Tuesday, September 1, 2009

တရုတ်ပြည်သို့ စစ်အစိုးရ အဆင့်မြင့်အရာရှိကြီးများ ရောက်ရှိနေ

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဗိုလ်မှုးချုပ် ဘုန်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သြဂုတ်လ ၃၁ ရက်နေ့က ရောက်ရှိနေကြောင်း သိရသည်။

ယခု ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှုးချုပ် ဘုန်းဆွေ နှင့် အတူ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ၅ ဦးပါဝင်သည် ဟု တရုတ်အာဏာပိုင်များနှင့် နီးစပ်သူ တဦးကပြောသည်။

“ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်တာ ၊ သြဂုတ် ၃၁ရက်နေ့က မူဆယ်က နေပြီး ကူးသွားတယ်၊ ရွှေလီဘက်ခြမ်းမှာ လက်ခံတွေ့ဆုံမယ့်သူ မရှိလို့ ကူမင်းကိုဆက်သွားတယ်လို့ပြောတယ်” ဟု ၎င်းက ဧရာဝတီသို့ပြောသည်။

ယင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံယူနန်ပြည်နယ် မြို့တော်ကူမင်းတွင် ခေတ္တ တွေ့ဆုံဆွေးနွေးပြီးနောက် ညနေပိုင်းတွင် မြန်မာနိုင်ငံဘက်သို့ ပြန်သွားသည်ဟု သိရသည်။

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသတွင်ဖြစ်ပေါ်နေသော တိုက်ပွဲများ ဖြစ်ပွားပြီးစတွင် ယခုကဲ့သို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည့်အတွက် နယ်စပ်တင်းမာမှုများကို ဆွေးနွေးရန် ဖြစ်နိုင် ကြောင်း လေ့လာသူများ ယူဆနေကြသည်။

ကိုးကန့်ဒေသ စစ်ရေးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ်အစိုးရအား တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြားထားသည်။

“မြန်မာ့ပြည်တွင်းရေး ဖြစ်သောကြောင့် နိုင်နင်းစွာကိုင်တွယ်ရန်လိုကြောင်း၊ တရုတ်အစိုးရအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်ရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအား နိုင်ငံသားအခွင့်အရေးများ နှင့် အကာ အကွယ်ပေးရန် တိုက်တွန်းကြောင်း” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jian Yu ကပြောကြား ခြင်းဖြစ်သည်။

ပြီးခဲ့သည် တနလာင်္နေ့ ကပင် ကိုးကန့်ဒေသမှ ထွက်ပြေးလာသော ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ စတင်ပြီး ပြန်လည် ၀င်ရောက်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံဘက်သို့ စစ်အစိုးရတပ်မှ ပစ်ခတ်သော လက်နက် ကြီး ကျည်များ ကျရောက်ပေါက်ကွဲ၍ တရုတ်လူမျိုးတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသည်ဟုသိရသည်။

ကိုးကန့်ဒေသ မှ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသော ဒုက္ခသည်ပေါင်း ၃၇၀၀၀ အတွက် တရုတ်အစိုးရမှ လူသားချင်းစာနာမှု အရ တရုတ်ယွမ်ငွေ ၁၀ သန်း ( အမေရိကန်ဒေါ်လာ ၁.၄သန်းခန့် ) သုံးစွဲခဲ့သည် ဟု သြဂုတ်လ ၃၁ ရက်နေ့ ကဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

No comments:

Post a Comment