Thursday, September 3, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံတင်


ဒေါ်အောင်ဆန်းစုကြည်အပေါ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ထားသည့်အတွက် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးတွင် ယနေ့ အယူခံတင်သွင်းသည်။

“ဒီအယူခံကို လက်ခံသင့်မခံသင့် တရားရုံးက ဆုံးဖြတ်ဖို့အတွက် ကျနော်တို့ မနက်ဖြန် မနက် (၁၀) နာရီမှာ တရားရုံးမှာ လျှောက်လဲချက်ပေးရပါမယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲအရေးယူခဲ့သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၂၂) မှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံသားတဦးဦး၏ မူလအခွင့်အရေးများကို ကန့်သတ်သည့် ဥပဒေဖြစ်သည်။

သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပြီးနောက် နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်ကို တ၀က်လျှော့လိုက်ပြီး ကျန်ပြစ်ဒဏ်တ၀က်အား ဆိုင်းငံ့အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

တရားစွဲဆိုနေစဉ်ကပင် အာဏာသက်ဝင်မှု မရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ ကန့်သတ်တားဆီးမိန့်များကို အခြေခံထားခြင်းကြောင့် ယခုအမှုသည် အမှုမမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိဘဲ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအယူခံတင်သွင်းရာတွင်လည်း ၁၉၇၄ အခြေခံဥပဒေနှင့်စပ်လျဉ်းသည့် အချက်များကို ထည့်သွင်းတင်ပြထားသည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“၁၉၇၄ ခုနှစ် အခြေခံဥပဒေအပါအ၀င် အကြောင်းပြချက် (၁၁) ချက်နဲ့ ကျနော်တို့ တင်ပြထားပါတယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း (၂၀) ကာလ အတွင်း နအဖစစ်အစိုးရက (၁၄) နှစ်နီးပါး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ယခုနှစ်မေလအတွင်း နအဖစစ်အစိုးရက လုံခြုံရေးစောင့်ကြပ်ကာ အကျယ်ချုပ်ချုပ်ထားသည့် အိမ်အတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို ပြစ်ဒဏ်ပေးခြင်းသည် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှ ပယ်ထုတ်လို၍ ဖြစ်သည်ဟု မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက သုံးသပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ဝီလျှံယက်တောကိုမူ နအဖစစ်အစိုးရက သြဂုတ် (၁၆) ရက်တွင် နယ်နှင်ဒဏ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပြန်ခွင့်ပေးခဲ့သည်။

No comments:

Post a Comment