Monday, October 5, 2009

အဲန်ဂျီအို ဆိုတဲ့ အစိုးမရ


အဲန်ဂျီအို ဆိုတဲ့ အစိုးမရ

ဂါမဏိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

ဆောင်းပါး

ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသ နာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟော်တယ်ခန်းတွေ မအားတော့ သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါ တယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မ ဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့် စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင် ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီ အိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု လောင်းကစားမှု လက်နက်ခဲယမ်း မူးယစ် ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက်တယောက်သာ အောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအဲန်ဂျီအိုတွေ အနောက်တိုင်းသားတွေမှာ ဘာမှကြောက်စရာမရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ်အနောက်နိုင်ငံသားဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိ နေပါတယ်။ ဒုက္ခသည်တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့အတွက် ဒီအဲန်ဂျီအိုတွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။

ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့နေတဲ့ ဘန်ကောက်အခြေစိုက် အ နောက်တိုင်း အဲန်ဂျီအိုအဖွဲ့ကြီးတဖွဲ့က ဆေးခန်းရဲ့ ငွေကြေးသုံးစွဲပုံကို လာရောက်စစ်ဆေးရာမှာ ရုံးခန်းထဲထိုင် ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement) ၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန်အများကြီးယူ မေးမြန်းစစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲကိုတော့ ဒါလောက်အချိန်ယူ လှည့်လည်စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက် ရေးအတွက် လာစစ်ဆေးကြပ်မတ်တဲ့ အဲဒီအဲန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံးဟော်တယ်မှာ တည်းသွားခဲ့ပါတယ်။

အဲန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက်ရှာဖွေရေး ခရီးထွက်လာတဲ့အခါ (၂) ရက်လောက်ပဲ အ ချိန်ပေးပါတယ်။ သံရုံးတခုကဆိုရင် မယ်လဒုက္ခသည်စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင် ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။

အဲန်ဂျီအို စီမံခန့်ခွဲရေးအစီအစဉ်တွေဟာ စာရွက်ပေါ်ရေးထားတာကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့် ပကတိအနေအထားအောက် အများကြီးရောက်နေပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရမဟုတ်သော’ ဆိုတဲ့ အဓိပ္ပါယ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေတယ်လို့ မကျေနပ်တဲ့ အဲန် ဂျီအိုဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေ သတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်တဲ့ အဲန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ် ရင် အစိုးရတွေဆီက ရန်ပုံငွေမရဘဲ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အဲန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသ မဂ္ဂ (အီးယူ) နဲ့ ဘာသာရေးအသင်းကြီးတွေက အထောက်အပံ့ကို ဘိန်းစွဲသလို စွဲနေပြီဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ကူညီရေးလုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အ ကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်နေပါပြီ။

အဲန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ အကြံပေးပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ်အပြင် တိုင်ပင်ခ အဖြစ် တရက်ကို ဒေါ်လာ (၁၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အဲန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေ သခံ ဝန်ထမ်းတွေအကြား မနာလိုတာတွေ ခွက်စောင်းခုတ်တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ကူညီရေးအဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမလစာ တွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံအရာရှိတွေနဲ့ ရုံးချုပ်ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက် ဧည့်ခံစရိတ်တွေ၊ နေ့တွက်စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ကူညီရမယ်ဆိုတဲ့ လူထုတွေအတွက် ကူညီ ပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်းစာနာရေးသမားတွေကတော့ ဒေ သန္တရအခြေအနေနဲ့ ကိုက်ညီတဲ့ လစာနည်းနည်းလေးတွေနဲ့ အကျိုးဆောင်နေကြပါတယ်။

အဲန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ပဓာနအလုပ်ဖြစ်ရေးဝါဒက ဘေးဖယ်ထုတ် လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေးကပဲ လွှမ်းမိုးသွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေလုပ်တဲ့ အခါ ပေါ်လစီအပြောင်းအလဲတွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက်နား လည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လ စီတွေကို ‘ရာဘာတံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံဝန်ထမ်းတွေက သ မုတ်ကြပါတယ်။

မဲဆောက်မှာ အဲန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင် မှာ ပုလိပ်အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့်ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသား ဦးရေက တနှစ်ထက်တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး အပါအဝင် အဲန်ဂျီအိုတွေ က အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာအတော်နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်း လူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အဲန်ဂျီအိုတွေ၊ သတင်းထောက်တွေအနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှု ကျူးလွန်ခံရသူတွေအ တွက် သက်သာရာရသွားစေတာ တွေ့ရပါတယ်။

အဲန်ဂျီအိုသမားတွေရဲ့ လူမှုရေး စုဝေးပွဲတွေကို လူတန်းစားခွဲခြားထားပါတယ်။ စီနီယာအရာရှိကြီးတွေ၊ ဆရာ ဝန်တွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးတွေ၊ လစာကြီးကြီးရတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေက အတူတူတွဲကြ၊ သီးသန့်ပါ တီပွဲတွေ လုပ်ကြ၊ စားကြသောက်ကြ၊ နိုင်ငံခြားက သွင်းလာတဲ့ တန်ဖိုးကြီးအစားအစာတွေ မုန့်တွေ ဝိုင်တွေ စားသောက်ကြ၊ ရှေးဟောင်းပစ္စည်းတွေ လိုက်ဝယ်စုကြ လုပ်ပါတယ်။ ဒေသလစာပဲရတဲ့ စေတနာ့ဝန်ထမ်းသ မားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အလွတ်သတင်းထောက်တွေကတော့ သတ်သတ်တွဲကြ ပေါင်းသင်းကြပါ တယ်။ နယ်စပ်မှာ နှစ်ကြာနေပြီဖြစ်တဲ့ ‘ဝါရင့်နိုင်ငံခြားသား’ တွေကလည်း တသီးတခြားနေကြပါတယ်။ လူသစ် တွေနဲ့ပေါင်းလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။

အဲန်ဂျီအိုတွေဟာ နယ်စပ်မှာ အဓိကတာဝန်ရှိတဲ့ ကေအဲန်ယူလို အဖွဲ့အစည်းတွေကို အတင်းပလူးကြ ရော သောဖောသော လုပ်ကြပါတယ်။ တချို့က သူတို့လုပ်ချင်သလို ဖြစ်မလာတဲ့အခါမှာတော့ စိတ်ပျက်ပြီး ပြန် သွားကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းရဲ့သဘာဝ၊ လျှို့ဝှက်ရေးလိုအပ်ချက် စတာတွေကို သဘောမ ပေါက်တဲ့အခါ တချို့က ကေအဲန်ယူကို သွားပုပ်လေလွင့်ပြော အပုပ်ချ ကဲ့ရဲ့တာတွေ ဖြစ်လာသလို တချို့က လည်း ဘုရားလို တအားအထင်ကြီး ကြည်ညိုလာတာတွေလည်း ရှိပါတယ်။ ဒီဘက်က အဖွဲ့အစည်းတွေက ပုံ မှန်အတိုင်း ဆက်သွားနေပြီး အဲန်ဂျီအိုတွေက ပြောင်းလဲသွားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေ၊ မြင့်မြတ်တဲ့ တန်ဖိုးစံတွေနဲ့ ရောက်လာတဲ့ အဲန်ဂျီအိုတွေက ထိုင်းရဲနဲ့ ထိုင်းအစိုးရပိုင်း အကျင့်ပျက်မှုကို မျက်စိ မှိတ်နေတာ ဖြစ်လာသလို နယ်စပ်မှာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်ပြီး အကျင့်ပျက်ခြစားမှုအပေါင်း သရဖူ ဆောင်းတဲ့ အာဏာရှင်လက်အောက်က ဗမာပြည်ထဲ လုပ်ငန်းရွှေ့သွားတာတွေလည်း ရှိပါတယ်။

ကရင်တွေကြားမှာ အဲန်ဂျီအိုတွေရဲ့ အလေးပေး မ,စ ခံရဖို့ ကြည့်မကောင်းအောင် အပြိုင်အဆိုင်တွေ ဖြစ်လာ သလို တဖက်မှာလည်း အဲန်ဂျီအိုတွေက ကရင်တွေရဲ့ထောက်ခံမှု၊ ဂရုစိုက်မှုခံရဖို့ ရုပ်ပျက်ဆင်းပျက်နဲ့ အပြိုင် အဆိုင် ဖြစ်လာကြပါတယ်။ ဒီအခါမှာ ပစ်ပယ်ခံရသူတွေ ရှုံးနိမ့်သူတွေက တပ်ပေါင်းစုဖွဲ့ကြ၊ နဂိုမူလ ကျွမ်းကျင် ပညာစံနှုန်းတွေ လူသားဝါဒစံနှုန်းတွေ နေရာမှာ ပုဂ္ဂိုလ်ရေးပြဿနာတွေ ရှေ့တန်းတင်လာကြပါတယ်။ တော် လှန်ရေးအဖွဲ့အစည်းတွေ တော်လှန်ရေးခေါင်းဆောင်တွေ အကျင့်ပျက်ခြစားကြောင်း၊ ပျင်းရိထုံထိုင်းကြောင်း၊ ကိုယ်ကျိုးကြည့်ကြောင်း၊ သက်ဦးဆံပိုင် အာဏာရှင်တွေဖြစ်တဲ့အကြောင်း ပြောဆိုဝါဒဖြန့်ပြီး မိခင်နိုင်ငံတွေ ပြန်သွားကြပါတယ်။ ဘာမှ ပူညံပူညံမလုပ်ဘဲ နယ်စပ်ဒေသမှာ နှစ်ရှည်လများ စေတနာ့ဝန်ထမ်း အကျိုးပြုနေ တဲ့ အနောက်နိုင်ငံသား ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေကို နှာခေါင်းရှုံ့သွားကြပါတယ်။

နယ်စပ်က တိုင်းရင်းသားတွေ ရွှေ့ပြောင်းမြန်မာပြည်သားတွေကို ကိုယ်ကျိုးမငဲ့ဘဲ အလေးပေးဂရုစိုက်တဲ့ အဲန် ဂျီအိုနဲ့ အနောက်တိုင်းသား အများအပြားရှိသလို ရာထူးတက်လမ်းအတွက် သို့မဟုတ် ငွေရှာဖို့အတွက်ပဲ ရောက်လာသူတွေလည်း မနည်းပါဘူး။ အဲန်ဂျီအိုတွေအနေနဲ့ နယ်စပ်က လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဆေး မှူးတွေကို သင်တန်းတွေ ပေးတာကတော့ အင်မတန် အသုံးဝင်အကျိုးရှိတယ်လို့ အဲန်ဂျီအိုတွေနဲ့ တွဲလုပ်နေတဲ့ မြန်မာတယောက်က ပြောပါတယ်။ အဲဒါတွေကလွဲရင် ကျန်တာတွေကတော့ အာပလာပဲလို့ ဆိုပါတယ်။

အဲန်ဂျီအိုတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ ဘာလိုအပ်တယ်ဆိုတာလည်း မသိသလို အဲန်ဂျီအိုတွေရဲ့ လ စာတွေ၊ စားရိတ်တွေ၊ စီမံခန့်ခွဲရေး ကုန်ကျမှုတွေကိုလည်း ပွင့်လင်းမြင်သာအောင် ထုတ်ပြန်တာမရှိဘူးလို့ နယ်စပ်က တိုင်းရင်းသားတယောက်က ပြောပါတယ်။ ကားတွေ၊ အိမ်ကြီးအိမ်ကောင်းတွေ၊ အိမ်ဖော်တွေ၊ ကွန် ပျူတာတွေ၊ ဗွီဒီယိုကင်မရာတွေ၊ ညတိုင်း စားသောက်ဆိုင်ထွက်စားတာတွေဟာ နိုင်ငံခြားသားအားလုံးရဲ့ ဘ ဝလက္ခဏာလိုဖြစ်နေတယ်၊ ဒါဟာ တချိန်က ကိုလိုနီအရှင်သခင်တွေလိုပဲလို့ အဲဒီလူက စွပ်စွဲပါတယ်။ အဲသလို ဇိမ်ခံနိုင်စေတဲ့ ငွေတွေဟာ နယ်စပ်က တိုင်းရင်းသားတွေအတွက် လှူဒါန်းထားတဲ့ ငွေတွေဖြစ်တယ်လို့ ပြောပါ တယ်။ ဒေသခံတွေကို သင်တန်းပေးဖို့ အတိုင်ပင်ခံပညာရှင်တွေကို ကြေးကြီးပေးခေါ်ပြီး အဲဒီဆရာတွေ ပြန် သွားတဲ့အခါ ဒေသခံတွေအတွက် သုံးစွဲကုန်ကျခံဖို့ ငွေကတော့ ဘယ်တော့မှ လောက်လောက်ငင မရှိပါဘူး။

တချို့အဲန်ဂျီအိုတွေက နအဖလေသံအတိုင်း၊ ကေအဲန်ယူဟာ ဒုက္ခသည်တွေကို အသုံးချနေတယ်၊ ဒုက္ခသည် ဆန်တွေကို ကရင်စစ်သားတွေစားဖို့ ယူတယ်၊ အဲန်ဂျီအိုဆေးဝါးတွေကို ကရင်ဆေးမှူးတွေ ရှေ့တန်းထွက်တဲ့ အခါ ယူသုံးတယ်၊ ရှေ့တန်းက ပြန်နားရင် ဒုက္ခသည်စခန်းမှာ ပြန်အနားယူတယ်၊ မိဘမဲ့ ကရင်ကလေးငယ် တွေကို ကလေးစစ်သား လုပ်ခိုင်းတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ လူမျိုးကြီးဝါဒသမားရန်သူနဲ့ စစ်ခင်း နေရတဲ့ လူမျိုးတမျိုးမှာ ရွေးချယ်စရာ သိပ်မရှိတာကို မေ့နေကြပုံပေါက်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မြဟာ ကရင်လူထုအကျိုးကိုမကြည့်ဘဲ ဇွတ်အတင်း စစ်တိုက်ခိုင်းနေတယ်၊ ကရင်လူကြီးတွေ ဟာ တော်လှန်ရေးကိုအသုံးချပြီး ငွေရှာနေကြတယ်လို့လည်း အဲန်ဂျီအိုတွေက နောက်ကွယ်မှာ ပြောကြပါသေး တယ်။ တကယ်တော့ ဗိုလ်ချုပ်မြဟာ နိုင်ငံရေးပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်မယ့် အပစ်အခတ်ရပ်စဲ ရေးကို အင်မတန်လိုလားသူဖြစ်ပါတယ်။ ရှေ့ကသွားနှင့်တဲ့ အပစ်ရပ်အဖွဲ့တွေ ထွက်ပေါက်ပိတ်နေတဲ့ သင်ခန်း စာကို ယူထားသူဖြစ်ပါတယ်။ အဲန်ဂျီအိုတွေက အာဏာရှင်ဆန်တယ်လို့ ပြောခံရတဲ့ ဗိုလ်ချုပ်မြဟာ ကရင်မ ဟုတ်တဲ့ ဒီမိုကရေစီအင်အားစုတွေ ကျောင်းသားတွေ လွှတ်တော်အမတ်တွေ နိုင်ငံရေးသမားတွေကို ကရင်ဌာ နချုပ် မာနယ်ပလောမှာ လက်ခံနေရာချပေးခဲ့တာဖြစ်ပါတယ်။

“ဒီအဲန်ဂျီအိုတွေဟာ နိုင်ငံရေး နားမလည်ဘူး။ သူတို့ရာထူးတက်ဖို့ သူတို့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျုပ် ကို ဝေဖန်အပြစ်တင်နေတာဖြစ်တယ်။ ဒီလူတွေဟာ သူတို့အကျိုးဘဲ သူတို့ကြည့်တယ်။ ကျုပ်တို့တော်လှန်ရေး ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားဘူး။ … ကျုပ်တို့က ငြိမ်းချမ်းရေးကို ပစ်ပယ်ပြီး ဂုဏ်သိက္ခာကို ထိန်းနေတာမ ဟုတ်ဘူး။ တရားမျှတမှုမရှိတဲ့ ငြိမ်းချမ်းရေးဆိုတာ အလကားမို့လို့ သိက္ခာကျခံပြီး ငြိမ်းချမ်းရေးမလုပ်တာ” လို့ ဗိုလ်ချုပ်မြက ပြောခဲ့ဖူးပါတယ်။

အဲန်ဂျီအိုတွေဟာ ကရင်တွေကို ကူညီရာမှာလည်း ဓာတ်ပုံထဲမှာ မြင်မကောင်းမယ့်၊ ငွေရှာမရမယ့် လုပ်ငန်းမျိုး ကို မကူညီချင်သလို ကရင်တော်လှန်ရေးတပ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ကူညီဖို့ငြင်း ဆန်ကြပါတယ်။ ကရင်တပ်ဟာ ကရင်ပြည်သူတွေကို ကာကွယ်ဖို့ လက်နက်ကိုင်ထားရတာဖြစ်ပေမယ့် အဲန်ဂျီ အိုတွေက ကရင်တပ်နဲ့ ကရင်လူထုကို ခွဲထုတ်နေတာလည်း တွေ့ရပါတယ်။

ကရင်တွေနဲ့ နယ်စပ်ဒေသက တခြားအဖွဲ့အစည်းတွေက အဲန်ဂျီအို တဖွဲ့နဲ့တဖွဲ့ကြား ကစားကြသလို အဲန်ဂျီအို တချို့ကလည်း ဝန်ထမ်းအင်အား နည်းနည်းလေးပဲ စိုက်ထုတ်၊ ဗမာပြည်အရေးအတွက် ငွေနည်းနည်းပဲ အ ကုန်ခံပြီးနောက် နယ်စပ်ကရလာတဲ့ လူမှုရေး၊ ကျန်းမာရေး၊ အိဒ်စ်ရောဂါ၊ မြေမြုပ်မိုင်းစတဲ့ အချက်အလက် တွေကို သူတို့အစီရင်ခံစာတွေထဲထည့်ပြီး ကိုယ့်အတွက်ကိုယ် ငွေရှာကြတယ်လို့ နယ်စပ်ကူညီရေး အဲန်ဂျီအို တခုက ဝါ ရင့်ဝန်ထမ်း ကက်သလင်းက ပြောပါတယ်။ ကရင်စခန်းတခုခုကို အတင်းတောင်းလည်၊ အဝတ်အ စား လုံလုံလောက်လောက်မရှိလို့ ရှိတဲ့ အဖေ ဦးလေး အစ်ကို ယူနီဖောင်းအဟောင်း ကောက်ဝတ်ထားတဲ့ က လေးတယောက်ယောက်တွေ့ရင် ဓာတ်ပုံရိုက်သွားပြီး ကရင်ကလေး စစ်သားအကြောင်း ဇာတ်လမ်းလုပ် သ တင်းထုတ်တာတွေလည်းရှိပါတယ်။ တိုက်ပွဲအတုတပွဲ ဆင်ရိုက်ချင်လို့ ကျည်ဆံဖိုး ဝက်သွေး အမဲသွေးဖိုး ပေး မယ်၊ ဘတ် (၃၀၀၀၀) ပေးမယ်လို့ ကမ်းလှမ်းတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။

အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ထားတဲ့၊ မဲဆောက်မှာ အသစ်လာဖွင့်တဲ့ နိုင်ငံတကာကူညီရေး အဲန်ဂျီအို တခုဆိုရင် ဒါရိုက်တာကို ဧရာမ လစာပေး၊ ဝန်ထမ်းအသစ်တွေ တလှေကြီးခန့်၊ ရုံးကားတွေ အများကြီးဝယ်၊ အဲကွန်းရုံးခန်းတွေငှား လုပ်လိုက်တဲ့အခါ သူတို့တာဝန်အဖြစ် သတ်မှတ်ထားတဲ့ မိသားစုကျန်းမာရေးအစီအ စဉ်တွေလုပ်ဖို့ ပိုက်ဆံမကျန်တော့ပါဘူး။ ဒီလိုနဲ့ ကွန်ဒွမ်မပါရင် လိင်မဆက်ဆံဖို့ ဟောပြောတာပဲလုပ်နိုင်ပြီး ကွန်ဒွမ်တွေ၊ သန္ဓေတားဆေးတွေ တခုမှ အခမဲ့ မဝေနိုင်တော့ဘူးလို့ ကက်သလင်းက ပြောပါတယ်။

၂၀၀၀ ပြည့်နှစ်တုန်းက အရှေ့တိမောမှာလည်း ကုလသမဂ္ဂနဲ့ အဲန်ဂျီအိုတွေက ရန်ကုန် ကီလီဆိပ်ကမ်းက ဇိမ် ခံရေပေါ် ဟော်တယ်သင်္ဘောကြီးကို စင်းလုံးငှားပြီး တိမောပြန်လည်ထူထောင်ရေးလုပ်ခဲ့တာ တိမောပြည်သူ တွေ ရတဲ့ငွေထက် သင်္ဘောငှားခက ပိုကြီးတယ်လို့တောင် အသံထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂအတွက် အခန်းခ တညကို ဒေါ်လာ (၁၆၀) ပေးငှားထားတဲ့ ဒီသင်္ဘောမှာ တိမောလူမျိုး ဟော်တယ်အလုပ်သမားတွေက လုပ်ခ အဖြစ် တရက်ကို အများဆုံး (၃) ဒေါ်လာပဲ ရခဲ့ပါတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ လစာအပြင် တရက် ကို နေ့တွက်စရိတ် ဒေါ်လာ (၁၀၀) ကျော်လည်း ရခဲ့ကြပါတယ်။

ဆောင်းပါးရှင် အလန်ဒေါ်ဆင် က ၂၀၀၄ ခု ဒီဇင်ဘာ (၁၀) ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ နိုင်ငံတ ကာ အဲန်ဂျီအိုအဖွဲ့ချုပ်ကြီး IFNGO က ဗမာပြည်မှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အစည်းအဝေးတွေ ဝပ်ရှော့တွေ လုပ်ခဲ့ပုံကို ဖွင့်ချခဲ့ရာမှာ ‘သာယာလှပတဲ့’ ကြယ်ငါးပွင့်ဟော်တယ်တွေမှာ တည်း၊ ဝေဝေဝါးဝါး ဘဏ္ဍာရေးမှတ်တမ်းတွေ လုပ်ထားတာတွေကိုဖော်ထုတ်ခဲ့ပါတယ်။ အဲန်ဂျီအိုအများစုဟာ အစိုးရတွေရဲ့ လက် ခွဲလုပ်ငန်း outsourcing ဖြစ်နေပြီလို့လည်း သတ်မှတ်ခဲ့ပါတယ်။

အဲဒီ အဲန်ဂျီအိုတွေဟာ စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတာ၊ မူး ယစ်ဆေးဝါးဝင်ငွေအပေါ် ရပ်တည်မှီခိုနေတာတွေကို လျစ်လျူရှုထားတယ်လို့ ဒေါ်ဆင်က ရေးခဲ့ပါတယ်။ “အဲန် ဂျီအို ဧရာမအစုအဝေးကြီးတခုဟာ အာဆီယံနိုင်ငံတွေထဲမှာ မူးယစ်ဆေးဝါး အသောင်းကျန်းဆုံး၊ မူးယစ်ဆေး ဝါး အားအကိုးဆုံး တိုင်းပြည်ကိုသွားပြီး အဲဒီက ကြယ်ငါးပွင့်ဟော်တယ်မှာ မနက်စာဘူဖေး အဝစားစနစ်နဲ့ ဗိုက် ဝ ဇိမ်ကျနေခဲ့တယ်” လို့ ရေးခဲ့ပါတယ်။

ဒီအချက်အလက်တွေကို သြစတြေးလျနိုင်ငံသား အလွတ်သတင်းထောက် ဖီလ်သော်န်တန်က "ဂနာမငြိမ် သော ဝိညာဉ်များ” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ထုတ်ဖွင့်ချခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က သတင်းစာဆရာ ကြီး လူထုစိန်ဝင်းက မြန်မာလူငယ်တွေကို အဲန်ဂျီအိုလုပ်ငန်းနဲ့ ပတ်သက်ပြီး သတိပေးခဲ့တာကို မခံမရပ်နိုင်သူ တချို့က ဆတ်ဆတ်ခါ ပြန်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင်လုပ် ကိုင်ခဲ့သူ (ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးကလည်း မယ်တော်ဆေးခန်းမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးနေသူ) မျက်နှာဖြူသတင်းထောက်ကိုယ်တိုင်က အဲန်ဂျီအိုတွေအကြောင်း စာအုပ်ရေးထားတာကတော့ ဆရာလူထုစိန် ဝင်းကို ထောက်ခံနေပါတယ်။

အဲန်ဂျီအို ဆိုတာ ‘အစိုးရမဟုတ်သောအဖွဲ့အစည်း’ လို့ အဓိပ္ပာယ်ထွက်တာကို အများသိပြီးဖြစ်ပါတယ်။ ဒါပေ မယ့် ဒီကနေ့မှာ တချို့ကတော့ လုပ်ချင်သလိုလုပ်နေတဲ့ ‘အစိုးမရသော အဖွဲ့အစည်း’ ဖြစ်နေတာကို အထက် မှာ တင်ပြခဲ့တဲ့အတိုင်း တွေ့နေရပါတယ်။

ဂါမဏိ

ရည်ညွှန်း။ ။ သြစတြေးလျသတင်းထောက် Phil Thornton ၏ Restless Souls စာအုပ်။ (၂၀၀၆ ခုနှစ်က ထုတ် တဲ့ စာအုပ်ဖြစ်လို့ အခုအချိန်မှာ အခြေအနေ အချက်အလက်တချို့ ပြောင်းလဲကောင်း ပြောင်းလဲနေနိုင်ပါတယ်။)

အပြည့်အစုံသို့...


Posted by ဒေါက်တာလွဏ်းဆွေ ဘလောက်မှ ကူးပါသည်။

No comments:

Post a Comment