ကိုလိုနီခေတ်နဲ့ ဖက်ဆစ် ခေတ်မှာတောင် ဒီလိုသံဃာတွေကို တုတ်နဲ့ရိုက်၊
သေနတ်နဲ့ပစ် တာမျိုးမလုပ်ခဲ့ပါ။ အာဏာရူး တွေကြောင့် သွေးစွန်းခဲ့တဲ့
စက်တင်ဘာဟာ အခုဆိုရင်(၂) နှစ်ပတ်လည်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ
(၂၆) ရက်နေ့မှာ အာဇာနည် သံဃာတွေရဲ့  ပြည်သူလူထု အများစုအတွက် ပေးဆပ်
ကြိုးပမ်းခဲ့မှုကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒီဆောင်းပါးကို Forum
ဂျာနယ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာ သာသနာတော်ကို မှေးမှိန်အောင် ဖျက်ဆီးနေတဲ့ ငရဲကို သွားရဖို့
အရေး မကြောက်မရွံ့ဘဲ ပါဝါ အာဏာအတွက် ရဟန်းသံဃာတော်တွေကိုတောင်
သတ်ဖြတ်နှိပ်စက် ဖမ်းဆီး ထောင်ချနေပုံ စစ်အစိုးရရဲ့  အတွင်းသရုပ်
အမှန်အကြောင်း အရှင်ရေ၀တက တင်ပြပေးထားပါတယ်။
စစ်ခေတ်နဲ့ သံဃာတော်များရဲ့  တုံ့ပြန်ချက်
(သံဃာ့ဂုဏောအနန္တော) လို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့  ပါးစပ်ဖျားနဲ့
နှလုံးသားမှာ ထင်ဟပ်နေတဲ့ စကားလုံး ဟာ ဘာကိုရည်ညွှန်းသလဲ။
သံဃာဆိုတာ သာမာန်လူဝတ်ကြောင် တို့မှာ ဖြစ်ပေါ်တတ်တဲ့ လောဘ၊ မောဟ၊ ဒေါသ
တရားတွေကို စွန့်လွှတ် ဖယ်ရှားဖို့ လူ့အဖွဲ့အစည်းထဲက ဘာသာရေးအဖွဲ့အစည်း
တခုပါ။ သံဃာအဖွဲ့အစည်းထဲကို ရောက်ရှိ လာပြီဆိုရင် မကောင်းသောစိတ်၊
မကောင်းသော အကြံ၊ မကောင်းသော အလုပ်တွေကို အနှေးနဲ့အမြန် နှိမ်နင်း
မောင်းထုတ်ပစ်ရမယ်ဆိုတာ နားလည်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လောဘ၊ ဒေါသ၊
မောဟ ကြီးမားတဲ့ သာမာန် လူဝတ်ကြောင်တွေကို ဆုံးမပညာပေး ပြောကြားဖို့
မြတ်စွာဘုရားရှင်က သံဃာတော်တို့အား ၀တ္တရား တခုအဖြစ် လူ့အဖွဲ့အစည်း
တရပ်လုံးအတွက် တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းဘဲ ဒီလို
မကောင်းသော စိတ်၊ မကောင်းသော အကြံ၊ မကောင်းသော လုပ်ရပ်တို့ကို
တားမြစ်ပိတ်ပင် ချိုးဖျက်ဖို့ လုပ်ဆောင် ကျင့်သုံးရတဲ့
လူ့အဖွဲ့အစည်းတခုလုံးကို “သံဃာ” ရယ်လို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လက်ခံခဲ့
ကြပါတယ်။ ဒီလို ရပ်တည်လာခဲ့ကြတဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့  သိက္ခာ၊ သမာဓိ၊
ပညာတို့ကို လေးစား မြတ်နိုးသောအားဖြင့် သံဃာဂုဏ်ကျေးဇူးကို
အဆုံးမရှိကြဖူးရယ်လို့ ရွတ်ဖတ်ပူဇော်နေကြခြင်း ဖြစ်ပါတယ်။
ဘာသာတရားဆိုတာ လူတွေရဲ့  ယုံကြည်မှု၊ ကိုးကွယ်ဆည်းကပ်မှုတွေကြောင့်
ဖြစ်ပေါ်လာရသလို လူတွေရဲ့  လွတ်လပ်တဲ့ အတွေးအခေါ်အရ ပေါ်ပေါက်လာခဲ့တဲ့
နယ်ပယ်တခု ဖြစ်ပါတယ်။ အလွန်အမင်း အင်မတန် နူးညံ့သိမ်မွေ့တယ်ဆိုတာ
ဘာသာတရားလေ့လာနေသူ အပေါင်းတို့ သိရှိနားလည်ထားပြီး ဖြစ်ပါတယ်။ ဒီလို
နူးညံ့သိမ်မွေ့လှတဲ့ ဘာသာတရားနယ်ပယ်ထဲသို့ လူအပေါင်းတို့ဟာ
လေ့လာဆုံးဖြတ်ပြီး မြင့်မြတ်တဲ့ လမ်းစဉ် အဖြစ်နဲ့ လက်ခံကျင့်သုံးကာ
သယ်ပိုးဆောင်ရွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဘာသာတရားပေါင်း များစွာဟာ
လူ့အဖွဲ့အစည်းထဲမှာ နာမည်အမျိုးမျိုးနဲ့ ရှင်သန်နေကြတယ်။
မြတ်စွာဘုရားရှင်ရဲ့ တပည့်သံဃာတော်များကိုလည်း ဗုဒ္ဓဘာသာ
ခေါင်းဆောင်များအဖြစ် အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲအောင်
သယ်ပိုးဆောင်ရွက်လာခဲ့တဲ့ အတွက် ဗုဒ္ဓဘာသာဝင်တွေက နေရာ ပေးခဲ့ကြပါတယ်။
တဖက်မှာလည်း ဘာသာတရားအားလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့
မတရားတဲ့အမှုကို ပြုလုပ်ဖို့ ဘယ်ဘာသာတရားမှ ခွင့်ပြုခဲ့တာ မရှိသလို
၊လူအချင်းချင်း ငြိမ်းချမ်းမျှတစွာ နေထိုင်ဆက်ဆံကြဖို့ လမ်းညွှန်
ပေးခဲ့ကြတာချည်းဘဲ ဖြစ်တယ်။ တဦးပေါ် တဦး နိုင်ထက်စီးနင်းလုပ်ခြင်း၊
ဗိုလ်ကျစိုးမိုးခြင်း၊ မတရား ဖိနှိပ်ချုပ်ချယ်ခြင်းတွေကို ဘယ်ဘာသာတရားကမှ
လက်ခံခဲ့တာ မရှိသလို ဒီလို အမှုကိစ္စတွေကို ပျောက်ကွယ်စေရန် အလို့ငှာ
ဘာသာတရားဆိုတာဟာ ပေါ်ထွန်းလာခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒ ဆိုတာ ဟာလည်း ဒီလို
မတရားတဲ့ အမှု၊ မတရားတဲ့ သူတွေကို တရားတဲ့ဘက်သို့ တိမ်းညွှတ်လာပြီး
နောက်ထပ် တဆင့်မှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတွေကို
ထပ်မံကျင့်သုံးနိုင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဘာသာတရားတခု ဖြစ်ပါတယ်။
ယနေ့ဆိုရင် ဗုဒ္ဓဘာသာရဲ့  ခေါင်းဆောင်များအဖြစ် သံဃာတော်တွေအနေနဲ့
ရပ်တည်လာခဲ့တာ နှစ်ပေါင်း (၂၅၀၀) လည်းဘဲ ကျော်ခဲ့ပြီဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် လက်ထက်ကနေ ကျင့်သုံးလာခဲ့တဲ့ ဓမ္မတရားတော်တွေကို
သံဃာတော်တွေဟာ လိုက်နာ စောင့်ရှောက်ထိမ်းသိမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် သံဃာတပါး ဖြစ်လာပြီ ဆိုရင် ဘယ်သောအခါမှ သာမာန်လူဝတ်ကြောင်၊
မင်းအစိုးရ စတဲ့ သူတွေရဲ့ အာဏာအောက်မှာ လိုက်နာကျင့်သုံးခဲ့ရ တဲ့ ထုံးစံ
မရှိခဲ့ပါ။ မကောင်းသောလူ၊ မင်းဆိုး၊ မင်းညစ်တွေကိုသာ လူတော်လူကောင်း၊
မင်းကောင်းမင်းမြတ် ဖြစ်လာစေဖို့ ခေတ်အဆက်ဆက်က
ဆုံးမပဲ့ပြင်ခဲ့ကြတာချည်းဘဲ ဖြစ်ပါတယ်။ ဘယ်သံဃာတစ်ပါးကမှ မင်း စတဲ့
အာဏာရှင် တစ်ယောက်ယောက်၊ အဖွဲ့အစည်း တခုခုကို လုပ်ကြံသတ်ဖြတ်ပြီး
အာဏာသိမ်းယူခဲ့ခြင်း မျိုးလည်း မရှိခဲ့ပါ။ ယနေ့အချိန်မှာ မြန်မာနိုင်ငံက
သံဃာတော်တွေ ကျင့်သုံးနေကြတာလည်း ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့
တရားတော်နဲ့ အညီ လောကီ၊ လောကုတ္တရာ အကျိုးစီးပွားများကောင်းမွန်စွာ
ဖြစ်ထွန်းလာစေ ဖို့သာ ရည်ရွယ်ပြီး ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။
သံဃာတော်တွေရဲ့  ၀တ္တရားမြောက်မြားစွာကို ဖော်ပြနေမဲ့ အစား ဒီနေရာမှာ
အကျဉ်းချုံးပြီး ဘယ်လို ဒကာ၊ ဒကာမ အပေါ်မှာ မဆို၊သံဃာတော်များ အနေနဲ
့ထားရှိရမဲ့ ကျင့်ဝတ်(၆)ပါး ကို အများပြည်သူ နားလည်သဘောပေါက်စေဖို့
ရေးသားတင်ပြပါမယ်။
မကောင်းမြစ်တား
ကောင်းရာညွှန်လတ်
အသစ်ဟောကြူး
နာဖူးထပ်မံ
နတ်ထံတင်ရာ
မေတ္တာလည်းပြု
ဤ (၆) ခု သံဃာ ကျင့်ဝတ်ပါ လို့ ဆိုထားပါတယ်။
ဆွမ်းဒကာ၊ ဒကာမအပေါင်း၊ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း၊ မှူးမတ်၊
စစ်ဗိုလ်၊ သေနာပတိ၊ ယခုခေတ် စစ်အစိုးရ ၊တိုင်းသူပြည်သား
အားလုံးတို့အပေါ်မှာ ဒီကျင့်ဝတ်(၆)ခုနဲ့ သံဃာတွေဟာ တန်ပြန် ကျေးဇူးဆပ်
ရမယ် လို့ ဆိုထားပါတယ်။ ဒကာ၊ ဒကာမတွေရဲ့  အကြားမှာ မတော်မတရား
နိုင်ထက်စီးနင်း ဗိုလ်ကျစိုးမိုး နေတဲ့ ၀ါဒနဲ့ လုပ်ရပ်တွေကို
ကြုံတွေ့လာရင် သံဃာတော်တွေအနေနဲ့ တားမြစ်ပေးရမယ်။ ကောင်းမွန်တဲ့
ညီညွတ်ပေါင်းသင်းရေး လမ်းစဉ်ကို ညွှန်ပြပေးရမယ်။
ဆင်းရဲဒုက္ခရောက်နေတာတွေကို ကယ်တင်ပြီး ကောင်းရာကိုပို့ ပေးရမယ်။ဒါဟာ
မြန်မာနိုင်ငံက သံဃာတော်တွေရဲ့ လက်ရှိကျင့်သုံးနေတဲ့၊ လမ်းညွှန်ပေးရမဲ့
ဝတ္တရားဘဲ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ သံဃာတော်
အားလုံးတို့ဟာလည်း ဒီအတိုင်း ကျင့်သုံးနေကြပါတယ်။
ဒီအချိန်မှာ မေးစရာ ဖြစ်လာတာက သံဃာတော်တွေက ပြောဆိုဆုံးမတာတွေကို ဒကာ၊
ဒကာမတွေက မလိုက်နာဘူးဆိုရင် ဘယ်လိုတရားကို ဆက်လက်ကျင့်သုံးရမယ်
ဆိုတာပါဘဲ။ ဒကာ၊ ဒကာမလို့ ဆိုလိုက်တာနဲ့ ပြည်သူပြည်သား၊ မင်း၊ အစိုးရ၊
ရဲဘော်၊ စစ်သား စတဲ့ လူမျိုးစုံ ဗုဒ္ဓဘာသာဝင် အကုန်လုံး ပါဝင်
ပတ်သက်နေပါတယ်။
ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့  နှစ်ပေါင်း (၂၅၀၀) ခရီးအတောအတွင်းမှာ ဓမ္မဒူတ
ကျင့်သုံးနေတဲ့ သံဃာတော် တွေဟာ လူဆိုး၊ အကျင့်ဆိုး၊ မင်းဆိုး၊ မင်းညစ်၊
အာဏာရှင်ဆိုး တွေနဲ့လည်း တခါတရံမှာ ကြုံတွေ့ခဲ့ရပါတယ်။ ပိဋိကတ်တော် တွေရဲ
့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဒကာ၊ ဒကာမတွေ လေ့လာဖူး၊
ဖတ်ဖူးမယ်ဆိုရင် ဒါမှမဟုတ် ဆရာတော်၊ သံဃာတော်တွေဆီက
နားထောင်မှတ်သားဖူးမယ်ဆိုရင် သီဟိုဌ် (သီရိလကာင်္နိုင်ငံ) ဆိုတာကို သတိရ
ကြလိမ့်မယ်။ မင်းဆိုး မင်းညစ်တွေရှိခဲ့တဲ့ အချိန်က ရဟန္တာမထေရ်
မြတ်ကြီးတွေတောင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးတယ်။
ယခုလည်း မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် စနစ်ဆိုးကြောင့်
သံဃာတော်တွေ ခံစားနေကြရတဲ့ အချိန်မှာ မထေရ်မြတ်ကြီးတို့ကို သတိရမိပြီး
ရင်ထဲမှာ မျက်ရည်ဝဲမိတယ်။
ယခုအခါ လူအချင်းချင်း မမျှတမှုတွေ၊ အာဏာဆိုးနဲ့ ကျင့်သုံးနေတဲ့
အစိုးရအရာရှိတွေရဲ့  လုပ်ရပ်တွေကြောင့် ဆွမ်းဒကာ၊ ဒကာမ အပေါင်း
ခံစားနေရတဲ့ အခြေအနေတွေကို မြန်မာနိုင်ငံက သံဃာတော်တွေ မျက်မြင်
ကိုယ်တွေ့ ရင်ဆိုင်နေခဲ့ရတာဟာလည်း နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပါပြီ။
ဒကာ၊ ဒကာမတွေရဲ့ ဆီဦး ထောပတ် ဆွမ်းကို စားသုံးပြီး ဒကာ၊ ဒကာမတွေရဲ
့လောကီကောင်းကျိုး စီးပွားကို တိုးပွားစည်ပင် ၀ ပြောစေဖို့
လုပ်ဆောင်ပေးရတော့မဲ့ အချိန်ဟာ ကျရောက်လာခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း
လုပ်အားခ မမျှတတွေ၊ဆင်းရဲမွဲတေမှုတွေထဲက သံဃာတော်တွေရဲ့ နောင်ရေးကိုလည်းဘဲ
တွေ့မြင်လာခဲ့မိတယ်။ မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ် ဆိုတဲ့ သံဃာတွေ
ကျင့်သုံးရမဲ့ ၀တ္ထရားကိုလည်းဘဲ လက်တွေ့ကျင့်သုံးရမဲ့ အချိန်ကာလ ဆိုတာ
နားလည်ထားခဲ့မိကြတယ်။
မကောင်းတဲ့လူကို ကောင်းအောင် ဆုံးမပေးဖို့ ၀တ္တရားရှိတဲ့ သံဃာတော်တွေအနေနဲ
့ လမ်းညွှန်ပြသပေးရန် အချိန် ကျရောက်လာပါတယ်။ မထေရ်မြတ်တို့ အများစုရှိရာ
အထက်မြန်မာပြည် သံဃာတော်ထုက မတရားဖိနှိပ် ချုပ်ချယ် ဗိုလ်ကျစိုးမိုးခြင်း
ခံနေရတဲ့ ပြည်သူပြည်သား ဆွမ်းဒကာ၊ ဒကာမတွေအတွက် (ပတ္တနိက္ကုဇ္ဇန) ကံ
ဆောင်ပြီး မြို့ တွင်းမှာ လှည့်လည် မေတ္တာပို့ ဆုတောင်းကာ မကောင်းမှုတွေ
ရပ်တန့်စေဖို့ ဆောင်ရွက်တော် မူခဲ့ကြတယ်။ ဒီလို သံဃာ့ဝတ္တရားနဲ့ အညီ
ကျင့်သုံးခဲ့ကြတဲ့ သံဃာတော်တွေရဲ့  သပိတ်မှောက် ကံဆောင်မှု ကို အာဏာရှင်
စစ်အစိုးရဟာ သံဃာတော်တို့ကို ရိုက်နှက်ပစ်ခတ်
ဖမ်းဆီးထောင်ချပြီးဖြိုခွင်းခဲ့ကြတယ်။ သံဃာတော်တွေဟာ ဆက်လက်မေတ္တာရှေ
့ထားပြီး စစ်အစိုးရကို လမ်းမှန်ပေါ် ရောက်အောင် ညွှန်ပြပေးဖို့
ကြိုးစားခဲ့ကြတယ်။ ဗုဒ္ဓဘာသာဝင် စစ်အစိုးရ ပီပီ တရားမျှတစွာ၊ ညီညွှတ်စွာ
နေထိုင်ဆောင်ရွက်အုပ်ချုပ်ဖို့ ဆန္ဒပြုခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေတွေက
“မင်း မကောင်းရင် တိုင်းပြည်ပြောင်း” ဆိုတဲ့ လောကနီတိ အဆိုထဲကလို ဖြစ်လာ
ခဲ့တယ်။
ဒီနေ့ ဒီခေတ် အချိန်မှာ တိုင်းပြည် တစ်ပြည်က တစ်ပြည်ကို ပြောင်းရွေ
့ဖို့ဆိုတာ မြန်မာနိုင်ငံက သံဃာတော် တွေအနေနဲ့ အလွန် အင်မတန်
ခက်ခဲလှပါတယ်။ ခေတ်ကာလက သံဃာတော်တွေအတွက် အခွင့်အရေး မပေးတော့ အခွင့်အရေး
ရအောင်သာ ကြိုးပမ်းအားထုတ်ဖို့ လိုအပ်လာပါတယ်။ ဒီတော့ “မင်း မကောင်း၊
ပြည် ပြောင်း” မဟုတ်တော့ဘဲ “မင်း မကောင်းရင်၊ မင်း ပြောင်း” ဆိုတဲ့
အခြေအနေကိုသာ မျှော်လင့်ရ ပါတော့တယ်။ သို့သော်လည်း
ငြိမ်းချမ်းမျှတမှုကိုမလိုလားတဲ့ နအဖ စစ်အစိုးရဟာ ဗုဒ္ဓဘာသာဝင်
ဆိုတာကိုတောင် မေ့လျော့ပြီး ဗုဒ္ဓတရားတော်အရ ကျင့်သုံးနေထိုင်ခဲ့တဲ့
သံဃာတော်တွေကို အစိတ်စိတ် အမွှာမွှာ၊ တကွဲတပြား ဖြစ်အောင် ကြံဆောင်
လုပ်ကိုင် လာကြတယ်။ မကြံအပ်၊ မစည်အပ်၊ မလုပ်အပ်၊ မလုပ်ထိုက် တာတွေကို
မကြောက်မရွံ့  လုပ်လာခဲ့ကြတယ်။ ယခုအချိန်ဆိုရင် မိဘ၊ ဆွေမျိုး၊ မောင်နှမ
တွေဟာ သူတို့ရဲ့  သားချင်းတွေ အပေါ်မှာတောင် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ
ဖြစ်မှာ စိုးရိမ်ကြတဲ့အတွက် ရဟန်းခံပေးဖို့ ရှင်ပြုပေးဖို့ တွေကိုပါ
ကြောက်ရွံ့ လာကြလို့ သာသနာတော်ဟာ ညှိုးမှိန်နေရပါတယ်။ သံဃာတော်တွေကို
ဒကာ၊ ဒကာမတွေက ဆွမ်းကပ်၊ ရေကပ် ကုသိုလ်ကောင်းမှု ပြုနေတာကိုတောင် အာဏာရှင်
စစ်အစိုးရဟာ အရေးယူ ပိတ်ပင် တားမြစ်မှုတွေ ပြုလုပ်လာတာကြောင့်
ဗုဒ္ဓဘာသာဆိုတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ အေးချမ်းခြင်းကို ဆောင်တဲ့
ဘာသာ တရားတော်ကို ပိတ်ပင်စော်ကား လာခဲ့ကြပြီ။ ဒီလိုနဲ့ ကမ္ဘာ့လူထု၊
မြန်မာ့လူထု၊ သတ္တ၀ါ အပေါင်းတို့ကို ငြိမ်းချမ်းမျှတစွာ နေထိုင်ဖို့
သယ်ပိုးဆောင်ရွက်လာတဲ့ ဗုဒ္ဓဘာသာ သံဃာထုတွေကို နအဖဟာ ပျောက်ပျက်
ဆုတ်ယုတ်သွားအောင် ကြိုးစားကြံဆောင် လာခဲ့ကြပြီ။
ဗုဒ္ဓဘာသာ တရားတော်ဆိုတာ ဘာလဲ။ “ကမ္ဘာ့ ငြိမ်းချမ်းရေးကို
အဓွန့်ရှည်ကြာအောင် တည်ဆောက်ပေး နေတဲ့ ဘာသာတရား” ဆိုတာ အားလုံးသော ကမ္ဘာသူ
ကမ္ဘာသားအပေါင်း နားလည်ကြလိမ့်မယ် ထင်ပါတယ်။ ဒီလို သတ္တ၀ါ အချင်းချင်း
ငြိမ်းချမ်းမျှတစွာ၊ ညီညွတ်စွာ နေထိုင်နိုင်ဖို့ သယ်ပိုးဆောင်ရွက်နေတဲ့
ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်ညှင်းဆဲ
ဖမ်းဆီးထောင်ချ နှိပ်စက်နေခြင်းတွေဟာ ကမ္ဘာကြီးရဲ့  ငြိမ်းချမ်းရေးကိုပါ
ထိခိုက်စေနိုင်ပါတယ်ဆိုတဲ့ အဆိုတစ်ရပ်ကို နိုင်ငံတကာ တရားရုံးကနေတဆင့်
နအဖ စစ်အစိုးရကို တရားစွဲဆိုခွင့် ရမယ်ဆိုရင် တရားခွင်ကို စစ်အစိုးရ
ခေါင်းဆောင်တွေ ငရဲပြည်အထိ တက်လိုက်စေချင်ပါတယ်။
ဘုရားရှင်ရဲ့  ငြိမ်းချမ်းတဲ့ တရားတော်ကို ပျောက်ပျက်ဖို့
ကြိုးစားအားထုတ်နေတဲ့ ကမ္ဘာကြီးရဲ့  ငြိမ်းချမ်းညီညွတ် ခြင်းကို
ဖြိုခွဲနေသော နအဖ စစ်အစိုးရကို ဘုရားရှင်ကိုယ်စား သံဃာထု
အဖွဲ့အစည်းကြီးမှ ဗုဒ္ဓဘာသာဝင် အဖြစ်က ကြဉ်ထုတ်လိုက်ပြီ ဖြစ်ပါကြောင်း
ရေးသားလိုက်ရပါတယ်။
ဆောင်းပါးရှင် - အရှင်ရေ၀တ (ရွှေဝါရောင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment