်းစစ်မှုများ ရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း သံဃာတော်များ ၏ သပိတ်မှောက်ကံဆောင်မှုနှင့် ပတ်သက်၍ အမှန်တကယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေ နည်းပါးသည်ဟု ပြော သည်။

“အစိုးရကတော့ အဲဒီနေ့ မရောက်ခင်မှာ ကျောင်းတိုက်တွေ၊ အရေးကြီးတဲ့နေရာတွေမှာ၊လုံခြုံရေးကို ကြိုတင်ပြင် ဆင်တဲ့ အနေအထားတွေတော့ရှိတယ်၊ ဒီလိုပြင်ဆင်ထားတဲ့အပေါ်မှာတော့ လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းကလို လုပ်ဖို့တော့ ခက်လိမ့်မယ်ထင်တယ်၊ ဒါပေမယ့် ကျောင်းတွေမှာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မျိုးလုပ်လိမ့်မယ် လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက် ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက အာဏာပိုင်တို့ကို ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ် ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။

စစ်အစိုးရက၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာ နှင့် သီလရှင် ၂၀၀ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ သည်။

No comments:

Post a Comment