Thursday, November 12, 2009

ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ကွယ်လွန်


ှခေတ်ပြိုင်
နာမည်ကြီးကဗျာဆရာ ဗန်းမော်ညိုနွဲ့သည် ယနေ့နံနက် (၁၀:၂၀) နာရီတွင် ဗန်းမော်မြို့၊ သာစည်ရပ်ရှိနေအိမ်၌ ကွယ်လွန်သွားသည်။

ကွယ်လွန်ချိန်တွင် အသက် (၈၇) နှစ်ရှိပြီဖြစ်သည့် ဆရာဗန်းမော်ညိုနွဲ့သည် ၁၃၀၀ ပြည့်အရေးတော်ပုံအတွင်းမှစ၍ ကဗျာစာပေရေးသားခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့သည်။

“စစ်ပြီးကာလ စစ်ပြေးကာလပေါ့။ အာရှလူငယ်စည်းရုံးရေးမှူး တာဝန်တို့၊ ဖဆပလတွဲဖက်အတွင်းရေးမှူး၊ ပြည်သူ့ရဲဘော်ဘ၀ စတာတွေကို ဖြတ်သန်းလာခဲ့တဲ့သူပါ။ သူရေးသားတဲ့စာပေတွေဟာ အမျိုးသားစာပေတွေများပါတယ်။ ကဗျာတွေပဲ အရေးများပါတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။

ဗန်းမော်မြို့တွင်မွေးဖွားကာ ဗန်းမော်မြို့တွင်ပင် ကွယ်လွန်ခဲ့သည့် ဆရာဗန်းမော်ညိုနွဲ့သည် ဗန်းမော် အထက (၁) တွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာဦးပုထွေးဟူ၍ မြို့ခံများအကြား ကျော်ကြားသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ရာ စစ်အစိုးရက ဗန်းမော်ညိုနွဲ့ကလောင်ကို စာနယ်ဇင်းများ၌ ဖော်ပြခွင့်ပိတ်ပင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဗန်းမော်မြို့နယ် ရွေးကောက်ခံကိုယ်စားလှယ် ဆရာဗန်းမော်ညိုနွဲ့သည် ကလောင်အပိတ်ခံထားရသော်လည်း အညံ့မခံ အရှုံးမပေးခဲ့ဘဲ လူထုကို နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာစေမည့် ကဗျာများကို ပြည်ပအသံလွှင့်ဌာနများမှတဆင့် ရွတ်ဆိုဆော်သြခဲ့သူဖြစ်သည်။
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment