
မိုးမခတောထဲက သတင်းအပိုင်းအစများ
အဝေးကြည့်မှန်ပြောင်း
အောက်တိုဘာ ၄၊ ၂ဝဝ၉
ဂွဒ်ဘိုင်း ရဲချုပ်ခင်ရီ
မနေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ၄၅ နှစ်မြောက် မွေးနေ့ဗျာ။ နေပြည်တော်မှာ ဒီပွဲကို လုပ်တော့ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတက်တယ်၊ ပြီးတော့ အောက်က အရာရှိကြီးများလည်း တက်တယ်လို့ ဒီကနေ့ သတင်းစာများမှာ ဆိုထားပါတယ်။
ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊
ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ်ခင်မောင်စီ၊
ရဲရေးချုပ် ရဲမှူးချုပ် စိုးဝင်းမြင့်၊
ရဲထောက်ချုပ် ရဲမှူးချုပ်ဝင်းစိုး
ဟုတ်ကဲ့၊ မိဘပြည်သူများ စောင့်စားနေတဲ့ ရဲချုပ်ခင်ရီ မပါဘူးခင်ဗျ။ ဒီတော့ ဆရာခင်ရီ “အကိုင်ခံလိုက်ရပြီ” ဆိုတဲ့သတင်းက သေချာပြီပေါ့။
“ပြည်သူကို ဝန်မပိစေရေး၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးကို အထူးဂရုစိုက်” ဖို့ ဗိုလ်ချုပ်မောင်ဦးက မွေးနေ့ပွဲလာပရိသတ်ကို မှာကြားတယ်လို့ ဆိုပါတယ်။ သိပ်ကောင်းတာပေါ့ဗျာ။ လူတွေက ကူညီပါရစေ ဆိုတာကို ကြောက်နေကြတာ မဟုတ်လား။
ပုံရိပ်မှန်ဖို့ ပြောနေတဲ့ ဗိုလ်ချုပ်မောင်ဦး
ပြီးတော့ “နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိကြ” လို့လည်း မှာကြားပါတယ်။ ပြည်သူ ဆိုရင် လုံလောက်ပါပြီ။ နိုင်ငံတော် ဆိုတာက ခုခေတ်မှာ ဗိုလ်ချုပ်ကြီးတွေကို ရည်ရွယ်တာဆိုတော့ အဓိပ္ပာယ်က ၂ ခွတိတိ ထွက်နေပြန်ရော။
“သူတစ်ပါးကို အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေး တရားစွဲတင်ရသောဌာနဖြစ်၍ မိမိကိုယ်တိုင် ပုံရိပ်မှန်မှ တပ်ဖွဲ့၊ ဌာန ဂုဏ်တက်မှာဖြစ်ကြောင်း” လို့လည်း ပြောပါတယ်။ မခိုးနဲ့ ဓားပြမတိုက်နဲ့ပေါ့ဗျာ။ ကောင်းပါလေ့။ ဒါပေမယ့် သို့သော် - သတင်းထဲမှာ “အလှူရှင် ကုမ္ပဏီ ၄၇ ခုတို့မှ လှူဒါန်းသော အလှူငွေများကို လက်ခံ” လို့လည်း ဆိုထားပြန်တော့ တွေးစရာ ဖြစ်နေ ဒါမှမဟုတ် တွေးစရာကို မလိုတော့ဘူး ဖြစ်နေပြန်ပါရေား)
မြန်မာပြည်က စီးပွားရေးကုမ္ပဏီတွေက ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ ဆိုတဲ့ မူဝါဒကို ကိုင်ထားသလား၊ ဒါမှမဟုတ် အလှူအတန်း သိပ်ရက်ရောတာလား ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါဘူး။





No comments:
Post a Comment