Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှ ပြန်လည်ထွက်ခွာ..


ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်စပ်ဝန်ကြီး ဗိုလ်ချုပ်သိန်းဋ္ဌေး
 Very Very Important Person (VVIP)
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှ ပြန်လည်ထွက်ခွာ
ရင်းမြစ် (The Voice Weekly ဂျာနယ်)
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တစ်နာရီကျော်ကြာ တက်ရောက်ပြီးနောတ် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း နေပြည်တော်ရှိ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေသည့် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားနေစဉ် အစိုးရအဖွဲ့ဝင် 
ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ စက်မှူ ၁၊ ၂ ဝန်ကြီး ဦးစိုးသိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးတို့နှင့် သီးခြား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း အစည်းအဝေး တက်ရောက်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။

အစည်းအဝေးမှ ပြန်လည်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များက နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့မှု အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့်လည်းကောင်း မေးမြန်းရာ "ကျေနပ်မိတယ် အားရမိတယ် " ဟု မှတ်ချက်ပေး ပြောကြားခဲ့သည်။

နေပြည်တော်သို့ ပထမဆုံးအကြိမ် ဖြစ်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးခွန်သာမြင့် (ဦးသိန်းဖေမြင့်၏သား) ဒေါ်စုစုလွင်(ဦးလွင်၏သမီး) တို့ လိုက်ပါလာခဲ့ပြီး နေပြည်တော်ရှိ မြတ်မင်္ဂလာဟိုတယ်တွင် တည်းခိုခဲ့သည်။

မြန်မာအစိုးရ မြို့တော်သစ် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပနေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ ယနေ့ နံနက် ၉ နာရီက ရောက်ရှိလာခဲ့ရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း အစည်းအဝေး တက်ရောက်နေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင်၊့ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်တို့နှင့်အတူ ယနေ့နံနက်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနသို့ ရောက်ရှိလာခဲ့ရာ ဝိုင်းအုံကြည့်ရှုနေကြသော လူပရိသတ် များပြားသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိများက လုံခြုံရေးယူ၍ လမ်းရှင်းပေးခဲ့ရသည်ဟုလည်း ၎င်းထံမှ သိရသည်။

" အလုပ်ရုံဆွေးနွေးပွဲ တက်လာတဲ့သူတွေ ဒေါ်စုရောက်လာတော့ အံ့ဩဝမ်းသာနေကြတယ်။ အစည်းအဝေးသဘာပတိ ကိုယ်တိုင်ထပြီး နှုတ်ဆက်တယ်" ဟု The Voice Weekly သို့ တိုက်ရိုက်သတင်းပေးပို့သည်။

ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစည်းဝေးခန်းမ ရှေ့ဆုံးတန်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တစ်ဖက်တစ်ချက်စီ နေရာယူခဲ့ပြီး UMFCCI ဥက္ကဌ ဦးဝင်းအောင် ဖတ်ကြားသည့် ပုဂ္ဂလိက လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စာတမ်းနှင့် မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးကြည်အေး ဖတ်ကြားသည့် စာတမ်းတို့ကို နားထောင်ခဲ့ပြီး အစည်းအဝေးကို နံနက် ၁ဝ နာရီ မိနစ် ၃ဝ တွင် ခေတ္တရပ်နားစဉ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးသုံးဦးနှင့် သီးခြား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း အစည်းအဝေး တက်ရောက်နေသူ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးဇော်ဇော်၊ UMFCCI ဥက္ကဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဌ ဦးလှမောင်ရွှေတို့နှင့် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများသာ စီးနင်းသည့် မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုအပေါ် တွေ့ဆုံဆွေးနွေးရေး၏ ခြေလှမ်းအစ ဖြစ်သည်ဟု မှတ်ချက်ပေး ပြောကြားခဲ့ကြောင်း ပြည်ပအသံလွှင့် မီဒီယာများ၏ ထုတ်လွှင့်ချက်များအရ သိရှိရသည်။ နှစ်ပေါင်း ၂၃ နှစ်ကျော်ကြာ နိုင်ငံရေးမုန်တိုင်း ပြင်းထန်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ၌ အစိုးရနှင့် အတိုက်အခံများကြား တွေ့ဆုံဆွေးနွေးမှုများကြောင့် မြန်မာ့နိုင်ငံရေးအတွက် ရလဒ်ကောင်းများ သယ်ဆောင်လာသည့် လေပြေလေညှင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် ဟင်ဒူသတင်းစာကြီးက ဖော်ပြသည်။

သတင်း.... The Voice Weekly 
ဓာတ်ပုံများ AP, (7 Day News)အစ်ကိုဒီမိုဝေယံ။ သတင်း

No comments:

Post a Comment