Sunday, March 20, 2011

ရှမ်းပြည်နယ် တိုက်ပွဲ ပြင်းထန်၊ ဒေသခံ ရာချီ ထွက်ပြေး

သန်းထိုက်ဦး Thursday, 17 March 2011 18:46
ရှမ်းပြည် တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်း စစ်အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ အဆက်မပြတ် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံ ရွာသားများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသည်။ ပြီးခဲ့သော တနင်္လာနေ့က SSA မြောက်ပိုင်း ထိန်းချုပ်ဒေသရှိ ဟိုနမ့်ကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ် တဦး အပါအ၀င် ရွာသား ၂ ဦးသေဆုံး၍ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   “ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံတင်ဖို့ ကြိုးစားနေပေမယ့် သူတို့က ဆွေမျိုးမရှိလို့ မြို့ပေါ်မှာ ဆေးကုမခံချင်ဘူးပြောတယ်” ဟု မိုင်းရှုးမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင် ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများတွင် နှစ်ဘက် ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိနိုင်ကြောင်း SSA-N သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

SSA-Nက မြန်မာ စစ်အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာလိုသော်လည်း လက်ခံခြင်း မရှိသည့် အပြင် စစ်အစိုးရက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မိမိတို့သည် အကောင်းဆုံး အခြေအနေကို မျှော်လင့်ရင်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန်လည်း ပြင်ဆင်ထားပါတယ်” ဟု SSA-N ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။   “အခု မိုင်းရှုးမြို့ပေါ်မှာ ရွာက တက်လာတဲ့ လူတွေက အမျိုးအိမ်တွေမှာ လာခိုလှုံနေတာ သိသိသာသာကို များတယ်”ဟုမိုင်းရှုးဒေသခံ တဦးက ပြောသည်ထို့အပြင် ကွန်ဟိန်း၊ နမ့်စန်နှင့် ကျေးသီးမြို့နယ်မှ ရွာပေါင်း ၁၁ ရွာကို ကျိုင်းတုံ-တောင်ကြီး အဝေးပြေးလမ်းမဘေးသို့ ပြောင်း ရွှေ့ရန် စစ်အစိုးရတပ်ဖွဲ့များက ထုတ်ပြန်ထားကြောင်း သိရသည်။ SSA မြောက်ပိုင်း ဌာနချုပ်ရှိရာ ၀မ်ဟိုင်းရွာ အနီးတ၀ိုက်ကိုလည်း စစ်အစိုးရက တပ်အင်အားများ ထပ်မံတိုးချဲ့ ချထားပြီး ယခုလကုန်ပိုင်းတွင် ပြောင်းရွှေ့ရန်လည်း ညွန်ကြားထားသည်။ ၀မ်ဟိုင်းဌာနချုပ်သည် ရှမ်းပြည်နယ် မိုင်းရယ်နှင့် မိုင်းရှုးမြို့နယ်ကြားတွင်ရှိ
သည်။ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရူးမြို့နယ်များတွင် SSA-N တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီး တင်အင်အား ခန့်မှန်းခြေ ၃၀၀၀ ရှိကြောင်း သိရသည်။
ယမန်နေ့က နမ့်လောင် ဒေသရှိ SSA-N တပ်စခန်း တခုကို စစ်အစိုးရတပ်များက ထိုးစစ်ဆင်၍ သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးနှင့် မိုင်းရယ်မြို့နယ်ကြားတွင် ဖြစ်ပွားခဲ့ပြီး ယင်း နမ့်လောင် တပ်စခန်း ကို စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် SSA-N တပ်များက စခန်းမှ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု သျှမ်း သံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။  “SSA ဘက်က ပြောက်ကျားစနစ်နဲ့ပဲ လုပ်နိုင်တော့ သူတို့ ဆုတ်ပေးရတာပေါ့၊ နောက် နအဖက သူတို့ဒေသ နမ့်လောင် ခွင်ကို နေရာယူလိုက်ပြီ”ဟု ၎င်းက ဆိုသည်။   နအဖ၏ စစ်ရေး နည်းဗျူဟာ အနေဖြင့် တပ်အင်အားကို အသုံချခြင်း မရှိသကဲ့သို့ လက်နက် အင်အားကို ပိုမို အသုံးချကြောင်း  ကြားသိရသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။ ယင်းတိုက်ပွဲများတွင်လည်း ထိ ခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ယခုအခါ တိုက်ပွဲဖြစ်သည့် ဒေသများသို့ တခြားသော တိုက်ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မလာရောက်နိုင်ရန် အတွက် လမ်းကြောင်းများကို နအဖ စစ်အစိုးရ တပ်များဖြင့် ပိတ်ပင်ထားကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA -S)မှ ပြောခွင့် ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။
“နအဖ တပ်တွေကတော့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)နဲ့ SSA-N တို့ အပြန်အလှန် ကူညီ ပေးနေတဲ့ လမ်းကြောင်း တွေကို ပိတ်ထားတယ်”ဟု ၎င်းက ဆိုသည်။ SSA တောင်ပိုင်း အနေဖြင့်လည်း SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို အကူအညီအပေးနိုင်ရန် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့ နယ် ဒေသ အပါအ၀င် မိုင်းရူးမြို့နှင့် ကျေးသီးမြို့နယ် ဒေသများတွင် နအဖ စစ်အစိုးရက စစ်ရေး တိုးချဲ့ထားကြောင်း  စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။ အစိုးရဘက်ကSSA-N တပ်စခန်းကို သိမ်းလိုက်သည့် တပ်ရင်း အမည်များကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။ သို့သော်လည်း ယင်း ဒေသများတွင် နအဖ စစ်တပ်အင်အား ခန့်မှန်းခြေ ၁၅၀၀ခန့် တိုးချဲ့ထားပြီးဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြော သည်။  ယခုတိုက်ဖြစ်ပွားရာ ဒေသများတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁ နှင့် လွိုင် လင် အခြေ စိုက် စကခ ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသည့် အပြင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော တန့်ယန်း မြို့နယ် အတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့် ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။
မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။ စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 http://bdcburma.wordpress.com

No comments:

Post a Comment