Thursday, September 10, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ခွင့်ရ


ဒ်ါအောင်ဆန်းစုကြည်အား ၎င်း၏ရှေ့နေများ ယနေ့တွေ့ဆုံခွင့်ရရှိသည်။

“ဒီနေ့ နေ့လယ်ပိုင်း (၂) နာရီကနေ ညနေ (၄) နာရီလောက်အထိ ကျနော်တို့ ရှေ့နေ (၄) ဦးနဲ့ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ (၁၈) ရက်နေ့မှာ ပေးရတော့မယ့် အပြီးသတ်လျှောက်လဲချက်အတွက် အယူခံအကြောင်းပြချက် (၁၁) ချက်အတွက် လိုအပ်တဲ့ ဆွေးနွေးမှုတွေ လုပ်ပါတယ်။ ဒီနေ့ပြီးစီးအောင် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံနှင့် စပ်လျဉ်း၍ ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ရှေ့နေများက စက်တင်ဘာ (၈) ရက်တွင် စာရေးသားတောင်းဆိုမှုကြောင့် ယနေ့တွေ့ခွင့်ရခဲ့ကြခြင်းဖြစ်သည်။

အယူခံမတင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောတူညီမှုရထားသော အယူခံအကြောင်းပြချက် (၁၁) ချက်ကို ထပ်မံ၍ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်နုတ်ခြင်း၊ ထပ်တိုးခြင်းမပြုခဲ့ကြောင်း သိရသည်။

ယနေ့တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကိစ္စအချို့ကို ဆောင်ရွက်ရန် ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ဖွင့်ဟမပြောနိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။

၎င်းက “နိုင်ငံရေးကိစ္စတွေ ဘာတွေရော ပြောဖြစ်တာတွေရှိပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ခိုင်းထားတဲ့အလုပ် တခုနှစ်ခုလောက်ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့ နောက်ပိုင်းမှာ လုပ်ရပါလိမ့်မယ်။ အဲတော့ လုပ်တဲ့အခါကျမှ ကျနော်တို့ ပြောပါမယ်။ လောလောဆယ်တော့ ခဏထားလိုက်ပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး ဒေါက်တာတင်မျိုးဝင်းနှင့် ကုသခွင့်ရရေး မရရေးမှာမူ အာဏာပိုင်များဘက်မှ ယနေ့အထိ အကြောင်းပြန်ကြားမှုမရှိသေးဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရစဉ် ယခုနှစ်မေလအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်လာခဲ့ရာ နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်အထူးတရားရုံး၌ တရားစွဲဆိုခဲ့ပြီးနောက် သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။

ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ စက်တင်ဘာ (၃) ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံတင်သွင်းခဲ့ရာ တိုင်းတရားရုံးက လက်ခံခဲ့ပြီး စက်တင်ဘာ (၁၈) ရက်တွင် လျှောက်လဲချက်ပေးရန် ရုံးချိန်း ပေးထားသည်။

အဆိုပါ အယူခံနှင့်စပ်လျဉ်း၍ ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် ရှေ့နေများက စက်တင်ဘာ (၈) ရက်တွင် အာဏာပိုင်များထံ စာရေးသားတောင်းဆိုခဲ့ကြသည်။

No comments:

Post a Comment