Monday, September 7, 2009

ထိုင်းနှင့်တရုတ်ထက် သဘာဝဓာတ်ငွေ့ထွက် မြန်မာ လျှပ်စစ်သုံးစွဲခွင့် လျော့နည်း


မန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ အရင်းအမြစ်ပိုင်ဆိုင်သော နိုင်ငံများစာရင်းတွင် အဆင့် (၁၀) အဖြစ် ပါဝင်နေသော်လည်း မြန်မာနိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏသည် အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံသားတဦး၏ လျှပ်စစ်သုံးစွဲမှု ပမာဏအောက် (၅) ရာခိုင်နှုန်း လျော့နည်းနေကြောင်း အာဏာစင်္ကြန် အစီရင်ခံစာတွင် ထောက်ပြထားသည်။

အဆိုပါအစီရင်ခံစာကို တရုတ်နိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတော့မည့် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စောင့်ကြည့်နေသည့် ရွှေဂက်စ်အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“အစီရင်ခံစာထုတ်ရတာက ဒီပိုက်လိုင်းသွယ်တန်းမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လယ်ယာမြေ အသိမ်းပိုက်ခံရမှုတွေ ရှိလာနိုင်တယ်ဆိုတာနဲ့ ဒီသဘာဝဓာတ်ငွေ့ကြောင့် ပြည်သူလူထု အကျိုးစီးပွား ဖြစ်လာမှာမဟုတ်ဘဲ မြန်မာနဲ့ တရုတ်အစိုးရတို့ အာဏာတည်မြဲရေးအတွက်ပဲ ဖြစ်နေတယ်ဆိုတာကို သိရှိလာကြစေဖို့အတွက် ထုတ်ရတာဖြစ်ပါတယ်” ဟု ရွှေဂက်စ်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင်က ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် သဘာဝဓာတ်ငွေ့ရောင်းချမှုမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ (၂.၄) သန်း ရရှိနေသော်လည်း လူထုအတွက် အရေးပါသော ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့၌ သုံးစွဲမှုပမာဏမှာ အနည်းအကျဉ်းမျှသာ ရှိသည်ဟု ထိုအစီရင်ခံစာ၌ ထောက်ပြထားသည်။

“အစိုးရကို အဓိက ငွေရှာပေးနေတဲ့ လုပ်ငန်းတခုဖြစ်နေတာပါ။ ကျနော်တို့ ရတနာ ရဲတံခွန်စီမံကိန်းတုန်းက ဆိုရင်လည်း လယ်ယာမြေသိမ်းပိုက်မှုတွေ၊ စစ်တပ်အင်အား တိုးချဲ့ချထားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိခဲ့တာပါ။ ဒီတရုတ်ကို သွယ်တန်းမှာကြတော့ ရေနံနဲ့ဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုဖြစ်နေတယ်ဆိုတော့ ပိုက်လိုင်း လမ်းကြောင်းတလျှောက်မှာ နေထိုင်နေကြတဲ့ လူထုအတွက် စိုးရိမ်စရာအခြေအနေတွေ ပိုကြုံတွေ့လာရနိုင်တယ်” ဟု ကိုဝင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ နန်နင်းမြို့သို့ သွယ်တန်းမည့် ပိုက်လိုင်းလမ်းကြောင်း တလျှောက်တွင်လည်း ယခုအခါ နအဖစစ်အစိုးရက မြန်မာဘက်အခြမ်းတွင် စစ်သားဦးရေ (၁၃,၀၀၀) ခန့်ချထားပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုဖောက်လုပ်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာအစိုးရအတွက်သာမက တရုတ်အစိုးရအတွက်လည်း မဟာဗျူဟာမြောက် စီမံကိန်းတခုဖြစ်နေသဖြင့် ဒေသခံတိုင်းရင်းသားများ အရေးထက် ပိုက်လိုင်းသွယ်တန်းမှု အောင်မြင်ရေးကိုသာ အဓိကထားလိမ့်မည်ဟု ကိုဝင်းအောင်က သုံးသပ်သည်။

၎င်းက “တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် အဓိကကျနေတာရယ်၊ အရင်ကဆိုရင် မလက္ကာရေလက်ကြားကို ဖြတ်ပြီး သင်္ဘောနဲ့ ရေနံသယ်ယူရတဲ့ လုပ်ငန်းတွေရယ်၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ကြုံတွေ့ခဲ့ရတဲ့ အမေရိကန်ရေတပ် ကြီးစိုးမှုတွေကို တရုတ်အနေနဲ့ ရှောင်ရှားနိုင်မှာ ဖြစ်တယ်။ နှစ်နိုင်ငံအစိုးရအတွက် မဟာဗျူဟာကျ အာဏာစပ်လမ်းကြောင်း ဖြစ်တဲ့အတွက် ဒီစီမံကိန်းလမ်းကြောင်းမှာရှိတဲ့ ပြည်သူလူထုပဲဖြစ်ဖြစ်၊ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေပဲဖြစ်ဖြစ် အနှောင့်အယှက်ဖြစ်လာမယ်လို့ မြင်ရင် ရှင်းပစ်မယ့် သဘောရှိတယ်” ဟု ပြောသည်။

သို့သော် ပိုက်လိုင်းသွယ်တန်းမည့် တရုတ်နိုင်ငံအနေဖြင့် ဒေသခံပြည်သူလူထု အကျိုးထိခိုက်အောင် သွယ်တန်းဖောက်လုပ် ခဲ့ပါက ဆုံးရှုံးမှုများကြုံတွေ့ရနိုင်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုကြောင့် လယ်ယာမြေအသိမ်းပိုက်ခံရမှုများ ၊ အဓမ္မလုပ်အားပေး စေခိုင်းခံရမှုများ ဖြစ်ခဲ့ပါက ဒေသခံလူထုအနေဖြင့် အိုင်အယ်လ်အိုအဖွဲ့၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များသို့ ဆက်သွယ်တိုင်ကြားသင့်ကြောင်း ကိုဝင်းအောင် အကြံပြုသည်။

နအဖစစ်အစိုးရ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး ယခုနှစ် ဇွန်လတွင် သွားရောက်ခဲ့သော တရုတ်ခရီးစဉ်အတွင်း တရုတ်ဒု-သမ္မတ နှင့် ပိုက်လိုင်းသွယ်တန်းရေး၊ လုပ်ငန်းလည်ပတ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) သည် ယခုလမှစတင်ကာ ကီလိုမီတာ (၄,၀၀၀) ခန့်ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို သွယ်တန်းမည်ဖြစ်သည်။

No comments:

Post a Comment