Tuesday, September 22, 2009

ထိုင်းစားသုံးဆီများ မြန်မာဘက်သို့ပြန်လည်တင်သွင်း

စားသုံးရန်အန္တရာယ်ရှိသည်ဟုဆိုကာ မြန်မာဘက်မှ ပိတ်ပင်ထားသည့် ထိုင်းစားသုံးဆီများကို ယခုလမှစတင်၍ ထိုင်းဆီကုန်သည်များက မြ၀တီဘက်ရှိ အာဏာပိုင်များနှင့် နားလည်မှုယူကာ နေ့စဉ်တရားမ၀င်တင်သွင်းလျက်ရှိသည်။

နေ့စဉ် (၁၆) ကီလိုဝင်ပုံးဝါ (၁) သောင်းခန့်နှင့် ပေပါဆီများ၊ သံပုံးဆီများကို မြန်မာဘက်သို့ နေ့စဉ်တရားမ၀င် တင်သွင်းနေရသည်ဟု ထိုင်းဆီကုန်သည်တဦးက ပြောသည်။

၎င်းက “အရင် (၂) လကစပြီး မြန်မာဘက်ကပိတ်တယ်။ အခုတော့ နားလည်မှုနဲ့ပြန်သွင်းနေပြီး ဗမာဘက်က ပိတ်တဲ့ဆီတွေကိုလည်း ပြန်သွင်းနေပြီ။ အဓိက ဗမာဘက်က၀ယ်တော့ ဒီဘက်ကရောင်းရတယ်။ ထိုင်းဆီက ဘာအန္တရာယ်မှမရှိလို့ သူတို့ပြန်ဝယ်တာပါ။ အခုပြန်သွင်းတဲ့ဆီတွေဟာ အားလုံး သူတို့ပိတ်ထားတဲ့ တံဆိပ်တွေပါ” ဟု ပြောသည်။

ထိုင်းစားသုံးဆီလုပ်ငန်းမှ မြန်မာစာရင်းကိုင်တဦးက “မြန်မာဘက်ကပိတ်တဲ့ဆီတွေကို သံပုံးနဲ့မပို့ဘဲ ခုနောက်ပိုင်း လီတာ (၂၀၀) ၀င်တဲ့ ပေပါပုံးတွေနဲ့ပို့တယ်။ တံဆိပ်က အဓိကမကျဘူး၊ ဆီသန့်ဖို့ပဲလိုတယ်။ အခု နေ့တိုင်းပို့နေရတယ်။ မြ၀တီဘက်ကိုဝင်တာ အရင်လိုပြန်ဖြစ်သွားပြီး တနေ့ကို ပုံး (၁) သောင်းအထက်မှာရှိတယ်” ဟု ပြောသည်။

ထိုင်းဆီများ ပုံမှန်ပြန်ဝင်သော်လည်း မြ၀တီမှရန်ကုန်သို့ ပေါ်ပေါ်ထင်ထင်သယ်၍ မရသေးဘဲ လုံခြုံစွာဖုံးဖိပြီး သည်ဆောင်ရကြောင်း မြန်မာဆီကုန်သည်တဦးက ပြောသည်။

“စားဆီကျတော့ ခိုးသယ်ရတယ်။ ၀စ်သောက်ကားကျတော့ ပေါ်တင်မောင်းသွားလို့ရတယ်။ အစိုးရက ထိုင်းဆီပြဿနာ သူတို့ကိုင်တွယ်ပုံ မှားတာကိုသိပေမယ့် အမှန်ကိုဝန်မခံဘူး။ တကယ်နစ်နာတာက စားသုံးသူနဲ့ကုန်သည်ပဲ” ဟု ပြောသည်။

မြန်မာအစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနက လွန်ခဲ့သည့်ဇူလိုင်လမှစတင်၍ ထိုင်းစားသုံးဆီ (၁၁) မျိုးကို စားသုံးရန်အတွက် အန္တရာယ်ရှိသည်ဟုဆိုကာ တင်သွင်းခွင့်ပိတ်ပင်ခဲ့ပြီး လိုက်လံဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် စားသုံးဆီများကို တလစာ ပြည်တွင်းစားသုံးမှု၏ (၄၀) ရာခိုင်နှုန်းဖြစ်သည့် တန်ချိန် (၂၀,၀၀၀) ကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းနေရသည်ဟု ကုန်သွယ်ရေးဌာနမှတ်တမ်းများအရ သိရသည်။

No comments:

Post a Comment