Sunday, April 24, 2011

ခဏလေးတောင် အချိန်လေး မပေးနိုင်ကြတော့ဘူးလားဗျာ...


ဓာတ်ပုံ Asia

ယခုတစ်လော အင်တာနက် စာမျက်နှာ သတင်းတွေမှာ အစိုးရအသစ်အပေါ် အဖွဲ့ချုပ်က ထောက်ခံတယ် ဆိုပြီး ပြောဆိုဝေဖန်မှုတွေ တစ်စထက် တစ်စ များပြားလာသလို မိမိခေါင်းဆောင် အပေါ်မှာလည်း ရန်သူ့အကြိုက် ဝေဖန်ပြောဆိုမှုတွေ တွေ့မြင်လာရပါတယ်...။ ကဲအများဆိုသလို မှားနေတာကို ဒီမိုကရေစီ နည်းလမ်းကျကျ ဝေဖန် ထောက်ပြသင့်တယ် ဆိုရင်တော့ ကျွန်လည်း ကျွန်တော့်အမြင် ကျွန်တော်သိသမျှနဲ့ လေးရေးပြီး ပြောဆိုခွင့် ပြုစေလိုပါတယ်...။

လွန်ခဲ့တဲ့ (၂)ရက်က မိတ်ဆွေတစ်ယောက်နဲ့ ပတ်သက်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ အင်မတန်နီးစပ်တဲ့ အသိုင်းအဝန်းက သူတစ်ယောက်နဲ့ ခေတ္တခဏ စကားပြောဆိုခွင့် ရခဲ့ပါတယ်...။ ကဲသူပြောပြတာတွေထဲက တစ်ချို့ကို ပြောပြရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်ခင်မှာ ယခင် နအဖစစ်အစိုးရက ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်...။ အဆိုပါသတင်းအား စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ် အသိုင်းအဝန်းမှာ မသိသူမရှိလို့ ဆိုပါတယ်...။ နောက်ဆုံး လက်ရှိ အာဏာရအစိုးရကို နောက်ကွယ်က ကြိုးကိုင်မယ့် နိုင်ငံ့ဥသျှောင်အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ပြီး ဝိုင်းဝန်းကူညီပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်...။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ ကမ်းလှမ်းချက်အား မိမိမှ အာဏာလိုချင်လို့ နိုင်ငံရေးလုပ်တာ မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ကန့်ကွက်ခြင်းမရှိသလို ငြင်းပယ်ခြင်းလည်း မရှိဟု ဆိုပါတယ်...။ ဒေါ်အောင်ဆန်းစုကြည်မှ စောင့်ကြည့်မယ့် အနေအထားမှာ ရှိကြောင်း သုံးသပ်လို့ရတယ်လို့ အဆိုပါပုဂ္ဂိုလ်မှ ဆိုပါတယ်...။ လက်ရှိ အခြေအနေ၌ အစိုးရရဲ့ လုပ်ဆောင်မှု မှန်သမျှကို ဒေါ်အောင်ဆန်းစုကြည်အား အသိပေးနေကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောဆိုပါတယ်...။

ဒါကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ အထူးနီးစပ်သူ တစ်ဦးမှ လက်ရှိအခြေအနေကို ခေတ္တခဏ တွေဆုံရာမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်...။ သူပြောတဲ့ စကားတွေမှာ ရာခိုင်းနှုန်းအပြည့် မှန်နိုင်ပါ့မလားလို့ စာဖတ်သူတွေအနေနဲ့ စောဒက တက်လိုကတက်နိုင်သလို ဘာအထောက်အထားကို ပြနိုင်သလဲလို့ မေးလိုက မေးနိုင်ပါတယ်။ ကျွန်တော်အနေနဲ့ အမည်နာမကို ထုတ်ဖော် မပြောပြနိုင်ပေမယ့် လက်ရှိ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ အဆိုပါပုဂ္ဂိုလ်ရဲ့ အနေအထားနဲ့ ပြောဆိုတာတွေကို ဆက်စပ်ပြီး တော်တော်များများ အချက်တွေကိုတော့ လက်ခံမိပါတယ်..။

ဒါကတစ်ပိုင်းပေါ့ဗျာ... လက်ရှိအခြေအနေမှာ အဖွဲ့ချုပ်က ထွက်ပေါ်လာတဲ့ အစိုးရကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး.. သတင်းတွေမှာ အနည်းငယ် ကောက်ချက်ချလွဲနေတာပါ...။ ကိုယ်ကိုယ်တိုင်လည်း စုံစမ်းမေးမြန်းပြီးပါပြီ..။ ဖြစ်ပေါ်လာတဲ့ အစိုးရတစ်ရပ်ကို ရှိနေတာကို လက်ခံတာပါ။ အသိအမှတ် ပြုသေးတာမဟုတ်ပါဘူး...။ ဥပမာ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရ ပေါ်ထွက်လာတုန်းက အဆိုပါနိုင်ငံမှာ အစိုးရတစ်ရပ် ဖြစ်တည်နေတာကို နိုင်ငံတကာက လက်ခံခဲ့တာပါ.. ထို့အတူ ဆိုမာလီ ၊ ဆူဒန်တို့မှာလည်း ဒီလိုပါပဲ။ သူပုန်အစိုးရ တက်နေရင် သူပုန်အစိုးရအဖြစ် လက်ခံရတာပါပဲ..။ အသိအမှတ်ပြုတာ မပြုတာက သက်ဆိုင်ရာနိုင်ငံတွေရဲ့ သဘောထားပါ...။ ထို့အတူ မြန်မာနိုင်ငံမှာလည်း ယခင် အာဏာရှင်အစိုးရ (ယခု အာဏာရှင်မဟုတ်ဟု မဆိုလိုပါ..)ကို နိုင်ငံတကာမှ တည်ရှိနေတဲ့ အစိုးရအဖြစ် လက်ခံရတာပါ..။ အစိုးရအဖြစ် လက်ခံတာနဲ့ အသိအမှတ်ပြုတာ စကားအရာအားဖြင့် အများကြီး ကွာခြားပါတယ်...။

လက်ရှိ ကျွန်တော်တို့ ခေါင်းဆောင် နေအိမ်မှာ နှစ်ပေါင်းများစွာ အကျယ်ချုပ်ခံနေရပြီး ပြန်လွတ်လာတာ (၆)လတောင် မပြည့်သေးပါဘူး..။ ပြန်လွတ်လာတဲ့ အချိန်ကနေ ယခုလက်ရှိထိ နေ့ရောညပါ အလုပ်လုပ်နေတာပါ...။ တဘက်မှာ နိုင်ငံတကာက နိုင်ငံခေါင်းဆောင်တွေ သံတမာန်တွေနဲ့ တွေ့ဆုံဆွေးနွေး နေသလို တစ်ဘက်မှာလည်း နှစ်ပေါင်းများစွာ အကြောက်တရားအောက်မှာ မလူးသာမလွန့်သာ ပြည်သူတွေ၊ လူငယ်တွေကို ပြန်လည် စုစည်းမှုတွေ လုပ်ပြီး နိုင်ငံရေး ချိန်ခွင်လျှာကို ပြန်ညှိယူနေတာပါပဲ....။ ကျွန်တော်တို့ မသိနိုင်၊ မမြင်နိုင်တဲ့ နိုင်ငံရေး ကစားကွက်တွေ အများကြီး ရှိပါတယ်...။ တစ်ချို့အပိုင်းတွေ ဖွင့်ပြောလို့ မရတာ ချပြလို့မရတာ အများကြီး ရှိမှာပါ...။ ကျွန်တော်တို့ အနေနဲ့ လှမ်းမြင်နေရတဲ့ လူတိုင်းမြင်နိုင် တွေးနိုင်တဲ့ အပေါ်အယံ အပိုင်းလေးကိုသာ ကြည့်ပြီး ဒါမလုပ်ရ ကောင်းမလား ဒီလိုလုပ်လိုက်ရင်ကောင်းမှာပဲ... ငါသာဆိုရင် ဒီလိုလုပ်မှာ ဟိုလိုလုပ်မှာ ဆိုပြီး အားမလို အားမရတွေဖြစ်ပြီး တွေးမိမြင်မိ နေကြတာ အဆန်းမဟုတ်ပါဘူး..။ ပြောင်းလဲလာတဲ့ နိုင်ငံရေး ရေစီးကြောင်းကို ပုံစံတစ်မျိုးနဲ့ နိုင်ငံရေး တိုက်ပွဲဝင်နေတယ် လို့ကော မမြင်မိကြဘူးလားဗျာ...။

တကယ်တန်းကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ ယုံကြည်တယ်.. ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နောက်မှာ မားမားမတ်မတ် တကယ်တန်းကော ရပ်တည်ကြရဲ့လား ဆိုတာ မိမိတို့ကိုယ်ကိုယ် ဝေဖန် ဆန်းစစ်ကြည့်ကြပါဦး..။ တကယ်တန်းအခြေအနေ တစ်ခုခုဖြစ်လာလို့ လိုအပ်လာတဲ့ အခါ ကျွန်တော်တို့တွေဘက်က ဘယ်လိုနည်းနဲ့ ပါဝင်ကြမလဲ ဆိုတာကော ပြင်ဆင်ထားကြပါရဲ့လားဗျာ...။ အချိန်လေးတော့ ခဏလေး ပေးကြည့်ကြပါဦး ...။ လောလောဆယ်မှာ ကိုယ်လုပ်နိုင်တာတွေကို လုပ်ပြီး ပြည်တွင်းအတွက် အကူအညီတွေ မပေးနိုင်ကြတောဘူးလားဗျာ...။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဒီမိုကရေစေရမယ်လို့ အာမခံချက်များ ပေးထားလို့လားဗျာ....။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မြန်မာပြည် ဒီမိုကရေစီ ရဖို့ဆိုတာ တစ်ယောက်တည်း လုပ်လို့ရတာ မဟုတ်ပါဘူး။ အားလုံးပါဝင်နိုင်ရမှာပါ... လမ်းပေါ်ထွက် ဆန္ဒပြမှ နိုင်ငံရေးတိုက်ကွက် မဟုတ်ပါဘူး..။ ယခုလောလောဆယ် ကျွန်တော်တို့ ခေါင်းဆောင် အပြင်မှာ ရောက်ရှိနေပါပြီ... အရင်ကလို ခေါင်းဆောင် ပျောက်နေတဲ့ အနေအထားမျိုး မဟုတ်တော့ပါဘူး..။ ခေါင်းဆောင်ရဲ့ နောက်မှာ တညီတညွတ်တည်း လိုက်ပြီး ဖြစ်ပေါ်လာမယ့် အခြေအနေ Positive, Negative တွေအတွက် ကျွန်တော်တို့ အဆင်သင့် ပြင်ဆင်ထား ရအောင်လားဗျာ...။ 

ဒီမိုဝေယံ

No comments:

Post a Comment