Sunday, August 21, 2011

စစ်ကိုင်းတောင်ဆင်းလမ်းက တောင်းရမ်းစားသောက်နေကြတဲ့ အမေအိုတွေအကြောင်း (တိုင်ကြားစာ)

ဒီမိုဝေယံသို့ ပေးပို့တိုင်ကြားလာတဲ့ စစ်ကိုင်းတောင်ဆင်းလမ်းက တောင်းရမ်း စားသောက်နေကြတဲ့ အမေအိုတွေအကြောင်း တင်ပြလိုက်ရပါတယ်...။

သို့...

 ဓာတ်ပုံတွေမှာ တွေ့ရတဲ့ ရင်မောစရာ ပုံတွေကတော့ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ အထွတ်အမြတ်ထားရာ စစ်ကိုင်းတောင်ဆင်းလမ်းမှာ အစီအရီ တောင်းခံစားသောက်နေရတဲ့ သက်ကြီးရွယ်အိုတွေပါ။ ရင်မောစရာဆိုတာကတော့ အဲဒီ့ သက်ကြီးရွယ်အိုတွေ အတွက်တင်မကပါဘူး။ ပုံမှာ တွေ့ရတယ့်အတိုင်းပဲ အဲဒီ့ အလှူခံနေတဲ့ နေရာတွေဟာ တောင်အဆင်းကားတွေ အရှိန်ထိန်းဖို့က အလွန်ခက်ခဲတဲ့ နေရာတွေမှာပါ။

ကားတွေ ဆင်းလာတဲ့အချိန်တွေမှာ သူတိုတစ်တွေဟာ ကြိုတင် တိုင်ပင်ထားသလို ရှေ့ကိုအတင်းတိုးဝင်ပြီး တောင်းရမ်းကြတာပါ။ ကြုံဖူးသူတွေ သိကြမှာပါ။ ဘာမှမဖြစ်သေးသရွှေတော့ဘာမှဖြစ်ဦးမှာမဟုတ်ပါဘူး။ ဖြစ်လာတဲ့တစ်နေ့တော့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင် ဘောလုံးပုတ်ကြဦးမှာပေါ့။ အဲဒီတော့ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုအကျိုးရှိတယ် ဆိုတဲ့ထုံး နှလုံးမူပြီး တစ်စုံတစ်တော့ ပြုလုပ်သင့်ပြီလို့ ထင်ပါတယ်။
တစ်လောက မန္တလေးမှာ တောင်းရမ်းစားသောက်သူတွေ ပပျောက်အောင် လုပ်ဆောင်နေတယ်လို့ ကြားလိုက်ရပါတယ်။ အဲလိုပဲ ခရီးသွားဧည့်သည်တွေ မြင်လို့မသင့်တော်တဲ့၊ အန္တရာယ်အလွန်ကြီးတဲ့ ဒီလို မြင်ကွင်းမျိုးတွေကို သင့်လျှော်သလို ဆောင်ရွက်သင့်ပါပြီ။

ပြီးတော့ကြီးမား ခန့်ညားထည်ဝါလှတဲ့ သာသနာရေးဆိုင်ရာ ဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး အဆောက်အအုံတွေ အနီးအနားမှာ သူတို့လို သက်ကြီးရွယ်အိုတွေ အတွက်နားခိုစရာ နေရာလေးတစ်ခု မရှိသင့်ဘူးလား။ ခရီးသွားဧည့်သည်တွေ အတွက်ကတော့ မင်းကွန်းမှာ ဘိုးဘွားရိပ်သာ လေ့လာပြီး စစ်ကိုင်းလဲရောက်ရော တို့ဘိုးဘွားအပေါင်း တောင်းရမ်းနေတာ မြင်ရတော့ နယ်ချင်းမတူ လူချင်းကွဲလို့ပဲလား မင်ကွန်းသား တွေကပဲပိုပြီး လိမ်မာရေးခြားရှိကြလို့လား မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါခင်ဗျား။

မှတ်ချက်။  ။ယခုအကြောင်းကို tourism websites တွေမှာ တင်ရတာကတော့ တိုးလောကနဲ့ ဆက်စပ်နေတယ်လို့ ထင်မိတာတစ်ကြောင်း၊ တစ်ခြား သက်ဆိုင်ကောင်း သက်ဆိုင်နိုင်တဲ့ sites တွေကို သိလဲမသိ တင်လဲမတင်ရဲလို့ပါ ခင်ဗျာ။

KCTS

ကိုKCTSရဲ့ ဓာတ်ပုံနဲ့ ပေးပို့လာတဲ့စာပါ... သက်ဆိုင်ရာမှလည်း နှစ်ဦး၊ နှစ်ဘက် အဆင်ပြေအောင် ကောင်းမွန်တဲ့ ပုံစံတမျိုးနဲ့ ဖြေရှင်းပေးမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်..။

ကျွန်တော့် အမြင်လေးကိုလည်း ရေးသားပါရစေ...။ ယခုလက်ရှိအနေအထားမှာ တောင်းရမ်း စားသောက်နေသူတွေရဲ့ အပြစ်လား၊ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခြေအနေကြောင့်လား၊ စံနစ်ကြောင့်လား ဆိုတာပါပဲ..။ သန်သန်မာမာ ယောင်္ကျားရင့်မာကြီးတွေ တောင်းရမ်းစားသောက် နေရင်တော့ တမျိုးပေါ့...။ တောင်းရမ်း စားသောက်သူတွေ ပပျောက်အောင် ဖမ်းဆီးထောင်ချ နေရုံနဲ့ ဒီဇာတ်လမ်းက ပြီးသွားမှာ မဟုတ်ပါဘူး..။ အနာနဲ့ ဆေးတည့်ဖို့လိုသလို ဆေးမြီးတိုနဲ့ ကုသလို့ မရပါ...။ ဒါတိုင်းပြည်ရဲ့ နေရာအနှံအပြားက လက်ရှိမြင်ကွင်းတွေပါပဲ...။ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် လုပ်ငန်းရှင်တွေ သိန်းတစ်ထောင်စီ မထည့်မနေရဆိုပြီး ပြုလုပ်နေရုံနဲ့လည်း မရပါဘူး။ တိုင်းပြည်ရဲ့ အဓိက ဘဏ္ဍာငွေတွေဟာ အငွေ့ပျံသလို ဘယ်စာရင်းထဲ၊ ဘယ်အိတ်ကပ်ထဲ ရောက်သွားတယ် ဆိုတာလည်း ပြသနာရဲ့ ရင်းမြစ်တခုပါပဲ..။ တတိုင်းတပြည်လုံးနဲ့ ဆိုင်ပါတယ်...။ ဘယ်သူကြောင့် ဘယ်ဝှာကြောင့်ဆိုပြီး လက်ညှိုးထိုးနေရုံနဲ့ ပြသနာပြီးစီးသွားမှာ မဟုတ်ပါဘူး။

ယခုအထက်ပါပုံတွေမှာ တောင်းရမ်း၊ စားသောက်နေရတဲ့ အမယ်အိုတွေဟာ Sanctionကြောင့် တောင်းရမ်း၊ စားသောက် နေရတာပါလို့ စွပ်စွဲပြောဆိုနေသူတွေ ပြောဆိုရအောင်လည်း..  Sanctionကြောင့် အလုပ်ပြုတ်သွားတဲ့ လှိုင်သာယာ အထည်ချုပ်စက်ရုံက အလုပ်သမတွေလည်း မဟုတ်ပါဘူး။ မိမိတို့ မိဘအရွယ် အဘိုး၊ အဘွား အရွယ် စစ်ကိုင်းက မြန်မာနိုင်ငံသားစစ်စစ်တွေပါ။ တိုင်းပြည်မှာ ယနေ့လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လူထုခေါင်းဆောင်နဲ့ သမ္မတကြီးတို့ ဆွေးနွေးပွဲတွေ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပြီး အဖြေတခု အမြန်ရလေ ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေ တရက်စောလေ တရက်ပို အကျိုးရှိမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် အဓိကတာဝန်ရှိတဲ့ သမ္မတကြီးနဲ့ အစိုးရအဖွဲ့မှ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ရိုးသားတဲ့ စေတနာအမှန်နဲ့ အမြန်ဆုံး ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်...။

ဒီမိုဝေယံ

No comments:

Post a Comment