Monday, July 18, 2011

ကုံရဆုံရ လွန်ခဲ့တဲ့ (၂၂)နှစ်ခန့်က ပုသိမ်မြို့က နေ့မထွက်ရအမိန့်...

ပုသိမ် ကန်သုံးဆင့်မှ ဗိုလ်ချုပ်ကြေးရုပ် (ဓာတ်ပုံ မြို့တော်ပုသိမ် သတင်းစာ)
တနေ့က မြို့တော်ပုသိမ် သတင်းစာ ဝက်ဆိုဒ်ကို ဝင်ကြည့်မိရင်းက ပုသိမ်မြို့ရဲ့ နာမည်ကျော် ကန်သုံးဆင့် မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်ကို တွေ့မိတော့ ၁၉၈၉ခုနှစ် နှစ်ဆန်းပိုင်းက ပုသိမ်ရောက်ရှိစဉ် အဖြစ်အပျက် တချို့ကို အမှတ်ရလိုက်မိပါတယ်...။

၁၉၈၈ခုနှစ် အရေးအခင်းပြီးလို့ ကျောင်းတွေပိတ်ထားချိန် ၁၉၈၉ခုနှစ် နှစ်ဆန်းပိုင်းက အမျိုးတွေရှိရာ ပုသိမ်ကို ခေတ္တရောက်ရှိခဲ့ပါတယ်...။ (ခေတ္တရောက်ရှိတယ် ဆိုတာထက် မိဘတွေ အစိုးရိမ်ကြီးစွာနဲ့ နယ်ပို့လိုက်တာပါ) ဆယ်ကျော်သက် အရွယ်ပေါ့..။ ပုသိမ်ကို ရောက်ရှိပြီး  ပုသိမ် သင်္ဘောဆိပ်မှ ကန်သုံးဆင့်အနီး တည်းခိုရာနေအိမ်ကို သွားရာမှာ  မြင်ရတဲ့ မြင်ကွင်းကတော့ မြို့လယ်လမ်းမကြီး ဖြစ်တဲ့ ပုသိမ်၊ မုံရွာကားလမ်းမ တလျှောက်မှာ စစ်မြေပြင် တစ်ခုကို ရောက်ရှိနေတဲ့ အလား မြင်တွေ့လိုက်ရတာပါ...။ လမ်းဆုံ လမ်းခွတိုင်းမှာ သဲအိတ်တွေချပြီး ကွန်မာန်ဒို စစ်သားတွေက အသင့် နေရာယူထားတဲ့ ပုံစံနဲ့ အင်အားပြနေကြတာပါ..။

ကားပေါ်ပါလာတဲ့ ဝမ်းကွဲညီကို မေးကြည့်ရာမှာတော့ ဟုတ်တယ် လာမယ့်ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အတွက် ပုသိမ်လာမှာလေတဲ့ အဲ့အတွက် အင်အားပြနေတာတဲ့...။ ဧရာဝတီတိုင်း အဖွဲ့ချုပ်ရုံးကို ဖြတ်ကျော်သွားတဲ့ အခါအခါမှာတော့ ပင်နီတိုက်ပုံဝတ် အဖွဲ့ချုပ်လူငယ်တွေကို မျက်နှာဖုံး စွပ်ပြီး အာဏာပိုင်တွေက ကားပေါ်တင်ခေါ်သွားတာ အမှတ်တမဲ့ မြင်လိုက်ရတဲ့ အချိန်မှာတော့ ညီအကို(၂)ဦးလုံး တောက်ခေါက်သံ တပြိုင်တည်း ထွက်လာခဲ့ပါတယ်...။ ရန်ကုန်က မထွက်ခင်ကြားလာခဲ့တဲ့ သတင်းအရ ထိုစဉ်က တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် ကြိမ်းဝါးထားသံကတော့ မြန်မာတပြည်လုံး ဒီမိုကရေစီ ရရချင်ရမယ်... ဧရာဝတီတိုင်းမှာ မရစေရတဲ့ သခင်အားရ ကျွန်ပါးဝလေသံ ပစ်ထားပါတယ်...။ ပုသိမ်ရောက်ရှိစဉ်မှာ ကြားလိုက်ရတဲ့ အသံကတော့ ပုသိမ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် လမ်းပေါ်ထွက် မကြိုဆိုရတဲ့ ကြိုဆိုတဲ့သူတွေ အရေးယူမယ်တဲ့...။ ထိုစဉ်က ညမထွက်ရ အမိန့်တွေ တနိုင်ငံလုံး ထုတ်ထားတဲ့ အချိန်ပေါ့...။


နဝတ ဗိုလ်ချုပ်တွေ တနိုင်ငံလုံး ထုံးသုတ်၊ ပန်းခြံတွေလုပ်နဲ့ အလုပ်များတဲ့ပုံ ခိုးနေချိန်ပေါ့.. ပုသိမ်ကန်သုံးဆင့်ကိုလည်း ပန်းခြံအဖြစ် ပြန်လည်မွမ်းမံနေသလို ပန်းခြံမှာ ထားမယ့် ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း တည်းခိုရာနေအိမ်ရဲ့ မလှမ်းမကမ်း နေအိမ်မှာ သွန်းလုပ်နေတဲ့ အချိန်ပါ...။ မှတ်မှတ်ရရ ပုသိမ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့နေ့မှာ သွားကြိုမယ် အားခဲထားခဲ့ပေမယ့် မြို့အစွန်မှာ ရောက်ရှိနေတဲ့ ကျွန်တော်တို့အတွက် ကြားလိုက်ရတဲ့ သတင်းက နေ့မထွက်ရ အမိန့်တဲ့ဗျာ...။ ဘယ်နိုင်ငံတွေမှာ ထုတ်ပြန်ဖူးသလဲ မသိပေမယ့် မြန်မာပြည် ပုသိမ်မြို့မှာ ထုတ်ပြန်ခဲ့တာတော့ ရှိခဲ့တာ အသေအချာပါပဲ...။ သဘောင်္ဆိပ်ကို မသွားနိုင်တော့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်မြို့ခံတွေ ကြိုဆိုတာ ကမ်းလုံးညွှတ်ပါပဲ။ ပုသိမ်ဆိပ်ကမ်းမှာ တာဝန်ကျတဲ့ မိတ်ဆွေတစ်ဦးရဲ့ အကို ဗိုလ်ကြီးတယောက် ပြောပြတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ လေးစားကြည်ညိုစိတ်ကြောင့် Salute(အလေးပြု) ချင်တာ မနည်းထိန်းထားရတဲ့ အကြောင်း ပြောပြပါတယ်...။ ထိုဗိုလ်ကြီးလည်း နောက်ပိုင်း နယ်ပြောင်းခံလိုက်ရပါတယ်...။ Salute ပေးချင်တဲ့ စိတ်ကို မနည်းထိန်းပြီး ထမင်းဆိုင်ထဲ အမြန်ဝင်ထိုင်လိုက်ရတဲ့ အတွက်.. တာဝန်ချိန်မှာ ပျက်ကွက်မှုနဲ့ နယ်ပြောင်းခံရတာလို့ ညီဖြစ်သူက ပြန်ပြောပြပါတယ်..။

အဲ့ဒီ့နေ့မနက်က ပုသိမ်ဆိပ်ကမ်းက အခြေအနေတွေကို ကန်သုံးဆင့်ဘက်က ကျွန်တော်တို့ မြင်ခွင့်သိခွင့်မရခဲ့ပါ...။ သဘောင်္ဆိပ်ကိုသွားရင်း အနီးအနားက သစ်ထုတ်လုပ်ရေး ဝန်ထမ်းနေအိမ် တခုအတွင်း ခြံထဲမှာ နေ့မထွက်ရအမိန့်နဲ့ ပိတ်မိနေတာပါ...။ ခြံထဲမှာတော့ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတွေရဲ့ TE 11 ဖယ်ရီကားလည်း နေ့မထွက်ရအမိန့်နဲ့ အတူပိတ်မိနေတာပါ..။ ဝန်ထမ်းတွေလည်း ကားပေါ်မှာ ငုတ်တုတ်ပေါ့ လမ်းပေါ်မှာ ပုသိမ်ပြည်သူ့ဆေးရုံမှာ ဆေးရုံတက်နေတဲ့ သမီးအတွက် ထမင်းသွားပို့မယ့် အမေအို တဦးရဲ့ မျက်ရည်တစမ်းစမ်းနဲ့ ခြံရှေ့ကို ရောက်လာတဲ့ မြင်ကွင်းတခုကို ယနေ့ထက်တိုင် အမှတ်ရနေပါတယ်...။ အမေအိုကို နေ့မထွက်ရ အမိန့်ကြောင့် ဆေးရုံ ထမင်းသွားပို့ခွင့် မပြုဘူးတဲ့ဗျာ...။ စဉ်းစားသာ ကြည့်ပါတော့.... ရိုင်းစိုင်းလိုက်ပုံတွေကတော့။ ဒါကတော့ ကိုယ့်မျက်စိရှေ့ လက်တကမ်းအကွာမှာ မြင်တွေ့နေရတဲ့ မြင်ကွင်းပါ..။ နေ့မထွက်ရ အမိန့်ကြောင့် တခြားနေရာတွေမှာလည်း ဒီလို ဒုက္ခရောက်နေသူတွေ အများအပြားပါ...။  တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ရဲ့ အာဃာတ တရားကြီးမားတဲ့ ရှုးကြောင်ကြောင် လုပ်ရက်ကြောင့် အားလုံး ဒုက္ခရောက်ကြရတာပါ...။

နေ့လည်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်မှ ပုသိမ်မှာ နေ့မထွက်ရအမိန့်နဲ့ ပိတ်ထားတဲ့ လမ်းတွေကို လမ်းဆင်းလျှောက်ပြီး သစ်ထုတ်လုပ်ရေးဝန်း ရှေ့တည့်တည့်က အထက်ပါ ဗိုလ်ချုပ်ကြေးရုပ် ထုလုပ်နေတဲ့ နေအိမ်ခြံဝန်းအတွင်း ရောက်ရှိလာပြီး ထုလုပ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ပုံ ဗိုလ်ချုပ်နဲ့တူမတူ လာရောက် ကြည့်ရှု အကြံပြုသွားပါတယ်..။ လမ်းပေါ်မထွက်ရတဲ့အတွက် လှမ်းမြင်ရတဲ့ နေရာကနေပဲ လက်ခုပ်တီး အားပေးကြတဲ့ ပြည်သူတွေ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ..။ ဒေါ်အောင်ဆန်းစုကြည် စစ်တပ်က ပိတ်ထားတဲ့နေရာတွေမှာ လမ်းဆင်းလျှောက်ပြီး ဝင်လာတဲ့အတွက် လမ်းတွေကို အာဏာပိုင်တွေက ဖွင့်ပေးလိုက်ရပါတယ်....။ နေ့မထွက်ရ အမိန့်လည်း အလိုလို ပျက်သွားပါတယ်...။

ကျွန်တော် ပုသိမ်ရောက်ရှိစဉ်မှာ ညနေတိုင်း မရိုးနိုင်အောင်မြင်ရတဲ့ မြင်ကွင်းကတော့ ကန်သုံးဆင့် အနီးက ဂေါက်ကွင်းကို ဂေါက်လာရိုက်တဲ့ ဗိုလ်ချုပ်မြင့်အောင်ပါ..။ အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ်ကနေ ဂေါက်ကွင်းကို လာရာလမ်းမှာတော့ ရှေ့ပြေး မော်တော်ပီကယ် ဆိုင်ကယ်နှစ်စီး စစ်ကားနှစ်စီးခြံရံပြီး ထိုစဉ်က 929 ကားအနက်ရောင်စီးပြီး အစောင့်အကြပ်များစွာနဲ့ ဂေါက်လာရိုက်တတ်ပါတယ်...။ တကယ့် အာဏာရှင်ဆန်ဆန် အခြံအရံနဲ့ ဂေါက်လာရိုက်တာပါ..။ ဘေးမှာ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းအရာရှိတွေကလည်း ဘုရင်တဆူအလား အရိုအသေပေးပေါ့..။ ဧရာဝတီတိုင်း တခုလုံးကို ဒုက္ခပေးခဲ့တဲ့ ဗိုလ်ချုပ်မြင့်အောင်ရဲ့ ဘဝနောက်ဆုံး ဇာတ်သိမ်းကလည်း တဏှာရာဂ ဆေးတခု သုံးစွဲရင်း ဇာတ်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်...။ ထိုစဉ်က အဖြစ်အပျက်တွေကိုတော့ ယနေ့တိုင် မေ့မရပါဘူး...။ နေ့မထွက်ရအမိန့်တဲ့... မယုံမရှိပါနဲ့ လွန်ခဲတဲ့ ၂၂နှစ်ခန့်က တကယ်ဖြစ်ပျက်ခဲ့တာပါ...။ ပုသိမ်မြို့ခံတွေ သိကြမှာပါ...။

ပြောရရင်တော့ အာဏာရှင်တွေဟာ တကယ်တန်းကြတော့ အင်မတန် ကြောက်တတ်တဲ့ သူတွေဆိုတာပါပဲ..။ သူတပါးကို မယုံတော့ မိမိကိုယ်ကိုယ်လည်း မယုံတော့ပါဘူး...။ အရာရာကို အာဏာကိုထိပါးမယ် ဆိုတဲ့ အတွေးတွေ လွှမ်းမိုးနေတဲ့ အတွက် အခြေအနေမှန်ကို မသိနိုင်၊ မမြင်နိုင် လက်မခံနိုင် ဖြစ်နေကြရရှာတဲ့ ယဉ်ယဉ်လေးရူးနေတဲ့ စိတ္တဇ ဝေဒနာရှင်တွေပါပဲ...။ နေ့မထွက်ရ အမိန့်ကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြမယ့် အရေးကို ကြိုတင်မစဉ်းစား မဆင်မခြင်ပဲ လတ်တလော ဆေးမြီးတိုနဲ့ ထင်ရာမြင်ရာ လုပ်ဆောင်တတ်ကြတဲ့ အာဏာရှင်တွေရဲ့ ရူးနှမ်းမှုပါပဲ..။ လတ်တလော အားဖြင့် ကင်ဆာကို ဘာမီတွန်နဲ့ ပျောက်အောင် ကုနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်ကြောင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက သာဓကပါပဲ..။

အချုပ်အားဖြင့် ဆိုရရင်တော့ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိ မကြားဘူးတဲ့ နေ့မထွက်ရအမိန့်ဆိုတာ ၁၉၈၉ခုနှစ်က မြန်မာပြည်ရဲ့ စပါးကျီ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ကြီးမှာ နဝတတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် လက်ထက်မှာ ဧကန်အမှန် ဖြစ်ပျက်ခဲ့ကြောင်း  ကိုယ်တွေ့၊ မြင်တွေ့ခဲ့ရတာကို တင်ပြလိုက်ရပါတယ်။ 
အစ်ကိုဒီမိုဝေယံ

No comments:

Post a Comment