Thursday, September 3, 2009

ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့သည့် ကျောင်းတွင် မြန်မာ့မှတ်တမ်းရုပ်ရှင် ပြသ

ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့သော အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ လေဒီရှရီရမ် အမျိုးသမီး ကောလိပ်၌ ယနေ့ ပြုလုပ်သည့် ရုပ်ရှင်ပြပွဲတွင် အာဏာရှင်လက်အောက် မြန်မာနိုင်ငံ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကား တခုကို ပြသခဲ့သည်။

ဤကောလိပ်ကျောင်းမှ ကျောင်းသူများ မြန်မာပြည် အခြေအနေကို နားလည်စေရန်အတွက် မိနစ် ၃၀ ကြာသည့် အဆိုပါ မှတ်တမ်းကားကို ပြပွဲတွင် ထည့်သွင်းရခြင်း ဖြစ်သည်ဟု ရုပ်ရှင်ပြပွဲ တာဝန်ရှိသူ တဦး ဖြစ်သည့် ကျောင်းသူ ရှာဇီရာက ဧရာဝတီသို့ ပြောသည်။

“တကယ်တမ်းပြောရရင် ကျမတို့ဟာ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ မသိကြဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာတွေဟာ မမှန်မကန် လုပ်တာ ဆိုတာတွေကိုပေါ့” ဟု ရှာဇီရာက ပြောသည်။

'Military rule, people’s aspirations and human rights in Burma' အမည်ရ မှတ်တမ်းရုပ်ရှင်တွင် အသေအပျောက် များခဲ့သည့် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှု၊ ၂၀၀၇ သံဃာ့ ဆန္ဒပြပွဲကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပုံ၊ နာဂစ် မုန်တိုင်းသင့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရပုံ စသည်ဖြင့် အပိုင်း ၃ ပိုင်း ခွဲ၍ တင်ဆက်ထားသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ဖန်တီးသည့် မြန်မာလူငယ်များအဖွဲ့မှ ကိုကင်မ် က “ကျောင်းသူတွေ အနေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရတာတွေကို သူတို့က ကြားရုံ ကြားရတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို မမြင်ကြရဘူး။ ကျနော်တို့မှာ ဒီလိုတွေ ဖြစ်နေတယ် ဆိုတာကို ပါးစပ်နဲ့ရှင်းပြတာထက် မြင်ရတော့ ပိုကောင်းသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်းဤကောလိပ်တွင် ထိုမှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ဖူးပြီး၊ ယခုနှစ်တွင်လည်း ပြပွဲ စီစဉ်သူများက ထပ်မံ ပြသပေးပါရန် တောင်းဆိုခဲ့သည်ဟု သူက ရှင်းပြသည်။

မြန်မာ့အရေးကို စိတ်ဝင်တစားရှိသော လေဒီရှရီရမ် ကောလိပ်သည် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ဂုဏ်ထူးတန်းမှ အောင်မြင်ခဲ့သည့် ကျောင်းသူဟောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ယူလျက် ရှိသည်။ ပြီးခဲ့သည့် လကုန်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုံ့ဆော်သည့် အနေဖြင့် အပြေးပြိုင်ပွဲ တခုကို ပြုလုပ်ခဲ့သေးသည်။

ယနေ့ ပြုလုပ်သည့် ပြပွဲသို့ လာရောက် ကြည့်ရှုကြသည့် ကျောင်းသူ ၅၀ ကျော်က မြန်မာပြည်နှင့် မြန်မာ့အရေး မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားကြောင်း တွေ့ရသည်။

'A Deal for Life and Freedom' ဟု အမည်ပေးထားသည့် ရုပ်ရှင်ပြပွဲကို လေဒီရှရီရမ် အမျိုးသမီးကောလိပ်၏ နိုင်ငံရေးသိပ္ပံဌာန၊ Kriti ရုပ်ရှင်ကလပ်၊ Delhi Solidarity Group တို့ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်သည်။

“ဒီမှတ်တမ်းကို ကြည့်ပြီးတဲ့နောက်မှာ အဲဒီကလူတွေ သူတို့ တိုင်းပြည် ဒီမိုကရေစီအရေး အတွက် ဘယ်လောက်တောင် ရုန်းကန်နေရတယ် ဆိုတာတွေ သိလာရတယ်။ ဒီက တက္ကသိုလ်တွေမှာ ရုပ်ရှင် ပြပွဲလေးတွေ လုပ်တိုင်း ဒီလို ပြသွားဖို့ စဉ်းစားထားပါတယ်” ဟု လေဒီရှရီရမ် ကျောင်းသူဟောင်း၊ Kriti ရုပ်ရှင် ကလပ် တည်ထောင်သူ မစ္စ အန်ရှာလ် ကပူးရ် (Aanchal Kapur) က ဧရာဝတီကို ပြောသည်။

ရုပ်ရှင်ပြပွဲ ပထမနေ့တွင် မဏိပူ ပြည်နယ်မှ အမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရှုံးမှုများ လျစ်လျူရှုခံထားရပုံကို တင်ဆက်ထားသည့် 'Tales from the Margin' ၊ ချဟတ်တီဂါရ် (Chhattisgarh) ပြည်နယ်တွင်းမှ လူ့အခွင့်အရေး ပြဿနာများကို တင်ဆက်ထားသည့် 'New State; Old problems' တို့ကိုလည်း ပြသခဲ့သည်။

သောကြာနေ့တွင် အိန္ဒိယ ကျေးရွာတခုမှ ပြည်သူများ ရုန်းကန်ရပုံကို တင်ဆက်ထားသည့် 'In the forest hangs a bridge'၊ သြရိသပြည်နယ်တွင် သတ္တုတူးဖော်ခြင်း၊ သတ္တု သန့်စင် စက်ရုံ တည်ဆောက်ခြင်းတို့ကြောင့် ဒေသခံ ၄ သောင်းခန့် အိမ် နှင့် မြေ ဆုံးရှုံးရပုံများကို ရိုက်ကူးထားသည့် 'From Kalinganagar to Kashipur' စသည့် မှတ်တမ်းရုပ်ရှင်များ နှင့် စက်ရုံများ တည်ဆောက်မှုကြောင့် မြေယာ ပျောက်ဆုံးရသူတို့အကြောင်း စပ်ဆိုထားသည့် 'Gaon Chodab Nahin' အမည်ရ တေးသရုပ်ဖော် ဗီဒီယို တို့ကို ပြသမည်ဖြစ်သည်။

No comments:

Post a Comment