Friday, January 8, 2010

သာသနာ.တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းမှု ယခင်နှစ်ထက် ထက်ဝက်လျှော့နည်း


ယခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခံရသည့် ဆရာတော်များ၏ ဘွဲ့စာရင်း ထုတ်ပြန်ရာတွင် ယခင်နှစ်များထက် ဘွဲ့တံဆိပ်တော် ရရှိတော်မူသည့် ဆရာတော်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၏ အရေအတွက် ယခင်နှစ်ထက် ထက်ဝက်လျှော့နည်းသွားသည်ဟု သိရသည်။
ယခင်နှစ် ၂၀၀၉ တွင် ဘွဲ့တံဆိပ်တော် ရရှိတော်မူသည့် ဆရာတော်သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၂၅၁ ပါး ရှိပြီး ယခုနှစ်တွင် ၁၂၀ ပါးသာ ရှိကြောင်း ထုတ်ပြန်သည့်စာရင်းဇယားအရ သိရသည်။

၂၀၁၀ ဇန်န၀ါရီလ (၄) ရက် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းလိုက်သည့် အမိန့်ကြေညာချက်စာအမှတ် ၁/၂၀၁၀ နှင့်အတူ ဆက်ကပ်လှူဒါန်းခံရသည့် ဆရာတော်များ၏ ဘွဲ့စာရင်းများကိုပူးတွဲ ထုတ်ပြန်ကြေညာခဲ့ပါသည်။

“ဟုတ်တယ် ဒီနှစ်ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်တဲ့စာရင်းမှာ ခါတိုင်းနှစ်တွေထက် လျှော့နည်းနေတာအမှန်ပဲ သာသနာရေးဝန်ကြီးဌာနက ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်ထားပြီး စိစစ်မှုတွေကိုလည်း သေသေချာချာဆောင်ရွက်ထားတဲ့အတွက်ပဲ အခုလို ဘွဲ့တော်ကို အလှူခံရရှိဖို့ နည်းသွားရတာပါ” ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် သံဃာတော်တပါးက မိန့်တော်မူပါသည်။

ရဟန်းသံဃာတော် အများဆုံး သီတင်းသုံး စာပေသင်ကြားနေသည့် မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ ပခုက္ကူ၊ မကွေးနှင့် ပဲခူးကဲ့သို့သော တိုင်းကြီး မြို့ကြီးများမှ ဆရာတော်များသာ အများဆုံး ဘွဲ့တံဆိပ်တော် အဆက်ကပ်ခံရသည်ကိုတွေ့ရှိခဲ့ပါသည်။

ဘွဲ့တံဆိပ်တော် အဆက်ကပ်ခံရသည့် အရေအတွက် လျော့နည်းခြင်းမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှုားမှုနှင့် ပတ်သက်ခြင်းကြောင့် ဖြစ်သည်ဟု ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်မှ ဆွမ်းဝေယျာဝစ္စအဖွဲ့ဝင် ဒါယကာတစ်ဦးက ၄င်း၏ ထင်မြင်ချက်ကို ပြောသည်။





“ဒါလည်း ဒီမြို့တွေထဲမှာ ရဟန်းသံဃာတွေ နည်းပါးလာတာက တစ်ကြောင်း၊ နောက်ပြီး၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာလှုပ်ရှုားမှုနှင့်ဆက်နွယ်ပတ်သက်နေတယ်လို့သံသယရှိနေသည့်ဆရာတော်သံဃာတော်တွေကိုလည်း ဘွဲ့တံဆိပ်ဆက်ကပ်ဖို့ဘွဲ့တံဆိပ် တော်စည်းမျဉ်းမူဘောင်နှင့် ညိစွန်းနေလို့ဆိုပြီး ချန်ထားတာလည်း ဖြစ်နိုင်တာပဲ။ နောက်ပြီး လက်ရှိသံဃာတော်တွေ လျော့နည်းလာတာလည်း ဖြစ်နိုင်တယ်။ ဒါကတော့ သာသနာတော် ညှိုးနွမ်းယုတ်လျော့လာတဲ့ လက္ခဏာပဲ” ဟု ဒါယကာက ပြောသည်။


သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်တော်များကို မြန်မာနိုင်ငံမင်းအဆက်ဆက် ကိုလိုနီခေတ်အစိုးရ၊ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလ ပထစအစိုးရတို့က ဘွဲ့တံဆိပ်တော်ကို လှူဒါန်းခဲ့ကြပါသည်။ ၁၉၈၀ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းပြပွားရေးနှင့် ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေးအစည်းအဝေး အထမြောက်အောင်မြင်သည့် အထိမ်းအမှတ်တွင် အစိုးရက ဘွဲ့တံဆိပ်တော်များကိုဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဂန္ထဓုရပရိယတ္တိဝန်ဆောင်ဆရာတော်များ၊ ၀ိပဿနာဓုရ ပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များကို ယခင်မဆလအစိုးရလက်ထက်အတိုင်းစစ်အစိုးရကဆက်လက်ဆက်ကပ်နေပါသည်။

No comments:

Post a Comment